CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် ပို့ကုန်သွင်းကုန်များ ကန့်သတ်မှုများ ပြုလုပ်လာသည့် အတွက် ဗဟိုချုပ်ကိုင်မှုစနစ်ဖြစ်ပေါ်လာပြီး ဈေးကွက်စီးပွားရေးစနစ် အားနည်းလာကာ ဈေးကွက်စီးပွားရေးစနစ် ကို အကောင်အထည် မဖော်နိုင်ပါက ပြည်တွင်းစီးပွားရေးသည် မည်ကဲ့သို့ ဖြစ်လာမည်ကို စီးပွားရေးလုပ်ငန်းရှင် နှင့် စီးပွားရေးပညာရှင်များအကြား ဆွေးနွေးသုံးသပ်မှုများ ရှိနေသည်။

ဈေးကွက်စီးပွားရေးစနစ်ကို မသွားနိုင်ပါက တရားမဝင်လမ်းကြောင်းမှတဆင့် ကုန်စည်တင်သွင်းမှုများ ပြုလုပ် လာပြီး ပြည်တွင်းတွင် ကုန်ဈေးနှုန်းများ ပို၍ မြင့်မားလာမည်ဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်ရန်အတွက် တိုင်းပြည်၏ စီးပွားရေး တည်ငြိမ်မှသာ ဖြစ်နိုင်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

“ဈေးကွက်စီးပွားရေးစနစ်ဆိုတာက လွတ်လပ်သော ယှဉ်ပြိုင်ခြင်းနဲ့ ရောင်းဝယ်ခြင်းပေါ့နော်။ လွတ်လပ်သော ယှဉ်ပြိုင်ခြင်းနဲ့ ရောင်းဝယ်ခြင်းမှာ Criteria တွေ သိပ်မရှိဘူးပေါ့နော်။ လွတ်လပ်စွာ တင်သွင်းမယ်၊ လွတ်လပ်စွာ ရောင်းချမယ်။ ဒါပေမယ့် အဲဒီလိုဖြစ်ဖို့ကလည်း တိုင်းပြည်တစ်ခုလုံးရဲ့ စီးပွားရေးစနစ်ငြိမ်မှ ဈေးကွက်စီးပွားရေး စနစ်ဆိုတာ လုပ်လို့ရတာလေ။ တိုင်းပြည်စီးပွားရေးစနစ်က unstable ဖြစ်တယ်ဆိုရင်တော့ ဈေးကွက်စီးပွားရေး စနစ်က လုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာ ကြည့်လိုက်ရင်တော့ earning ရှားပါးတယ်ပေါ့နော်။ earning ရှားပါးတော့ သွင်းကုန်သွင်းဖို့ ခက်တယ်။ သွင်းကုန်ခက်တဲ့အခါကျတော့ ကုန်သည်တွေက ရတဲ့နည်းနဲ့ သွင်းမယ်။ တရားဝင် မရရင် တရားမဝင် သွင်းမယ်။ တရားမဝင် သွင်းတယ်ဆိုတာက မှောင်ခိုဈေးကွက်ပေါ့နော်။ မှောင်ခိုဈေးကွက်ဆိုတာ ဖြစ်ပေါ်လာတယ်။ လူတွေကလည်း တအားလိုချင်တယ်၊ ပစ္စည်းကလည်း တရားဝင် သွင်းဖို့ ခက်ခဲလာတယ်။  နိုင်ငံတော်မှာလည်း earning ဖြစ်တဲ့အခါကျတော့ သူကလည်း ခွင့်ပြုချက်နဲ့ အကန့် အသတ်နဲ့ ခွင့်ပြုရတဲ့အခါကျတော့ သွင်းကုန်ခက်လာတယ်။ ခက်လာတော့ ပြည်သူကလည်း လိုချင်တဲ့ အတိုင်း အတာ ရှိတယ်၊ ကုန်သည်ကလည်း ဒါသူ့အတွက်ပေါ့နော်။ တစ်ကျပ်တန်ကို သူငါးကျပ်ရအောင် ရောင်းမယ်၊ သူရတဲ့နည်းနဲ့ သွင်းမယ်ဆိုတဲ့ဟာတော့ စီးပွားရေးသမားတွေတော့ ဒါက လုပ်မှာပဲ။ အဲဒီတော့ ဈေးကွက် စီးပွားရေးစနစ်က ပျက်သုန်းလာတာပေါ့နော်။ ပျက်သုန်းလာပြီးတော့ ဒါကို ထိန်းချုပ်ဖို့အတွက် ဗဟိုချုပ်ကိုင်မှု စနစ်ကလည်း ပြန်လည်ပြီးတော့ အသက်ဝင်သလို ဖြစ်လာတာပေါ့နော်” ဟု ၎င်းက ပြောသည်။

