CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၀

ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာဟောင်း လီယိုနာဒိုက ဘတ်ပီဟာ အသင်းကို အောင်မြင်မှုတွေရရှိအောင် ဦးဆောင်ပေးနိုင်တဲ့သူမဟုတ်တဲ့အတွက် အခု နွေရာသီအပြောင်းအရွှေ့မှာ ထွက်ခွင့်ပေးလိုက်ဖို့ အသင်းဟောင်းကို တိုက်တွန်းခဲ့ပါတယ်။

လီယိုနာဒိုက “ပီအက်စ်ဂျီအသင်းကောင်းဖို့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ဘတ်ပီအသင်းက ထွက်ခွာဖို့ အချိန် ရောက်လာပြီလို့ ထင်ပါတယ်။ ပီအက်စ်ဂျီက သူမရောက်ခင်ကရော၊ သူထွက်သွားပြီးချိန်မှာလည်း ရှိနေမှာပါ။ သူဒီမှာရှိနေတာ ၆ နှစ်ကြာရှိပြီဖြစ်ပြီး ဒီအချိန် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မတူညီတဲ့ အသင်း ၅ သင်းက ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒီအသင်းတွေမှာ ဘတ်ပီမပါဝင်ကြပါဘူး။ အဲဒါကြောင့် ဘတ်ပီမပါဝင်ဘဲ ကျနော်တို့ ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်နိုင်တယ်” လို့ L'Equipe ကို ပြောခဲ့တာပါ။

ဘတ်ပီဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးကြောင့် အသင်းနဲ့ ဆက်ဆံရေးတင်းမာနေပြီလည်း ဖြစ်ပါတယ်။ ပြင်သစ်အသင်းခေါင်းဆောင်က ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်မရတာက သူ့ကို မေးရမယ့် မေးခွန်းမဟုတ်ဘဲ အသင်းနဲ့ သက်ဆိုင်တဲ့သူတွေကိုသာ မေးရမယ်လို့ မကြာသေးခင်က ပြောခဲ့တာပါ။ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးမှာမဟုတ်ဘဲ စာချုပ်ကုန်ဆုံးမယ့် လာမယ့်ရာသီအကုန်မှာ ထွက်ခွာမယ် လို့ အတည်ပြုထားပါတယ်။

 

အဲဒါကြောင့် ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက ဘတ်ပီအနေနဲ့ အသင်းမှာဆက်ရှိဖို့အတွက် စာချုပ်သစ် ချုပ်ဖို့လိုပြီး ဒီလိုမှမဟုတ်ရင် အခုနွေရာသီအပြောင်းအရွှေ့မှာ ရောင်းချဖို့ တံခါးဖွင့်ထားတယ်လို့ သတိပေးထား တာပါ။ ဒီအချိန်မှာ အားကစားဒါရိုက်တာဟောင်း လီယိုနာဒိုကပါ ဘတ်ပီကို ထွက်ခွင့်ပေးလိုက်ဖို့နဲ့ သူက ခေါင်းဆောင်ကောင်းမဟုတ်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

လီယိုနာဒိုက “ပြီးခဲ့တဲ့ ၂ နှစ်အတွင်း သူ့ရဲ့အပြုအမူကြောင့် ဘတ်ပီဟာ အသင်းကို အမှန်တကယ်ဦးဆောင်နိုင်တဲ့ ကစားသမားမဟုတ်သေးဘူးဆိုတာကို ပြသခဲ့ပါတယ်။ သူဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ဦး ဖြစ်ပေ မယ့် ခေါင်းဆောင်ကောင်းတစ်ဦးတော့ မဟုတ်ပါဘူး။ သူက ဂိုးသွင်းကောင်းပေမယ့် ဂိုးဖန်တီးရှင် မဟုတ်ပါဘူး။ သူ့ဝန်းကျင်မှာ အသင်းတည်ဆောက်ရတာ ခက်ခဲပါတယ်” လို့ ပြောခဲ့တာပါ။

ဘတ်ပီဟာ စာချုပ်ကုန်ဆုံးချိန်မှာ ပီအက်စ်ဂျီကနေ အလွတ်နဲ့ ထွက်ခွာဖို့ မျှော်လင့်ထားပေမယ့် ပြင်သစ်ကလပ် ကတော့ ဒီအခြေအနေကို သိရှိနေတာကြောင့် အခုအပြောင်းအရွှေ့မှာ ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သိရပါ တယ်။

Source:DailyMail