CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၈

တိုက်စစ်မှူး နေမာဟာ အခု နွေရာသီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာချင်တယ်လို့ အသင်း အကြီးအကဲတွေကို ပြောခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပီအက်စ်ဂျီအသင်းမှာ တစ်နှစ်လုပ်ခပေါင် ၂၅ သန်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ နေမာဟာ အသင်းဟောင်း ဘာစီလိုနာအသင်းထံ ပြန်သွားဖို့ ဆုံးဖြတ်ထားတာပါ။ အသက် ၃၁ နှစ်အရွယ်ရှိ နေမာဟာ နည်းပြသစ် အင်းနရစ် ရဲ့ ဒီရာသီ ပီအက်စ်ဂျီအသင်းမှာ အဓိက ကစားသမားအဖြစ် အသုံးပြုခံရဖွယ်မရှိတာကြောင့် အသင်းဘက်က လည်း သူ့ကို ရောင်းချဖို့ လမ်းဖွင့်ထားတာဖြစ်ပါတယ်။ 

ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီဟာ နေမာ အသင်းကနေ ထွက်ခွာချင်နေတဲ့ ဆန္ဒကို သိရှိတယ်လို့ ပြင်သစ်သတင်းတွေမှာ ဖော်ပြထားပါတယ်။ ပီအက်စ်ဂျီအသင်းပရိသတ်တချို့ဟာ ပြီးခဲ့တဲ့မေလက နေမာရဲ့ ပဲရစ်အိမ်အပြင်ဘက်မှာ စုဝေးကာ ကစားသမားကို အသင်းကနေ ထွက်ခွာဖို့ ပြောခဲ့တာပါ။ နေမာဟာ ဒီလို အကြောင်းအရာတွေကြောင့် ပြင်သစ်ကလပ်မှာ မပျော်ရွှင်တော့ဘဲ အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 
ပီအက်စ်ဂျီအသင်းဟာ နေမာရဲ့ တောင်းဆိုမှုအပြင် ဘတ်ပီရဲ့ အခြေအနေကိုလည်း ကိုင်တွယ်ဖြေရှင်းရဖို့ ရှိနေ တာပါ။ နေမာဟာ အသင်းဟောင်း ဘာစီလိုနာအသင်းထံ ပြန်ချင်နေပေမယ့် စပိန်ကလပ်ကတော့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် သူ့ကို ခေါ်ယူနိုင်ဖွယ်မရှိပါဘူး။ ဘာစီလိုနာအသင်းနည်းပြ ဇာဗီကိုယ်တိုင်က အခု အပြောင်းအရွှေ့မှာ နေမာကို သူတို့ခေါ်ယူမှာမဟုတ်ဘူးလို့ အစောပိုင်းက ပြောထားတာပါ။ ဘရာဇီးလ် လက်ရွေးစင်ကစားသမားကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းက စိတ်ဝင်စားနေပါတယ်။

၂၀၁၇ ခုနှစ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ နဲ့ ဘာစီလိုနာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ နေမာဟာ ပီအက်စ်ဂျီအသင်းအတွက် ၁၇၃ ပွဲ ပါဝင်ကစားပြီး ၁၁၈ ဂိုးသွင်းယူကာ ပြင်သစ်လီဂူးဝမ်းဖလား ၅ ကြိမ် အပါအဝင် ပြည်တွင်းဖလားအများအပြားရယူနိုင်ခဲ့ပါတယ်။

Source:Skysports.com