CNI News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၆

ပြီးခဲ့သည့် ရက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်များသို့ စက်သုံးဆီ ဖြန့်ဖြူးမှုကို နစက-က ကန့်သတ် လိုက်သည့်အတွက် တမူးမြို့နယ်၌ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။

စက်သုံးဆီ လုံးဝ သယ်ယူရောင်းချခွင့် မပြုတော့သည့် စာရင်းများတွင် တမူးမြို့နှင့် ကလေးမြို့ ပါဝင်နေသည်။

လက်ရှိတွင် တမူးမြို့နယ်၌ စက်သုံးဆီကို ရေလမ်းကြောင်းမှ သယ်ဆောင်နေရခြင်းကြောင့် ပြတ်လပ်မှု မရှိသော်လည်း ဈေးနှုန်းကြီးမြင့်နေကြောင်း၊ ဈေးနှုန်းနည်းပါးသည့် အိန္ဒိယစက်သုံးဆီများ ဝင်ရောက်သော်လည်း အရည်အသွေးညံ့ကြောင်း တမူးမြို့ဒေသခံ ကိုရဲလင်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

စက်သုံးဆီ ရောင်းချရန် ပိတ်ထားစဉ်

၎င်းက “ဒီမှာတော့ ၃၂,၀၀၀ ပေါ့ စက်သုံးဆီကလေ။ ဈေးတက်ခဲ့တာ ၉၂၊ ၉၅ လည်း အဲဒီလောက်ပါပဲ ၃၀,၀၀၀ ကျော်ပါပဲ။ အခုကတော့ နည်းနည်းလေး ဈေးငြိမ်တယ်လို့ ပြောရမှာပဲ ရေကြောင်းနဲ့ နည်းနည်း ဝင်ခဲ့လို့လေ။ ပြီးခဲ့တဲ့ လတုန်းကတော့ ၄၀,၀၀၀ လောက်ရှိတယ်။ ရေကြောင်းကနေ လာတာပေါ့ အဓိကကတော့။ ကျနော်တို့ ကုန်လမ်းကတော့ တင်လို့မရသလိုပါပဲ။ ကလေးဝဘက်ကနေ တမူးကိုပေါ့၊ ကလေးဝ - ယုဝ၊ ယုဝကနေ မော်လိုက်- ကလေး၊ မော်လိုက်-ကလေး ကနေတဆင့် တဆင့်ချင်းပေါ့နော်၊ တဆင့်ချင်းကနေ ဟဲဆင်း ရောက်သွားတာပေါ့ လေ။ ဟဲဆင်းကနေ တမူးပေါ့ အဲဒီလိုမျိုးလေ။ အိန္ဒိယဆီက ဝင်တယ်။ အိန္ဒိယဆီကတော့ ဈေးချိုတယ် ဒါပေမယ့် ကျနော်တို့ မြန်မာဆီလောက်တော့ မကောင်းဘူးပေါ့။ ပြတ်လပ်မှုတော့ မရှိသေးဘူးပေါ့။ ဝယ်လို့ရတဲ့ အနေ အထားလေးတော့ ရှိပါသေးတယ် အခုလောလောဆယ်တော့။ ဒါပေမယ့် ဈေးကြီးတာပဲ တစ်ချက်ရှိတာပါ” ဟု ပြောသည်။

ထို့အပြင် မုံရွာမြို့တွင်လည်း စက်သုံးဆီဈေးနှုန်း မြင့်တက်နေကြောင်း၊ ယခင်က ၁ ဂါလံလျှင် ၂၀,၀၀၀ ကျော် ပေးရသည့် စက်သုံးဆီသည် လက်ရှိတွင် ၃၀,၀၀၀ ကျော် ရှိနေသည်ဟု သိရသည်။

