CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၀

ဘယ်လာရုစ်တင်းနစ်မယ် အဇာရန်ကာဟာ ယူကရိန်းတင်းနစ်မယ် ဆဗီတိုလီနာကို အရေးနိမ့်ခဲ့တဲ့ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုခံခဲ့ရတာ ဖြစ်ပါတယ်။

ဝင်ဘယ်လ်ဒန်အိုးပန်း စတုတ္တအဆင့်အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ဆဗီတိုလီနာက ၂-၆၊ ၆-၄၊ ၇-၆ နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့် ရောက်ရှိခဲ့တာပါ။ ဒီပွဲအပြီးမှာ အဇာရန်ကာဟာ ဆဗီတိုလီနာနဲ့ လက်ဆွဲ နှုတ်ဆက် ခဲ့ခြင်းမရှိဘဲ ထွက်ခွာသွားတာကြောင့် ပရိသတ်တွေက လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

ယူကရိန်းတင်းနစ်မယ် ဆဗီတိုလီနာဟာ နိုင်ငံအတွင်းမှာ စစ်ပွဲစတင်ဖြစ်ပွားပြီးကတည်းက ရုရှား၊ ဘယ်လာရုစ် အားကစားသမားတွေနဲ့ လက်ဆွဲနှုတ်ဆက်ခြင်းမရှိတော့ပါဘူး။ ဆဗီတိုလီနာဟာ ဒီအကြောင်းကို အကြိမ်ပေါင်း များစွာပြောခဲ့ပေမယ့် တင်းနစ်ကွင်းက ထွက်သွားတဲ့အချိန်မှာ ဘယ်လာရုစ်တင်းနစ်မယ် အဇာရန်ကာဟာ လှောင်ပြောင်မှုခံခဲ့ရတာဖြစ်ပါတယ်။

အဇာရန်ကာက “ကျမ ဘာလုပ်သင့်လဲ၊ ဆက်ရှိပြီး၊ စောင့်နေရမှာလား။ သူမက ရုရှား၊ ဘယ်လာရုစ်က လူတွေနဲ့ လက်ဆွဲမနှုတ်ဆက်ချင်ပါဘူး။ သူမရဲ့ ဆုံးဖြတ်ချက်ကို ကျမလေးစားရမှာပါ။ ဒီပွဲက အလွန်ကောင်းတဲ့ပွဲလို့ ကျမ ထင်ပါတယ်။ ဒါပေမယ့် လူတွေက လက်ဆွဲနှုတ်ဆက်တာနဲ့ လူအုပ်ကြီးကိုပဲ အာရုံစိုက်နေပြီး အရက်တွေမူးနေတဲ့ လူအုပ်ကြီးက အဆုံးမှာ အော်ဟစ်လှောင်ပြောင်နေမယ်ဆိုရင်တော့ ဒါက ရှက်ဖို့ကောင်းပါတယ်။ ဒါက တင်းနစ်ပွဲ ဖြစ်ပြီး ဘယ်သူမှဘဝကို ပြောင်းလဲမှာမဟုတ်ပါဘူး။ ကျမတို့က တင်းနစ်ကစားပြီး ကိုယ့်အလုပ်ကိုယ်လုပ်နေတာ” လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဆဗီတိုလီနာကတော့ ရုရှားတပ်တွေ ယူကရိန်းကနေ မထွက်ခွာမချင်းနဲ့ သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်မပေးမချင်း ရုရှား၊ ဘယ်လာရုစ်အားကစားသမားတွေနဲ့ လက်ဆွဲနှုတ်ဆက်မှာ မဟုတ်ဘူးလို့ ပြောထား ခဲ့တာပါ။ ဒါ့အပြင် သူမက ဒါကို ရှင်းရှင်းလင်းလင်းပြောထားတာဖြစ်ပြီး ဒီထက်ပိုပြီး မရှင်းလင်းနိုင်တော့ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

ဆဗီတိုလီနာဟာ ဝင်ဘယ်လ်ဒန်အိုးပန်းကွာတားဖိုင်နယ်အဆင့်မှာ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်နဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။

Source:BBC