CNI News

၂၀၂၆ ခုနှစ်၊ ဇွန် ၁၁

လက်ရှိတွင် မြန်မာ့တပ်မတော်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အိန္ဒိယနှင့်မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း တစ်ခုဖြစ်သည့် တမူး-ကလေး ကုန်သွယ်ရေးလမ်းကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ထိုးစစ်ဆင်လျက်ကြောင်း ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံ၍ နယ်စပ်ကုန်သွယ်ရေး ပြန်လည် ဖွင့်လှစ်ရန် အပါအဝင် အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံ မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းမကြီး စီမံကိန်း အကောင်အထည်ဖော် ရေး ဆွေးနွေးသဘောတူညီခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်က အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့နှင့် ကုန်သွယ်ရေး ထွက်ပေါက်ဖြစ်သည့် တမူး-ကလေး ကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင် ကြိုးပမ်းလာခဲ့သည်။

ကလေး-တမူး လမ်းကြောင်းပေါ်က PDF နေရာကို တပ်မတော်က ထိန်းချုပ်လိုက်စဉ်

တမူး-ကလေး လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ပါက ကုန်စည်စီးဆင်းမှု အတွက်သာမက စစ်ရေးအတွက် လည်း အကျိုးရှိမည်ဖြစ်ကြောင်း၊ ထိုလမ်းကြောင်းမှတဆင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း တိုင်းလိုင် (ရှမ်းနီ) တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်း‌ဋ္ဌေးအောင်က CNI သတင်း ဌာနသို့ ပြောသည်။

၎င်းက “သမ္မတကြီးရဲ့ အိန္ဒိယခရီးစဉ်မှာ အဲဒီကုန်သွယ်ရေးလမ်း ဖွင့်ဖို့ကိစ္စတွေပါ ပါလာတဲ့ အခါကျတော့ မြန်မာ့ တပ်မတော် အတွက်သာမက မြန်မာနိုင်ငံအတွက် ပိုပြီးမှ အရေးပါပါတယ်။ ဒါက အာရှပိုးလမ်းမကြီးလို့လည်း ခေါ်လို့ရသလို အိန္ဒိယ - မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး လမ်းမကြီးလည်း ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ အစိုးရအတွက်တော့ တော်တော်လေး အရေးပါတဲ့လမ်း ဖြစ်ပါတယ်။ အဓိက,ကတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ကုန်စည်စီးဆင်းမှု လမ်းကြောင်းတစ်ကြောင်း ပွင့်သွားတာပေါ့ဗျာ။ အိန္ဒိယကုန်တွေ ဒီဘက်ကို ဝင်မယ်၊ မြန်မာ ပြည်ကထွက်တဲ့ ပဲတို့ဘာတို့ အိန္ဒိယကို ပို့မယ်။ အဲဒီလမ်းကြောင်း တစ်ကြောင်းတော့ ပွင့်သွားတာပေါ့။ နောက် ပြီးတော့ စစ်ရေး အခြေအနေအရလည်း တပ်မတော်ဘက်ကတော့ သူ့ရဲ့အားသာချက်တော့ အများကြီးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ချင်းပြည်နယ်ကို တက်မယ့်လမ်းကြောင်း ပွင့်သွားမယ်။ နောက်ပြီးတော့ ချင်းပြည်နယ်က တစ်ဆင့် ရခိုင်ဘက်ကို ရခိုင်မြောက်ပိုင်းဘက်ကို ဆင်းနိုင်မယ့် လမ်းကြောင်း ပွင့်သွားနိုင်တာပေါ့၊ ဒီတစ်ကြောင်း တည်းနဲ့” ဟု ပြောသည်။

ကလေးနှင့် တမူးမြို့ကို ဆက်သွယ်ထားသည့် ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်နိုင်ရေးနှင့် နယ်စပ်ဂိတ် ပြန်လည် ဖွင့်နိုင်ရေး ကြိုးစား နေကြောင်း အိန္ဒိယမီဒီယာနှင့် အင်တာဗျူးတွင် သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ သည်။

