CNI News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၂

တိုက်ပွဲပြင်းထန်နေသည့် ရှမ်းပြည်နယ် မြောက်ပိုင်းကို ကုန်စည်စီးဆင်းမှုများ ဖြတ်တောက်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်းမှ မြောက်ပိုင်းသို့ သွားသည့် ကုန်စည်စီးဆင်းမှု လမ်းကြောင်းကို ပိတ်ထားပြီး ရှမ်းမြောက်သို့ သွားမည့် ခရီးသည်တင်ယာဉ်၊ ကုန်စည်တင်ဆောင်သည့် ယာဉ်များကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။

ထို့အပြင် နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဆန်၊ စက်သုံးဆီအပါအဝင် စားနပ်ရိက္ခာတင်ဆောင်သည့် ကုန်ကားများ ကိုလည်း ဖြတ်သန်းခွင့် တားမြစ်ထားသည်ဟု ဒေသခံများက ပြောသည်။

ရှမ်းမြောက်တွင် ကုန်စည်သယ်ဆောင်ခွင့်နှင့် ပတ်သက်၍ မကြာခဏ ပိတ်ပင်လေ့ရှိသည်ဟု ကျောက်မဲဒေသခံ ဦးတင်မောင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

“ဖွင့်လိုက်ပိတ်လိုက်ဆိုတာက အခု တမျိုးပြောမယ်၊ ခဏနေ တမျိုးပြောင်းမယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်နေတယ်ပေါ့။ အဲဒါကြောင့် ရေရှည်အတွက်က မျှော်မှန်းလို့ မရသလို လတ်တလောလည်းပဲ အခုက ရှမ်းမြောက်ဘက်ကို ဝင်တဲ့ ကုန်စည်တွေပေါ့နော် ဘာကုန်စည်ဖြစ်ဖြစ် ပိတ်မယ်၊ ခရီးသည်ကားဆိုရင် ကားပေါ်မှာ ခရီးသည်တွေက အိမ်စီးကားတွေက ၄ ယောက်ပါလာရင် ရေသန့် ၄ ဗူးပဲ။ တစ်ဆွဲတင်လာရင် ဆွဲချမယ်ပေါ့နော်။ ဓာတ်ဆီပုံးလည်း တင်မရဘူး။ ဘာမှ ပေးမတင်ဘူးဆိုတဲ့ဟာကို ကျနော်တို့ သိရတယ်။ ဂိတ်တွေကလည်း ကျနော်တို့ကို ပြောတယ်။ ဆိုတဲ့အခါကျတော့ သူက ဖြတ် ၄ ဖြတ် အကုန်ဖြတ်တာပေါ့နော်” ဟု ပြောသည်။

ကုန်ကားများကို တွေ့ရစဉ်

ယခုကဲ့သို့ ကုန်စည်စီးဆင်းမှုကို ပိတ်ပင်ခြင်းကြောင့် ပြည်သူလူထုက ကုန်ဈေးနှုန်း ကြီးမြင့်မှုကို အဆိုးရွားဆုံး ခံစားကြရမည် ဖြစ်သည်။

ကုန်စည်စီးဆင်းသည့်လမ်းကြောင်း ပိတ်ထားခြင်းကြောင့် ကုန်စည်များကို ရသည့်လမ်းကြောင်းများမှ တင်ဆောင်ကြရမည်ဖြစ်သည့်အတွက် မှောင်ခိုဈေးကွက် ဖြစ်ပေါ်လာမည် ဖြစ်သည်။

ထို့နောက် ရှမ်းမြောက်မှ ထွက်ရှိသည့် ဒေသထွက်ကုန်များသည် ရန်ကုန်၊ မန္တလေး စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ စီးဆင်းမှုသည်လည်း ရပ်ဆိုင်းသွားနိုင်သည့်အနေအထား ဖြစ်သွားနိုင်သည်။

ထို့ကြောင့် ရေရှည်တွင် ရှမ်းမြောက် ပြည်သူလူထုအတွက် ရင်လေးစရာ ဖြစ်နေသည်ဟု လူမှုကူညီရေး ဆောင်ရွက်နေသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“အခုကတော့ အဆင်းကို ရှမ်းမြောက်ဒေသ ထွက်ကုန်ရဲ့ ထွက်ကုန်တွေဖြစ်တဲ့ ပြောင်းတို့၊ လက်ဖက်တို့ကတော့ တော်လမ်းကနေပြီးတော့ ဆင်းနေတယ်အောက်ကို။ အတက်ကို ဘာမှ ပေးမတင်တော့ဘူး။ ရေသန့်တောင် ပိတ်ပါမယ်လို့ သူတို့လုပ်ထားတဲ့ကိစ္စဟာ မကြာခင် ကျနော်တို့ ဆင်းကုန်ဖြစ်တဲ့ ပြောင်းတို့၊ လက်ဖက်တို့လည်းပဲ မထွက်ရဘူးဆိုတဲ့ဟာ လုပ်လာနိုင်တယ်ပေါ့။ အဲဒီတော့ ကျနော်တို့နိုင်ငံထဲမှာပဲ ကျနော်တို့က အစိုးရမဲ့ နေတယ်။ ရှိတဲ့ အစိုးရလည်း ဘာတာဝန်မှ မခံဘူး။ တရားဥပဒေ စိုးမိုးမှု မရှိဘူး။ အဲဒီလို အနေအထားတွေ ဖြစ်နေတယ်။ အဲဒီတော့ ကျနော်တို့ ရှမ်းမြောက် ပြည်သူလူထုအတွက်ကတော့ ရှေ့လျောက်ကတော့ စဉ်းစားလို့မရဘူး၊ ရင်လေးစရာပါပဲ” ဟု ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများဖြစ်သည့် မိုးမိတ်၊ နောင်ချို၊ လားရှိုး၊ မိုင်းရယ် စသည့် မြို့နယ်များကို ကုန်စည် စီးဆင်းမှု အဓိက ဖြတ်တောက်ထားပြီး စက်သုံးဆီခွဲတမ်း ချထားပေးမှုများကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့မှ စတင်၍ ရပ်ဆိုင်းထားကြောင်းလည်း သိရသည်။