ဆန်ဆိုင် တစ်ဆိုင်ကိုတွေ့ရစဉ်

အစိုးရမှ ပို့ကုန်တင်ပို့ခြင်းနှင့် သွင်းကုန်တင်သွင်းခြင်းတို့တွင် ကန့်သတ်မှုများ ပြုလုပ်ရာ၌ လိုင်စင်ချထားပေးမှု များ နည်းပါးခြင်းကြောင့် ပြည်ပမှတင်သွင်းနေရသည့် ကုန်စည်များ ရှားပါးလာပြီး ကုန်ဈေးနှုန်း ကြီးမြင့်မှုများ ဖြစ်ပေါ်လာကြောင်း သိရသည်။

အလားတူ ပို့ကုန်များ တင်ပို့ရာတွင်လည်း ပို့ကုန်ရငွေနှင့် ပတ်သက်၍ ထိန်းချုပ်မှုများ ရှိနေပြီး ကုန်သည်များ အတွက် အခက်တွေ့လာသည်ဟု သိရသည်။

သွင်းကုန်ကန့်သတ်ချက်များကြောင့် ဒေသတွင်း ကုန်စည်ရှားပါးမှုများ ဖြစ်ပေါ်လာပြီး ကုန်ဈေးနှုန်း ကြီးမြင့်မှုများ ဖြစ်ပေါ်လာနေသလို သွင်းကုန်များကို အခြေခံသည့် စိုက်ပျိုးရေး ထွက်ကုန်များလည်း ဈေးနှုန်းများ မြင့်တက်လာ သည်ကို တွေ့ရှိရသည်။

ထို့ကြောင့် ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်ရန် လိုအပ်လာကြောင်း၊ သို့သော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုကြောင့် စီးပွားရေး ကျဆင်းမှု ဖြစ်ပေါ်နေသည့်အတွက် ဈေးကွက်စီးပွားရေး စနစ် ကျင့်သုံးရန် မလွယ်ကူကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။

မြန်မာ့နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲမှသာ ဈေးကွက်စီးပွားရေးစနစ်ကို တည်ဆောက်၍ ရနိုင်သည်ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက CNI  သတင်းဌာနသို့ ပြောသည်။