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သည့် တမူး - မိုးရေး နယ်စပ် ကုန်သွယ်ရေးသည် ကိုဗစ်ကပ်ရောဂါနှင့် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲကြောင့် ပိတ်ထားခဲ့သည်မှာ ၆ နှစ်နီးပါး ရှိနေပြီဖြစ်သည်။ 

ကလေး-တမူး လမ်းကြောင်းပေါ်က PDF နေရာကို တပ်မတော်က ထိန်းချုပ်လိုက်စဉ်

ထို့နောက် ကလေး - တမူး လမ်းကြောင်းသည် အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံ မဟာဗျူဟာမြောက် ကုန်သွယ် ရေးလမ်းမကြီး၏ အစိတ်အပိုင်း တစ်ခုတွင် ပါဝင်ကြောင်း၊ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုးရေးမြို့မှ စတင်ကာ မြန်မာဘက်ခြမ်းမှ ကလေး၊ တမူး၊ ကလေးဝ၊ မုံရွာ၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ဘားအံ၊ ကော့ကရိတ်၊ မြဝတီမြို့ တို့ကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ဆက်သွယ်ထားသော ကုန်သွယ်ရေးလမ်းဖြစ်သည်။

လက်ရှိ တပ်မတော်မှ ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် ကလေး - တမူးလမ်းကြောင်းသည် မြန်မာ - အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည့်အတွက် ထိုလမ်းကြောင်း ပြန်လည်ဖြတ်သန်း၍ ရမည် ဆိုပါက ပြည်တွင်းကုန်စည်စီးဆင်းမှုအတွက် အကျိုးရှိမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုး က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အိန္ဒိယနဲ့ လမ်းပေါက်အောင် ပြန်ပြီးတော့ လုပ်တယ်လို့ ပြောလို့ရတာပေါ့။ ဘာပဲပြောပြောဗျာ အရေးပါ တာတော့ အရေးပါတာပဲ။ ဟိုဘက်အတွက်လည်း အရေးပါတယ်၊ ဒီဘက်အတွက်လည်း အရေးပါတယ်။ ဟိုဘက် က ပြည်နယ်ကလည်း လူဦးရေ ၄၅ သန်း ရှိတာပဲ။ နည်းတာမှ မဟုတ်တာ။ အဲဒီတော့ ဘာပဲပြောပြော အတိုင်း အတာ တစ်ရပ်တော့ အရေးပါပါတယ်။ ကျနော်တို့ ဒီဘက်မှာလည်း တရုတ်နယ်စပ်ဘက်မှာလည်း အပိတ်အဆို့ တွေ ရှိနေတဲ့ အခါကျတော့လေ ဒါကတော့ အရေးကြီးတယ်ပေါ့ နှစ်ဖက်စလုံး” ဟု ပြောသည်။

ကလေး - တမူး လမ်းကြောင်းကို မြန်မာ့တပ်မတော်က ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းသည် အိန္ဒိယ - မြန်မာ- ထိုင်း သုံးနိုင်ငံ မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းကြောင်းအတွက်သာမက စစ်ကိုင်းတိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေး အပါအဝင် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို ဝင်ရောက်ပြီး ထိုးစစ်ဆင်နိုင်ရန်အတွက် ဖြစ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

မြန်မာ့တပ်မတော်သည် တမူး-ကလေး လမ်းကြောင်းအား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်မှစတင်၍ ကလေးမြို့ဘက်မှလည်းကောင်း၊ တမူးမြို့ဘက်မှလည်းကောင်း စစ်ကြောင်း ၂ ကြောင်းခွဲ ကာ ထိုးစစ်ဆင်နေကြောင်း၊ ထို့နောက် တမူးမြို့ဘက်မှ စစ်ကြောင်းသည် ရန်လင်းဖိုင်ကျေးရွာအနီးသို့ လည်း ကောင်း၊ ကလေးမြို့ဘက်မှ စစ်ကြောင်းသည် ၅၅ မိုင် ကျေးရွာအနီသို့လည်းကောင်း ရောက်ရှိနေပြီးဖြစ်ကြောင်း နေပြည်တော်က ထုတ်ပြန်ခဲ့သည်။