CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၅

ဖရန့်ဖတ်အသင်းဂိုးသမား ကီဗင်ထရပ်က ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် ပယ်ချပြီး ဂျာမန် ကလပ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြောင်း အတည်ပြုလိုက်ပါတယ်။

ကီဗင်ထရပ်က “မကြာသေးခင် ရက်ပိုင်းအတွင်းက ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေ အများကြီး ရှိခဲ့ပါတယ်။ စာရေးသားပြီး ကမ်းလှမ်းခဲ့တယ်ဆိုတာ အမှန်ပါပဲ။ ယူနိုက်တက်လို အသင်းရဲ့ ကမ်းလှမ်း မှုနဲ့ ပတ်သက်ပြီး ကျနော်စဉ်းစားနေတာကို လူတိုင်းနားလည်မယ်လို့ မျှော်လင့်ပါတယ်။ ဖရန့်ဖတ်မှာ ဆက်နေဖို့ ဆုံးဖြတ်ပြီးကြောင်းကို ကလပ်အသင်း ၂ သင်းစလုံးရဲ့ တာဝန်ရှိသူတွေကို မနေ့က အသိပေးလိုက်ပါတယ်။ ဖရန့်ဖတ်နဲ့အတူ မမေ့နိုင်စရာ အတွေ့အကြုံတွေရှိခဲ့ပြီး ကျနော်တို့ အတူတူ သမိုင်းရေးထိုးခဲ့တာပါ”လို့ အင်စတာ ဂရမ်မှာ ရေးသားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီဂီယာရဲ့နေရာကို ခြိမ်းခြောက်နိုင်ဖို့နဲ့ ဂိုးသမား အရန်အသင့် ထားရှိဖို့အတွက် ဈေးကွက် ထဲမှာ ဂိုးသမားသစ် ရှာဖွေနေတာ ဖြစ်ပါတယ်။

ဂျာမန်ဂိုးသမား ကီဗင်ထရပ်ဟာ ယူနိုက်တက်အသင်းရဲ့ ထိပ်တန်း ပစ်မှတ်ဖြစ်ခဲ့ပေမယ့် ကစားသမားက ဖရန့်ဖတ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ ဂိုးသမား ဒိန်းဟန်ဒါဆန်ကို နော်တင်ဟမ် ဖောရတ်စ် အသင်းထံ အငှားချခဲ့ပြီး တွမ်ဟီတန်က ဒုတိယဂိုးသမားအဖြစ် ရှိနေခဲ့ပါတယ်။

ယူနိုက်တက်ဂိုးသမား ဒီဂီယာ (GETTY IMAGES)

ရာသီအစ ပွဲစဉ်တွေမှာ ဒီဂီယာရဲ့ စွမ်းဆောင်ရည်တွေဟာ ကျဆင်းခဲ့တာကြောင့် ယူနိုက်တက်အသင်းဟာ ဈေးကွက် မပိတ်ခင် ဂိုးသမားသစ် ခေါ်ယူနိုင်ဖို့ အမြန်ဆုံး စီစဉ်နေခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ကီဗင်ထရပ်ကို ခေါ်ယူဖို့ အဆင်မပြေတော့တာကြောင့် နယူးကာဆယ် ဂိုးသမား ဒူဘရာ့ဗ်ကာကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ဒူဘရာ့ဗ်ကာဟာ နစ်ပုတ်ခ် ရောက်လာပြီးနောက် နယူးကာဆယ်အသင်းရဲ့ ဒုတိယ ဦးစားပေး ဂိုးသမားအဖြစ်သာ သတ်မှတ်ခြင်း ခံထားရတာပါ။

ယူနိုက်တက်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ဟာ လက်ရှိအချိန်မှာ ဒူဘရာ့ဗ်ကာရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ ဘင်ဖီကာအသင်း ဂိုးသမား ဗလာချို ဒီမို့စ်ကို ခေါ်ယူဖို့လည်း ပစ်မှတ်ထားနေပေမယ့် ပေါ်တူဂီကလပ်က ရောင်းချဖို့ ဆန္ဒမရှိပါတယ်။

Source: Metro