CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၄
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက နိုင်ငံအသင်းလူစာရင်းကနေ ကစားသမားတွေ နုတ်ထွက်တဲ့အပေါ် စိတ်ပျက်နေပြီး ကလပ်အသင်းထက် နိုင်ငံအသင်းကို ဦးစားပေးသင့်တယ်လို့ ပြောခဲ့ပါတယ်။
ဟာရီကိန်းက “အင်္ဂလန်က ကလပ်အသင်းတွေရဲ့အရှေ့မှာရှိတာပါ။ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ဦး အတွက်ဆိုရင် အင်္ဂလန်က အရေးအကြီးဆုံးအရာပါ။ အခုက ရာသီရဲ့ခက်ခဲတဲ့ ကာလတစ်ခုလို့ ကျနော်ထင်ပေ မယ့် ဒါက အနည်းငယ်အခွင့်ကောင်းယူတာ ဖြစ်နိုင်ပါတယ်။ ရိုးရိုးသားသားပြောရရင် ဒီလိုမျိုးလုပ်တာကို ကျနော် တကယ်မကြိုက်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အင်္ဂလန်ကို ဦးစားပေးရမယ်လို့ထင်တယ်”လို့ ITV Sports ကို ပြောခဲ့ တာပါ။
အင်္ဂလန်အသင်းကို ယာယီနည်းပြ လီကာစလေနောက်ဆုံးကိုင်တွယ်မယ့် ပွဲတွေမတိုင်ခင်မှာ ကစားသမား ၉ ဦး ဟာ လူစာရင်းကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။
အဲဗာတန်အသင်းနောက်ခံလူ ဘရန်ဝိတ်ဟာ အင်္ဂလန်အသင်း လူစာရင်းကနေ နောက်ဆုံးနုတ်ထွက်ခဲ့တဲ့သူဖြစ်ပြီး သူမတိုင်ခင်က အာနိုးလ်၊ ပါလ်မာ၊ ဖိုဒန်၊ ဒီကလန်ရိုက်စ်၊ ဂရီလစ်ရှ်၊ဆာကာ၊ရမ်စဒေးလ်နဲ့ ကိုဝဲလ်တို့ နုတ်ထွက်ခဲ့တာပါ။
အဲဒါကြောင့် အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက နိုင်ငံအသင်းကနေ ကစားသမားအများအပြား ထွက်ခွာမှုအပေါ် စိတ်ပျက်နေတာဖြစ်ပါတယ်။
အင်္ဂလန်အသင်းယာယီနည်းပြ လီကာစလေကတော့ ကစားသမားအများအပြားနုတ်ထွက်ခဲ့တာက လူစာရင်းမှာ ကျန်ရှိနေတဲ့ ကစားသမားတွေအတွက် အခွင့်အရေးဖြစ်ပြီး နိုဝင်ဘာဟာ အမြဲတမ်းစိန်ခေါ်မှုရှိတဲ့ နိုင်ငံတကာ ရက်သတ္တပတ်ဖြစ်တယ်လို့ ပြောထားပါတယ်။
အင်္ဂလန်အသင်းအတွက် နေးရှင်းလိဂ်အုပ်စုနောက်ဆုံး ၂ ပွဲ စလုံး ဟာ အရေးပါတဲ့ပွဲတွေဖြစ်ပြီး နိုင်ပွဲရယူနိုင်မှသာ လိဂ် B ကနေ လိဂ် A ထံ တန်းတက်နိုင်မှာပါ။
အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ်အုပ်စုနောက်ဆုံးပွဲတွေအဖြစ် နိုဝင်ဘာ ၁၅ ရက်မှာ ဂရိ၊ ၁၇ ရက်မှာ အိုင်ယာလန် အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:BBC