CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၈

ပီအက်စ်ဂျီအသင်းဟာ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေပေမယ့် ကစားသမားကတော့ ပြင်သစ်ကလပ်ထံ ပြောင်းဖို့ စိတ်မဝင်စားဘူးလို့ နိုင်ငံတကာအားကစား သတင်း အများအပြားရဲ့ ဖော်ပြချက်အရသိရပါတယ်။

Daily Telegraph က ဟာရီကိန်းဟာ ပီအက်စ်ဂျီအသင်းထံ ပြောင်းဖို့ စိတ်မဝင်စားဘဲ စပါးအသင်းကနေ ထွက်ခွာ ခဲ့မယ်ဆိုရင် ဘိုင်ယန်မြူးနစ်အသင်းသာ သူ့အတွက်တစ်ခုတည်းသော ရွေးချယ်စရာအသင်းအဖြစ် ရှိနေတယ်လို့ ဖော်ပြခဲ့တာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ အခု နွေရာသီအပြောင်းအရွှေ့မှာ ဟာရီကိန်းကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ၂ ကြိမ်ပြုလုပ်ခဲ့တာကို စပါးအသင်းက ပယ်ချခဲ့တာဖြစ်ပါတယ်။

စပါးအသင်းကတော့ ဟာရီကိန်းကို အသင်းမှာ ဆက်နေနိုင်အောင် ဆွဲဆောင်ဖို့ ကြိုးစားနေပြီး တစ်ပတ်လုပ်ခ ပေါင် ၄၀၀,၀၀၀(လေးသိန်း) နဲ့ စာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းထားတာပါ။ စပါးအသင်းဉက္ကဋ္ဌ လီဗိုင်းဟာ စာချုပ် သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တဲ့ ဟာရီကိန်းအတွက် ပေါင်သန်း ၁၀၀ ကျော်ဈေးသတ်မှတ်ထားတာ ဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိအချိန်မှာ တိုက်စစ်မှူးသစ် ရှာဖွေနေပြီး ဟာရီကိန်းကို ခေါ်ယူနိုင်ဖို့ အပြင်းအထန်ကြိုးစားနေတာကြောင့် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးဟာ ပိုပြီးတိုးလာနိုင်ဖွယ်ရှိနေတာပါ။ ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ချင်တယ်လို့ သူတို့ကို ပြောထားပြီး ကစားသမားဘက်က စကားတည်ရင် စာချူပ်ချုပ်ဆိုသွားမယ်လို့ ဂျာမနီကလပ်ရဲ့ ဘုတ်အဖွဲ့ဝင် အူလီဟိုးနက်စ်က မကြာသေးခင်က ပြောထားတာဖြစ်ပါတယ်။ 
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်နည်းပြ တူချယ်လ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး ဂျာမနီကလပ်ထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ ဟာရီကိန်းဟာ လက်ရှိအချိန်မှာတော့ စပါးအသင်းနဲ့အတူ ရာသီကြိုခြေစမ်းပွဲယှဉ်ပြိုင်ဖို့ သြစတြေးလျကို ရောက်ရှိနေပြီး အသင်းနဲ့အတူ ရာသီသစ်အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။ 

ပီအက်စ်ဂျီအသင်းဟာ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့ အဆင်မပြေရင် ဂျူဗင်တပ်စ် အသင်း တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။ 

Source:Goal