CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၂၀

အာဆင်နယ်အသင်းက နော်တင်ဟမ်ဖောရက်စ်ကို အရေးနိမ့်လို့ ချန်ပီယံဆုကို ရယူနိုင်တာထက် သူတို့ဘာသာ ချယ်လ်ဆီးကို အနိုင်ယူပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူချင်တယ်လို့ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ကျနော့်ရဲ့ စိတ်ထဲမှာတော့ ချန်ပီယံဖြစ်ဖို့အတွက် နိုင်ပွဲရယူရမယ်လို့ ခံစားမိပါတယ်။ ဒါကိုပဲ ကျနော်တို့ တွေးရမှာပါ။ နော်တင်ဟမ်ကို သွားပြီးထိန်းချုပ်လို့ မရပါဘူး။ ကျနော်တို့ ကိုယ့်အလုပ် ကိုယ်လုပ်ရမှာ ပါ။ ကျနော်တို့ အနိုင်ရတဲ့ပွဲတိုင်းက နောက်ပွဲကို အကူအညီ ဖြစ်ပါတယ်။ လိဂ်ဖလားကို တတ်နိုင်သမျှ အမြန်ဆုံး ရယူနိုင်တာက ကျနော်တို့ကို နောက်ထပ်ပွဲတွေ၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေမှာ ပိုမို ကောင်း မွန်တဲ့ အခြေအနေတွေနဲ့ ပြင်ဆင်နိုင်အောင် အကူအညီပေးပါတယ်”လို့ ပြောခဲ့ပါတယ်။

စနေနေ့ညမှာ ကစားမယ့် အာဆင်နယ်အသင်းသာ နော်တင်ဟမ်ဖောရက်စ်အသင်းကို အရေးနိမ့်ခဲ့ရင် မန်စီးတီး အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ပွဲမကစားခင်မှာတင် ပရီးမီးယားလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ရယူနိုင်တော့ မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဂွာဒီယိုလာကတော့ ဒီလိုမျိုး မလိုချင်ဘဲ မန်စီးတီးအသင်းက အနိုင်ယူပြီး အောင်ပွဲခံတာမျိုးပဲ လိုချင် တယ်လို့ ပြောပါတယ်။

စပိန်လူမျိုးနည်းပြဟာ ဒီရာသီ ဆုဖလား ၃ လုံး လမ်းကြောင်းထဲက ပထမဆုံး ဆုဖလားဖြစ်တဲ့ ပရီးမီးယားလိဂ် ဖလားကို ချယ်လ်ဆီးအသင်းနဲ့ပွဲမှာ ရယူနိုင်ဖို့ကို စိတ်ပိုင်းဖြတ်ထားတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးနဲ့ မန်စီးတီး အသင်း ယှဉ်ပြိုင်နေစဉ်

ဒါအပြင် ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ် ဖလားကို ရယူဖို့ ကြိုးစားတာကို ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲအတွက် ချန်ပီယံဆုရယူဖို့ ကြိုးစားတာနဲ့ နှိုင်းယှဉ်ခဲ့သေးတာပါ။

ဂွာဒီယိုလာက “တင်းနစ်ကစားသမားတွေက ဝင်ဘယ်လ်ဒန် ဆုဖလားကို ရယူဖို့ အခက်အခဲဆုံးလို့ ပြောကြပါ တယ်။ ဒါဟာ မရပ်မနား သွားနေရတာပါ။ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရမှာကို ကျေနပ်ပေမယ့် အခုက အခက်အခဲဆုံး အရာတွေ ရောက်လာမှာပါ။ တနင်္ဂနွေနေ့မှာတော့ အရေးအကြီးဆုံးပြိုင်ပွဲကို အနိုင်ရဖို့က ကျနော် တို့ လက်ထဲမှာ ရှိနေပါတယ်”လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ် ဖလားတို့ကို ရယူနိုင်ခဲ့မယ် ဆိုရင် မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်း နောက်ပိုင်း ဒီဆုဖလား ၃ လုံးစလုံး ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အင်္ဂလန် အသင်းတစ်သင်းအဖြစ် မှတ်တမ်းဝင်တော့မှာလည်း ဖြစ်ပါတယ်။

Source: Daily Mai