CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၇

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အာဆင်နယ်အသင်းကို ဂိုးပြတ်အနိုင်ရပြီးနောက် ပရီးမီးယားလိဂ် ဖလားက မိမိတို့လက်ထဲမှာလို့ ပြောလိုက်ပါတယ်။

ဂွာဒီယိုလာက “ဒါက အရေးကြီးတဲ့ ပွဲတစ်ပွဲဖြစ်ပြီး အဆုံးအဖြတ်မဟုတ်ပေမယ့် အရေးကြီးပါတယ်။ ကျနော်တို့ရဲ့ အာရုံစူးစိုက်မှုကို အဆုံးရှုံးမခံနိုင်ပါဘူး။အခု ကျနော်တို့ လက်ထဲမှာရှိနေပါပြီ။ ကျနော်တို့လုပ်ချင်တဲ့အရာကို လုပ်နိုင်မယ်ဆိုရင် နောက်လာမယ့် ၃ ပွဲက အဆုံးအဖြတ်ဖြစ်ပါလိမ့်မယ်။အမှန်တရားကတော့ ကျနော်တို့ဟာ အာဆင်နယ်ရဲ့ အနောက်မှာပဲ ရှိနေပါသေးတယ်။ဒါက လွယ်ကူမှာမဟုတ်ပေမယ့် တစ်ပွဲပြီးတစ်ပွဲ ဘာတွေ ဖြစ်မလဲဆိုတာ ကျနော်တို့ မြင်တွေ့ရမှာပါ။ ကျနော်တို့ လက်ထဲမှာရှိနေတာကို အသုံးပြုရမယ်” လို့ ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၃ အဖြစ်အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ဒီပွဲမှာ မန်စီးတီးအသင်းအတွက် ဂိုးတွေကို ဒီဘရိုင်းက ၂ ဂိုးနဲ့ ဟာလန်း၊ ဂျွန် စတုန်းစ်တို့က ၁ ဂိုးစီသွင်းယူခဲ့ကြတာပါ။ဒီပွဲမှာ ၁ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဟာလန်းဟာ ၃၈ ပွဲကစားရတဲ့ ပရီးမီးယား လိဂ်ရာသီမှာ သွင်းဂိုး ၃၃ ဂိုးနဲ့ ဆာလတ်ရဲ့ ၃၂ ဂိုးစံချိန်ကို ချိုးဖျက်ကာ စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၂ နေရာမှာ ဆက်လက်ရပ်တည်နေပေမယ့် ၂ ပွဲကစားဖို့ ကျန်ရှိနေသေးတာကြောင့် အဆင့် ၁ နေရာကို တက်လှမ်း နိုင်ဖို့ အခြေအနေကောင်းနေတာပါ။ အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ ၂၀၀၄ နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဆုဖလားကို ရယူနိုင်ဖို့ မျှော်လင့်ချက်အတွက် ကျန်ရှိနေတဲ့ ပွဲတွေအားလုံးကို အနိုင်ရအောင် ကစားသွားမယ်လို့ ပြောခဲ့ပါတယ်။

အာတီတာက “ကျနော်တို့ကစားဖို့ ၅ ပွဲကျန်ရှိနေသေးပြီး ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ နှစ်တွေကြာလာပြီးနောက် ဒီလိဂ်မှာ အများကြီးဖြစ်နိုင်သေးတယ်ဆိုတာကို ကျနော်မြင်တွေ့ခဲ့ရပါတယ်။ကျနော်တို့ အလွန်ထူးခြား ကောင်းမွန်တဲ့အသင်းကို ရှုံးသွားခဲ့တဲ့အပေါ် လက်ခံရမှာပါ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အာဆင်နယ်အသင်းကတော့ အိမ်ကွင်းမှာ ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:DailyMail