၎င်းက “ကုန်သည်တွေ ဈေးကစားလို့ ဈေးတက်လို့ရှိရင် အဲဒီဈေးကစားတဲ့ ပစ္စည်းပဲ တက်ရမှာပေါ့။ အခုက အထွေထွေကုန်စည် အကုန်လုံးကို တက်နေတာ။ အဲဒီရှားပါးမှုရယ်၊ နောက် ရှားပါးမှုတွေဖြစ်တော့ အလုပ်တွေ မလုပ်နိုင်၊ ကုန်ပစ္စည်းတွေ မပို့နိုင်၊ မသွင်းနိုင်၊ အဲဒီမှာ အခွန်က မရ။ အစိုးရ ဘတ်ဂျက်က မရှိ။ ဘတ်ဂျက် မရှိ တော့ ငွေတွေရိုက်ထုတ်။ ငွေတွေရိုက်ထုတ်တော့ ပိုပြီးတော့ ဈေးတွေတက်။ အဲဒီလို လုံးချာလည် လိုက်နေတာ။ အခုက ဗဟိုချုပ်ကိုင်မှုစနစ်လို့လည်း ပြောလို့မရဘူး။ ဗဟိုချုပ်ကိုင်မှုစနစ်ဆိုရင် ဗဟိုက သူတို့လိုလားချက်အတိုင်း လုပ်နိုင်ရမယ်။ ဆိုရှယ်လစ်ခေတ်တုန်းကဆိုလို့ရှိရင် သူတို့ ဗဟိုချုပ်ကိုင်ထားတယ်။ ပြည်သူလူထုကို သမချန်နယ် ကနေပြီးတော့ ပြန်ပြီးတော့ ဝေပေးရတယ်လေ။ လောက်တာမလောက်တာ အသာထားပေါ့။ တစ်အိမ်ထောင်ကို ဘယ်လောက်ဆိုပြီးတော့ သပ်သပ်မတ်မတ် လုပ်ပေးနိုင်တယ်။ အခုက ဗဟိုက ချုပ်ကိုင်တဲ့သဘောမျိုး ဖြစ်နေတာ ပဲလေ။ ဒါပေမဲ့ လောက်လောက်လားလား သူတို့လိုလားချက်အတိုင်း လုပ်ပေးနိုင်လားဆိုတော့လည်း အဲဒီလို လည်း မလုပ်ပေးနိုင်ဘူး။ ဆိုတော့ ဈေးကွက်စီးပွားရေးစနစ် ဖြစ်ဖို့ကတော့ နိုင်ငံရေးပါ ပြောင်းမှရမယ်။ လက်ရှိ နိုင်ငံရေး အခင်းအကျင်းနဲ့တော့ ဘယ်လိုမှ လုပ်လို့မရဘူး။ အစိုးရက လုပ်ပေးလည်း အတိုက်အခံဘက်ကရော ဒီဟာကို လက်မခံဘူးပေါ့။ ဆိုတော့ နိုင်ငံရေးပြောင်းမှပဲ ဈေးကွက်စီးပွားရေးစနစ် တည်ဆောက်လို့ရမယ်”ဟု ပြောသည်။

ငါးဒိုင်တစ်ခုကိုတွေ့ရစဉ်

နိုင်ငံ၏ စီးပွားရေးမူဝါဒသည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်ပြီး နိုင်ငံတော်မှ စီးပွားရေးဆိုင်ရာမူဝါဒများကို ချမှတ် ဆောင်ရွက်ပေးခြင်းဖြစ်၍ ဗဟိုမှချုပ်ကိုင်သော စနစ်မဟုတ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားထားသည်။

သို့သော်လည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ထိန်းချုပ်သည့်အနေဖြင့် အစိုးရက ဗဟိုချုပ်ကိုင်မှုဖြင့် ကုန်စည်များကို ဈေးနှုန်းသတ်မှတ်မှုများ ပြုလုပ်လာခြင်းကြောင့် ဈေးကွက်အတွင်း ကုန်ဈေးနှုန်းများ ကျဆင်းလာသော်လည်း ကုန်စည်ရှားပါးမှုနှင့် ကြုံတွေ့နေရသည်ကို တွေ့ရှိရသည်။

လက်ရှိ နိုင်ငံတော်အာဏာကို ရယူထားသည့် နစကအစိုးရအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ ထားမှုများရှိနေ ခြင်းကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများသည် ဝင်ရောက်လာမည် မဟုတ်သည့်အတွက် ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံး၍ မရနိုင်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးမည်ဆိုပါက နိုင်ငံတော်အနေဖြင့် နိုင်ငံခြားအရန်ငွေ လုံလောက်စွာ ရှိမှသာ အဆင်ပြေနိုင်မည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများက ပြောသည်။