CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၅

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးအသင်း အနေနဲ့ အာဆင်နယ်ကို လိုက်မှီဖို့အတွက် ရုန်းကန်ရဖို့ ရှိပေမယ့် အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့ နည်းပြ ဂွာဒီယိုလာက ပြောပါတယ်။

ဂွာဒီယိုလာက “ကျနော်တို့ဟာ ကောင်းမွန်စွာ ကစားပြီး ပွဲတွေ အများအပြား အနိုင်ရခဲ့ရင် အမှတ်ကွာဟမှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အနေနဲ့ ဒီလိုပုံစံကို ဆက်ထိန်းပြီး ရမှတ် ၁၀၀ ထက်ပိုပြီး ရသွားမယ်ဆိုရင်တော့ ကျနော်တို့ သူတို့ကို လိုက်မှီနိုင်မှာ မဟုတ်ဘူး။ ကျနော်တို့ ဘက်ကလည်း ပြီးပြည့်စုံလု နီးပါးဖြစ်ဖို့ လိုအပ်ပြီး သူတို့ အမှတ်လျော့နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပြီးနောက် ဒုတိယနေရာက မန်စီးတီးအသင်းကို ၈ မှတ်အထိ ဖြတ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံး နေရာမှာ ဦးဆောင်နေတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာနဲ့ အာဆင်နယ်အသင်း နည်းပြ အာတီတာကိုတွေ့ရစဉ်

မန်စီးတီးအသင်း အနေနဲ့ ချယ်လ်ဆီးအသင်းနဲ့ ကစားမယ့်ပွဲမှာ အနိုင်ရခဲ့ရင်တော့ အမှတ်ကွာဟမှု ၅ မှတ်အထိ ပြန်လည် လျှော့ချနိုင်မှာပါ။

အာတီတာ ကိုင်တွယ်နေတဲ့ အာဆင်နယ်အသင်းဟာ ဒီရာသီမှာ အကောင်းဆုံးပုံစံကို ရရှိနေပြီး ၂၀၀၃-၀၄ နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည် ရယူနိုင်ဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ၁၇ ပွဲ ကစားအပြီးမှာ အမြင့်ဆုံးရနိုင်တဲ့ ရမှတ် ၅၁ မှတ်ထဲကနေ ၄၄ မှတ်အထိ ရယူထားနိုင်ခဲ့တာပါ။

ဂွာဒီယိုလာက “ ဒါက ပရီးမီးယားလိဂ် ပြိုင်ပွဲဖြစ်ပြီး ပွဲတိုင်းခက်ခဲပါတယ်။ ကျနော့်ဆီ ခန့်မှန်းမှုတွေ တောင်းရင် မသိဘူးလို့ပဲ ပြောရမှာပါ။ အဆုံးထိ ဘာဖြစ်မလဲဆိုတာ ကျနော်တို့ မြင်တွေ့ရပါလိမ့်မယ်။ ကမ္ဘာ့လည်းပြီးပြီ ဆို တော့ အများကြီး ဖြစ်လာနိုင်တာတွေ ရှိပါတယ်။ ရက်သတ္တပတ်ပေါင်းများစွာလည်း ကျန်ရှိနေလို့ ဖြစ်နိုင်တဲ့ အရာတွေ အများကြီးပါ။ အခုထိ ပထမအကျော့ မပြီးသေးပါဘူး။ ဘာတွေဖြစ်လာမလဲဆိုတာ မြင်တွေ့ရ ပါလိမ့် မယ်”လို့ ပြောခဲ့ပါတယ်။

Source: CNA