CNI International News

တိုကျို၊ ဇွန်လ ၁၂

စီးပွားရေးအင်အားနည်းပြီး ထိခိုက်လွယ်သည့် နိုင်ငံငယ်များသည် တရုတ်၊ အမေရိကန်နှင့် ဂျပန်ကဲ့သို့သော ဖွံ့ဖြိုးပြီးနိုင်ငံကြီးများကို အားကိုးတကြီး မျှော်ကြည့်လိုကြကြောင်း အရှေ့တီမောနိုင်ငံသမ္မတ ဟိုဆေး ရာမို့စ် ဟော်တာ (Jose Ramos-Horta) က ပြောကြားခဲ့သည်ဟု Nikkei Asia မှဖော်ပြခဲ့သည်။

အင်အားကြီးနိုင်ငံများ အနေဖြင့် ကမ္ဘာကြီး တည်ငြိမ်မှုရှိစေရန် ပံ့ပိုးပေးနိုင်သည့် ပညာရှိပြီး အမြော်အမြင်ရှိသော ခေါင်းဆောင်များ ဖြစ်သင့်ကြောင်းလည်း ရာမို့စ်ဟော်တာက အလေးအနက် တိုက်တွန်းခဲ့သည်။

“ကျနော်တို့နိုင်ငံလို အင်အားနည်းတဲ့ နိုင်ငံတွေဟာ အင်အားကြီး နိုင်ငံတွေကြားက ပြိုင်ဆိုင်မှုတွေအပေါ် စိုးရိမ် ပူပန်မှုတွေ ရှိနေကြပါတယ်” ဟု ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသည့် Nikkei ၏ Future of Asia ညီလာခံ၌ ရာမို့စ်ဟော်တာက ပြောကြားခဲ့သည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံများအနေဖြင့် ပထဝီနိုင်ငံရေး တင်းမာမှုများကို လျှော့ချရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု များဖြစ်သည့် ရာသီဥတု ပြောင်းလဲမှုနှင့် စီးပွားရေး မညီမျှမှုများကို ဖြေရှင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။

အရှေ့တီမောနိုင်ငံသည် ၁၉၉၉ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံထံမှ လွတ်လပ်ရေး ရယူရန် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ၂၀၀၂ ခုနှစ်တွင် တရားဝင် လွတ်လပ်သောနိုင်ငံ ဖြစ်လာခဲ့သည်။

တရုတ်၊ အမေရိကန်နဲ့ ရုရှား ခေါင်းဆောင်များကို တွေ့ရစဉ်

ထို့ပြင် ပြီးခဲ့သည့်နှစ်က အရှေ့တီမောသည် အာဆီယံ၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ဒေသတွင်း နိုင်ငံ များနှင့် စီးပွားရေး၊ သံတမန်ရေးရာ ဆက်ဆံရေးများကို တိုးမြှင့်လုပ်ဆောင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ဖြစ်သည့် သမ္မတ ရာမို့စ်ဟော်တာက ၎င်း၏ မိန့်ခွန်းတွင် စီးပွားရေး အင်အားနည်း သည့် နိုင်ငံများ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အင်အားကြီး နိုင်ငံများထံမှ အထောက်အပံ့နှင့် ရင်းနှီးမြှုပ်နှံ မှုများသည် မရှိမဖြစ်လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်း (BRI) အပါအဝင် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ကူညီမှုကို ချီးကျူးစကားဆိုခဲ့ပြီး အမေရိကန် အနေဖြင့်လည်း အာရှ-ပစိဖိတ်ဒေသ၌ စီးပွားရေးအရ ပိုမိုတက်ကြွစွာ ရင်းနှီး မြှုပ်နှံရန် တိုက်တွန်းခဲ့သည်။

အရှေ့တီမောနိုင်ငံ အနေဖြင့် မည်သည့် အုပ်စုဘက်မှ ဘက်မလိုက်ဘဲ နိုင်ငံအားလုံးနှင့် ချစ်ကြည်ပျူငှာစွာ ဆက်ဆံမည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေကြောင်းကိုလည်း ၎င်းက ထပ်လောင်း အတည်ပြုခဲ့သည်။

အဆုံးသတ် အနေဖြင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ အားပြိုင်မှုများသည် ဖွံ့ဖြိုးဆဲ နိုင်ငံငယ်များ၏ ရေရှည်တည်ငြိမ်မှုကို မထိခိုက်စေရန် အထူးသတိပြုကြစေလို ကြောင်း ရာမို့စ်ဟော်တာက သတိပေး ပြောကြားခဲ့သည်။

Source: Nikkei Asia