CNI International News
ဘေရွတ်၊ ဇွန်လ ၁၂
လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့သည် အီရန်နိုင်ငံအတွက် အရေးပါသည့် အင်အားစုတစ်ခု အဖြစ် ဆက်ရှိနေဆဲဖြစ်ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
အီရန်သည် မည်သည့် သဘောတူညီချက်တွင်မဆို ဟစ်ဇ်ဘိုလာအဖွဲ့ ပါဝင်ခွင့် ရရှိစေလိုကြောင်း ပြောသည်။
အီရန်သည် အမေရိကန်နှင့် သဘောတူညီချက် မရယူမီ အပစ်အခတ်ရပ်စဲရေးကို လက်ဘနွန်နိုင်ငံတွင်ပါ အကျုံး ဝင် သက်ရောက်စေရန် ထပ်တလဲလဲ တောင်းဆိုခဲ့ကြောင်း အမေရိကန်နိုင်ငံ တောင်ဖလော်ရီဒါတက္ကသိုလ်မှ အရှေ့အလယ်ပိုင်းရေးရာ ကျွမ်းကျင်သူ အာမန် မာမွတ်ဒီယန် (Arman Mahmoudian) က ပြောကြားခဲ့သည်။

အီရန်အလံနဲ့ ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ရဲ့ ပုံကိုတွေ့ရစဉ်
“အီရန်ရဲ့ အမြင်ကကြည့်ရင် လက်ရှိအချိန်မှာ အဓိက ဦးစားပေး ဆောင်ရွက်နေတာကတော့ ဖြစ်လာနိုင်ခြေရှိတဲ့ နိုင်ငံရေး သဘောတူညီချက်တွေ ဒါမှမဟုတ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဟစ်ဇ်ဘိုလာအဖွဲ့ ပါဝင်ခွင့်ရရှိရေးကို သေချာစေဖို့ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
သို့သော် အီရန်အစိုးရအတွက် ဟစ်ဇ်ဘိုလာအဖွဲ့သည် အီရန်၏ အသုံးချခံ ပစ္စည်းတစ်ခု အဖြစ်သို့ ရောက်ရှိမသွား ရန် အလွန်အရေးကြီးသည်။
အဘယ်ကြောင့်ဆိုသော် အီရန်အတွက် ယခုကိစ္စသည် ၎င်းတို့၏ ဒေသတွင်း သြဇာအာဏာ တည်မြဲရေးနှင့် တိုက်ရိုက် သက်ဆိုင်နေသောကြောင့် ဖြစ်သည်ဟု မာမွတ်ဒီယန်က ဆိုသည်။
အကယ်၍ ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်လက် ခံစားနေရပြီး တစ်ချိန်တည်း မှာပင် အီရန်က ၎င်းတို့ကို စွန့်ပစ်ထားလိုက်ပြီဆိုသည့် အထင်အမြင်မျိုး ရှောက်ရှိသွားပါက ထိုအခြေအနေသည် အီရန်အတွက် ကြီးမားသော နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းက ထောက်ပြသည်။
ထို့အပြင် ယီမင်ရှိ ဟူရ်သီသူပုန်များ သို့မဟုတ် အီရတ်ရှိ ရှီးအိုက်ပြည်သူ့စစ်များကဲ့သို့ အီရန်နှင့် မဟာမိတ် ပြုထား သည့် ဒေသတွင်းရှိ အခြားသော အဖွဲ့အစည်းများ၏ ယုံကြည်မှုကိုပါ ပျက်ပြားသွားစေနိုင်သည်ဟု မာမွတ်ဒီယန်က ပြောသည်။

ဟစ်ဇ်ဘိုလာအဖွဲ့ကို တွေ့ရစဉ်
ဟစ်ဇ်ဘိုလာအဖွဲ့သည် ဆယ်စုနှစ် များစွာကြာအောင် အီရန်နိုင်ငံ၏ ဒေသတွင်း မဟာဗျူဟာတွင် အဓိကမဏ္ဍိုင် တစ်ခု ဖြစ်ခဲ့သည်။
အီရန်၏ ချဉ်းကပ်ပုံသည် ဟစ်ဇ်ဘိုလာအဖွဲ့ အပါအဝင် မဟာမိတ်အဖွဲ့များကို ရှေ့တန်းခံစစ်အဖြစ် မဟာဗျူဟာ ချမှတ်ပြီး ပုံဖော်ခဲ့ခြင်းဖြစ်သည်ဟု အီရန်အရေး ကျွမ်းကျင်သူ အာရတ်ရှ် အာဇီဇီ (Arash Azizi) က ပြောကြား ခဲ့သည်။
ထိုဗျူဟာအရ အီရန်သည် ဒေသတွင်း နိုင်ငံများရှိ မဟာမိတ် လက်နက်ကိုင်အဖွဲ့များကို ခံစစ်အဖြစ် အသုံးပြုပြီး ခြိမ်းခြောက်မှုများကို တားဆီးနှိမ်နင်းရန် ကြိုးပမ်းခြင်းဖြစ်သည်။
လက်ရှိ အီရန်ခေါင်းဆောင်ပိုင်း အသစ်သည် အမျိုးသားလုံခြုံရေး အကျိုးစီးပွားအပေါ်တွင် အခြေခံပြီး ဟစ်ဇ်ဘိုလာအဖွဲ့အပေါ် ပံ့ပိုးကူညီမှုများကို လျှော့ချရန် ကြိုးပမ်းလာသည်ဟု အာဇီဇီက ပြောကြားခဲ့သည်။
“ဒါပေမဲ့လည်း အစ္စရေးနဲ့ ပဋိပက္ခ ဖြစ်ပွားနေတဲ့ အီရန်နိုင်ငံ အနေနဲ့ သူ့ရဲ့ ဒေသတွင်း မဟာမိတ်တွေကို ဒီအတိုင်း လွယ်လွယ်နဲ့ စွန့်ပစ်လိုက်လို့ မရဘူးဆိုတဲ့ အချက်ကတော့ ရှိနေဆဲပါပဲ” ဟု ၎င်းက DW သတင်းဌာနကို ပြောကြား ခဲ့သည်။
Source: DW