စက်သုံးဆီ သယ်ယူခွင့် ကန့်သတ်မည်ဟု သတ်မှတ်လိုက်သည့် ရက်ပိုင်းတွင် အလုအယက် ဝယ်ယူမှုများ ဖြစ်ပေါ် ခဲ့ပြီး ဈေးနှုန်း မြင့်တက်သွားကြောင်း၊ လက်ရှိတွင် စက်သုံးဆီများ ဝင်ရောက်နေသည့်အတွက် ဈေးနှုန်းအနည်း ငယ် ပြန်လည်ကျဆင်းလာသည်။

စက်သုံးဆီ ဝယ်ယူရန် စောင့်ဆိုင်းနေကြသူများကို တွေ့ရစဉ်

နေ့စဉ် ကုန်စည်စီးဆင်းမှုတွင် အဓိက အရေးပါသည့် စက်သုံးဆီကို ကန့်သတ်လိုက်မည်ဆိုပါက ဒေသခံများ အတွက် အခက်အခဲများစွာ ဖြစ်ပေါ်သွားမည်ဟု မုံရွာမြို့ဒေသခံ ကိုထွေးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဈေးကတော့ နည်းနည်းလှုပ်ပြီး တက်သွားတယ်။ ဆီကတော့ ဝင်တာတော့ ဝင်ပါတယ်။ ဈေးကတော့ အဲဒီမတိုင်ခင်ကတော့ ၂၈,၀၀၀ ဝန်းကျင်လောက်၊ အခုကတော့ ၃၂,၀၀၀၊ ၃၄,၀၀၀ အဲဒီလိုမျိုးအထိ ဖြစ်သွားသေး တယ်။ တချို့ဆိုင်တွေကတော့ မတက်ဘူး။ အခုကတော့ ပုံမှန် နည်းနည်း ပြန်ငြိမ်သွားပါပြီ။ အဲဒီ ၁ ရက်၊ ၂ ရက် လောက်ပဲ နည်းနည်း လှုပ်လှုပ်ခက်ခက် ဖြစ်သွားတာ ဖြတ်တယ်ဆိုပြီး အသံကြားပြီးမှ။ အားလုံးက ခက်ခဲ ဒုက္ခ ရောက်ကြမှာပဲလေ။ ဆီကတော့ နေ့တိုင်း အခြေခံလို ဖြစ်နေတာဆိုတော့ ကုန်စည်စီးဆင်းမှုကအစ အားလုံး အတွက် အရမ်းကို တော်တော်လေးတော့ ခက်ခဲမှာပေါ့ ဆီပြတ်သွားရင် ကျနော်တို့က နယ်လည်းဖြစ်တဲ့ အတွက်ကို။ အရင်တခါလည်း ဖြစ်ပြီးပြီ မနှစ်ပိုင်းက” ဟု ပြောသည်။

ပြီးခဲ့သည့် မိုးရာသီတွင်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကလေးမြို့နှင့် တမူးမြို့တို့တွင် စက်သုံး ဆီ ပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ပြီး ၁ လီတာလျှင် ငွေကျပ် ၈၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းကြောင့် လက်ရှိ တွင်လည်း ယင်းကဲ့သို့ ကြုံတွေ့မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

စက်သုံးဆီ ခွဲတမ်း ကန့်သတ်လိုက်သည့် မြို့နယ်များမှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချို၊ မိုးမိတ်၊ လားရှိုး၊ မိုင်းရယ်၊ စစ်ကိုင်းဒေသကြီးတွင် မင်းလှ၊ အင်းတော်၊ ကျွန်းလှ၊ မော်လိုက်၊ ကသာ၊ မိုးမိတ်၊ ချောင်းဦး၊ တမူး၊ မြင်းမူ၊ ဖောင်းပြင်၊ ဘုတလင်၊ နဘား၊ ကန့်ဘလူ၊ မြောင်၊ ဒီပဲယင်း၊ ကောလင်းနှင့် ခင်ဦး၊ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ် နှင့် မြင်းခြံ၊ မကွေးတိုင်းတွင် ပေါက်မြို့နယ်တို့ ပါဝင်သည်ကို တွေ့ရသည်။