CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၅

ယူကရိန်းကစားသမားတွေရဲ့ စိတ်ခံစားမှုကိုကိုယ်စားပြုတဲ့အပြင် ယူကရိန်းနိုင်ငံအတွက် လူသားချင်းဆိုင်ရာ အကူအညီတွေမြှင့်တင်ပေးနိုင်မယ့် ငြိမ်းချမ်းရေးသရုပ်ပြပွဲကနေ ဘယ်လာရုစ်တင်းနစ်မယ် အဇာရန်ကာက နုတ်ထွက် လိုက်ပါတယ်။

အမေရိကန်အိုးပန်းကို လာမယ့်တနင်္လာနေ့မှာ စတင်တော့မှာဖြစ်တာကြောင့် ဒီသရုပ်ပြပွဲကို ယူကရိန်း လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာ စတင်ကျင်းပခဲ့တာပါ။လူးဝစ်အမ်းစထရောင်းအားကစားကွင်းမှာ ကျင်းပမယ့် ဒီသရုပ်ပြပွဲမှာ အမျိုးသမီးကမ္ဘာ့နံပတ်(၁) ဆွာရာတက်ခ်၊ ရာဖေးလ်နာဒယ်လ်၊ မက်အင်ရိုးအပါအဝင် တင်းနစ်အကျော်အမော်အများအပြား ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ယူကရိန်းကစားသမားတွေကတော့ သူတို့ရဲ့လွတ်လပ်ရေးနေ့မှာ ကျင်းပတဲ့ဒီပွဲမှာ ဘယ်လာရုစ်ကစားသမား အဇာရန်ကာပါဝင်နေမှုကို သိရှိခြင်းလည်းမရှိသလို တိုင်ပင်ခြင်းလည်း မရှိတာကြောင့် စိတ်ပျက်နေတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ အထူးစစ်ဆင်ရေးလို့ခေါ်ဆိုတဲ့ ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ ရုရှားစစ်ပွဲမှာ ဘယ်လာရုစ်ကို အဓိကနေရာအဖြစ် အသုံးပြုနေတာဖြစ်ပါတယ်။

ဒီသရုပ်ပြပွဲကိုကျင်းပတဲ့ USTA က “ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဒီမှာပါဝင်သူတွေအားလုံးကို ထည့်သွင်းပြီး ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက် အဇာရန်ကာဟာ ငြိမ်းချမ်းရေးသရုပ်ပြပွဲအတွက် တင်းနစ်ကစားမယ့် ဒီပွဲမှာ ပါဝင်မှာမဟုတ်တော့ပါဘူး။ ရန်ကာဟာ အလွန်အားကောင်းတဲ့ ခေါင်းဆောင်ကောင်းဖြစ်ပြီး သူမရဲ့ ပါဝင်လိုတဲ့ ဆန္ဒကို အသိအမှတ်ပြုပါတယ်။ဒါပေမယ့် ယူကရိန်းကစားသမားတွေအပေါ် အာရုံခံစားမှုနဲ့ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဒါက ကျနော်တို့အတွက် မှန်ကန်တဲ့လုပ်ရပ်လို့ ယုံကြည်ပါတယ်” လို့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ငြိမ်းချမ်းရေးအတွက် တင်းနစ်ကစားတာကနေ လူသားချင်းစာနာထောက်ထားမှုအကူအညီ အမေရိကန်ဒေါ်လာ ၁ သန်းကျော်ရရှိထားပါတယ်။မကြာခင်မှာ ကျင်းပမယ့် အမေရိကန်အိုးပန်းပြိုင်ပွဲကနေလည်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၂ သန်းထပ်မံရရှိဖို့ မျှော်လင့်နေတာပါ။ရုရှားနဲ့ ဘယ်လာရုစ်ကစားသမားတွေကိုတော့ ပြီးခဲ့တဲ့ ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် အခုနှစ်ရာသီနောက်ဆုံး ဂရမ်းဆလမ်းပြိုင်ပွဲဖြစ်တဲ့ အမေရိကန်အိုးပန်းပြိုင်ပွဲမှာတော့ အဆိုပါ ၂ နိုင်ငံ စလုံးက ကစားသမားတွေ ယှဉ်ပြိုင်ခွင့်ရရှိထားပါတယ်။

Source:ChannelNewsAsia