CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၂၀

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အခုရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် နောက်ခံလူ ဖီးလ်ဂျုံးစ်လေ့ကျင့်ခန်းဆင်းတာကို မိနစ် ၂၀ ပဲမြင်တွေ့ဖူးတယ်လို့ ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ဖီးလ်ဂျုံးစ်ကို လေ့ကျင့်ရေးအစီအစဉ်မှာမိနစ် ၂၀ ပဲမြင်တွေ့ခဲ့ရပါတယ်။ဒါက အခုနှစ်ရာသီရဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်ပါ။သူ့မှာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘဝနဲ့ အောင်မြင်မှုတွေ ရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့သလို အင်္ဂလန်နဲ့ ကမ္ဘာ့ဖလား ၂ ကြိမ်ပါဝင် ကစားခွင့်ရခဲ့ပါတယ်။ယူနိုက်တက်နဲ့ ကြီးမားတဲ့ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပါတယ်” လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းမှာ နှစ်ပေါင်းများစွာကြာ ရှိခဲ့တဲ့ ဖီးလ်ဂျုံးစ်ဟာ အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် အခုရာသီ အကုန်မှာ ထွက်ခွာတော့မယ်လို့ မန်ချက်စတာကလပ်က အတည်ပြုခဲ့ပါတယ်။အဲဒါကြောင့် ဖီးလ်ဂျုံးစ်ဟာ ယူနိုက်တက်အသင်းမှာ ၁၂ နှစ်ကြာရှိခဲ့တာကို အခုနွေရာသီမှာ အဆုံးသတ်တော့မှာပါ။ အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်းဟာ ဒဏ်ရာတွေ ထပ်တလဲလဲကြုံတွေ့ခဲ့ရတာကြောင့် ပြီးခဲ့တဲ့ ၃ နှစ်ခွဲအတွင်းမှာ ယူနိုက်တက်အသင်းအတွက် ၅ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာတွေကြောင့် အခုနှစ်ရာသီမှာလည်း ယူနိုက်တက် လူစာရင်းထဲ ပါဝင်ခြင်းမရှိတဲ့ ဖီးလ်ဂျုံးစ် လေ့ကျင့်ခန်း ဆင်းတာကို မြင်တွေ့ဖူးလားလို့ မေးမြန်းခံရချိန်မှာ နည်းပြ အဲရစ်တန်ဟတ်က မိနစ် ၂၀ မြင်တွေ့ဖူးတယ်လို့ ဖြေခဲ့တာပါ။ဖီးလ်ဂျုံးစ်ဟာ ယူနိုက်တက်အသင်းက နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ ကာရာဘောင်း ဖလား ဗိုလ်လုပွဲမှာ ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

၂၀၁၁ က ဘလက်ဘန်းကနေ ရောက်ရှိလာခဲ့တဲ့ ဖီးလ်ဂျုံးစ်ဟာ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်လက်ထက်မှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား နောက်ဆုံးရယူနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ အစိတ်အပိုင်းအဖြစ် ရှိခဲ့တာပါ။အသက် ၃၁ နှစ်အရွယ်ရှိ ဖီးလ်ဂျုံးစ်ဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၂၂၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၆ ဂိုးသွင်းယူနိုင်ခဲ့ကာ မနှစ်ကရာသီ ယာယီနည်းပြ ရက်ဂ်နစ် လက်ထက်မှာ အသင်းအတွက် နောက်ဆုံးပွဲစဉ် အဖြစ် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

ဖီးလ်ဂျုံးစ်ဟာ အင်္ဂလန်လက်ရွေးစင်အတွက် ၂၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲက နောက်ဆုံး ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

Source:DailyMail