CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆

ဘောလုံးအားကစားနည်းကို အမေရိကန်နိုင်ငံမှာ လူကြိုက်များနေတဲ့အတွက် အနာဂတ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အဲဒီနိုင်ငံမှာ ကျင်းပနိုင်တယ်လို့ ယူအီးအက်ဖ်အေဥက္ကဋ္ဌ ဆက်ဖာရင်က ပြောခဲ့ပါတယ်။

ဆက်ဖာရင်က “ဒါက ဖြစ်နိုင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ စပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ် ဗိုလ်လုပွဲက အစ္စတန်ဘူလ်၊ ၂၀၂၄ မှာ လန်ဒန်၊ ၂၀၂၅ မြူးနစ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီ နောက်မှာ ဘာဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့။ ဒီရက်ပိုင်းတွေမှာ ဘောလုံးက အမေရိကန်နိုင်ငံမှာ အလွန် ရေပန်းစားနေပါတယ်။ ဥရောပရှိ ဘတ်စကတ်ဘော ချစ်တဲ့သူတွေဟာ NBA နောက်ကို လိုက်သလို၊ သူတို့တွေ ကလည်း ဥရောပဘောလုံး နောက်ကို လိုက်ကြပါလိမ့်မယ်။ အမေရိကန် ပရိသတ်တွေဟာ NBA ဗိုလ်လုပွဲတွေ ထက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပိုပြီးကြည့်တာက ကျနော့်ကို အံ့အားသင့်စေပါတယ်”လို့ ပြောခဲ့တာပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲကို စတင်ကျင်းပတဲ့ ၁၉၅၅ ခုနှစ်ကတည်းက ဥရောပတိုက်ရဲ့ အပြင်ဘက်မှ တစ်ကြိမ်မှာ ကျင်းပခဲ့ဖူးခြင်း မရှိပေမယ့် ဆက်ဖာရင်ကတော့ ဒီအစဉ်အလာကို ချိုးဖျက်ပြီး အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် စိတ်ကူးကို အကောင်အထည် ဖော်ချင်နေတာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို တွေ့ရစဉ်

ဒါပေမယ့် အမေရိကန်နဲ့ ဥရောပရဲ့ အချိန်ကွာခြားမှုကြောင့် ဒါက ပြဿနာတစ်ခု အနေနဲ့ ရှိနိုင်တယ်လို့လည်း ဆက်ဖာရင်က ပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မက္ကဆီကို၊ ကနေဒါတို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားဖို့ ရှိနေတာပါ။ ဥရောပထိပ်သီး အသင်းတွေဟာ ရာသီသစ် မစတင်ခင် အချိန်မှာ အမေရိကန်နိုင်ငံကို သွားရောက်ပြီး ခြေစမ်းပွဲ ကစားတာတွေ၊ လေ့ကျင့်တာတွေ ပြုလုပ်လေ့ ရှိတာကြောင့် အမေရိကန်နိုင်ငံဟာ နာမည်ကျော် ကစားသမားတွေနဲ့ မစိမ်းတာလည်း ဖြစ်ပါတယ်။

၂၀၁၆ ကတည်းက ယူအီးအက်ဖ်အေဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆက်ဖာရင်ဟာ နောက်ထပ် သက်တမ်းအတွက် ကန့်ကွက်သူမရှိ ရွေးချယ်ခံထားရလို့ ၂၀၂၇ အထိ ၄ နှစ် သက်တမ်း တာဝန်ထမ်းဆောင် ရဦးမှာ ဖြစ်ပါတယ်။

Source: CNA