CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁

မြန်မာနိုင်ငံတွင် မအောင်မြင်ခဲ့သည့် သမဝါယမစနစ်ကို ယခုလက်ရှိအချိန်မှာ  ပြန်လည်အသက်သွင်း လုပ်ဆောင် မည်ဆိုပါက တစ်စုံတစ်ရာ ထူးခြားမှုမရှိဘဲ မအောင်မြင်သည့်အပြင် တစ်နိုင်ငံလုံး မှောင်ခိုဈေးကွက်ဖြစ်သွားနိုင်သည် ဟု စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် သမဝါယမ စနစ်သည် အသင့်လျော်ဆုံးဖြစ်သည်ကို တွေ့ရသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့သည်။

စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက “မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍက အခုဆို တော်တော်ကို ပျက်စီးနေပြီ။ သူတို့လုပ်တဲ့ပုံစံကလည်း ဘာမှ research နဲ့ ဘာနဲ့ သေသေချာချာ လုပ်တဲ့ဟာ မဟုတ်ဘူး။ စိတ်ထဲထင်ရာ ကောက်လုပ်တဲ့ပုံစံမျိုး။ ဆန်လိုဟာမျိုးပဲကြည့်။ ဆန်ကို သူဈေးနှုန်း သတ်မှတ်လိုက်တယ် ဒီ‌ဈေးဒီ‌ဈေးထက် ပိုမရောင်းရဘူး။ အခု ဗမာပြည်မှာထွက်တဲ့ ဆန်က supply ကို shortage ဖြစ်နေပြီ။ ကိုယ်တွေလိုချင်လို့ မှာလိုက် တယ်။ ဆန်တွေပြတ်နေပါတယ်။ အခု ဆန်တွေ မရောက်လို့ပါ လမ်းပန်းဆက်သွယ်ရေး ဘာညာကြောင့်ပါနဲ့။ အမှန်ဆို သူတို့ဆီမှာရှိတယ်။ ရောင်းမပေးချင်ဘူး။ ဒီဟာကြီးကို အကောင်အထည်ဖော်မယ်ဆိုရင် အခုလက်ရှိ အနေအထားအရကို မှောင်ခိုဈေးကွက်က တော်တော်လေး ကြီးနေပြီ။ သမဝါယမစနစ်သာ လုပ်လိုက်လို့ကတော့ တစ်နိုင်ငံလုံးက မှောင်ခိုဈေးကွက်ကြီး ဖြစ်သွားတော့မှာ” ဟု ပြောသည်။

သမဝါယမစနစ်ဖြင့် ဖွင့်လှစ်ထားသော ဈေးဆိုင်ကို တွေ့ရစဉ်

ခေတ်အဆက်ဆက်၌ အစိုးရများအနေဖြင့် စီးပွားရေးစနစ် အမျိုးမျိုးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြ ကြောင်း၊ မိမိတို့နိုင်ငံ၏ လက်ရှိ အခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် သမဝါယမစနစ်သည် အသင့်လျော်ဆုံးဖြစ်သည်ကို တွေ့ရကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

နိုင်ငံတကာတွင် သမဝါယမစနစ်အား အသေးစား၊ အငယ်စား စီးပွားရေး လုပ်ငန်းများတွင်သာ အသုံးပြုကြခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သမဝါယမစနစ်သို့ ပြန်သွားမည်ဆိုပါက ၎င်းတို့ကဲ့သို့သာ ရည်ရွယ်လုပ်ဆောင် ၍ ရမည်ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ထို့အပြင် နိုင်ငံတစ်ခုလုံး၏  စီးပွားရေးကို သမဝါယမစနစ်ဖြင့် ဦးဆောင်ပြီး ပြုလုပ်သည့်နိုင်ငံ မရှိကြောင်း၊ ကွန်မြူနစ်များ ဖြစ်ကြသည့် တရုတ်၊ ဗီယက်နမ်နိုင်ငံတို့အနေဖြင့် နိုင်ငံစီးပွားရေးကို သမဝါယမစနစ်ဖြင့် အကောင်အထည်ဖော်ခဲ့ကြသော်လည်း မအောင်မြင်သည့်အတွက် ဈေးကွက်စီးပွားရေးစနစ်ကို သွားနေကြခြင်း ဖြစ်ကြောင်း  စီးပွားရေးလေ့လာသုံးသပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

သမဝါယမစနစ်ဖြင့် ဖွင့်လှစ်ထားသော ဈေးဆိုင်ကို တွေ့ရစဉ်

၎င်းက “နိုင်ငံရေးက ဆိုရှယ်လစ်ကွန်မြူနစ်ဖြစ်မယ် စီးပွားရေးကတော့ ဈေးကွက်ကို သွားနေတာပေါ့။ သမဝါယမ ဆိုတာက တကယ့် စိတ်တူကိုယ်တူတွေ အကုန်အတူတွဲပြီးလုပ်တဲ့ လုပ်ငန်းမျိုး။ ဒီတစ်နိုင်ငံလုံးမှာရှိတဲ့လူတွေ ဘယ်လိုလုပ် စိတ်တူကိုယ်တူလုပ်လို့ ဖြစ်မလဲ။ ထုတ်လုပ်သူ သမဝါယမရှိတယ်။ စားသုံးသူ သမဝါယမရှိတယ်။ ထုတ်လုပ်သူ သမဝါယမက နိုင်ငံတကာမှာ ကျင့်သုံးနေတာလည်း အဲဒီသမဝါယမပဲ စားသုံးသူ သမဝါယမကြတော့ အဲဒီကရလာတဲ့ အကျိုးအမြတ်တွေကို အိမ်ထောင်စုတစ်စုကို ဆန်ဘယ်နှပြည်၊ ဆီဘယ်လောက်ရမယ် အဲဒီလိုမျိုး ခွဲတမ်းတွေနဲ့ ပေးတာ။ ဘယ်လိုမှ မအောင်မြင်ခဲ့ဘူးလေ။ ဘာလို့ဆို ကိုယ့်လိုအပ်ချက်နဲ့ သူပေးတဲ့ ဟာနဲ့လည်း ကိုက်မယ်။ ကိုယ်လိုချင်တဲ့ quality နဲ့ သူပေးတဲ့ဟာနဲ့လည်း ကိုက်ချင်မှ ကိုက်မယ်။ အရင်တုန်းကလည်း အဲဒီ ဟာကြောင့် သမဝါယမက ပျက်သွားတာ။ အရင်က မအောင်မြင်တဲ့ စနစ်ကို ဘာလို့ အခုပြန်ပြီးတော့ အသက်သွင်း ချင်နေလဲတော့ မသိဘူး”ဟု ပြောသည်။

မြန်မာနိုင်ငံ၏ GDP စာရင်းတွင် သမဝါယမမှ ထုတ်လုပ်ပေးနိုင်မှုသည် ၁ ရာခိုင်နှုန်းသာရှိပြီး ပုဂ္ဂလိကကဏ္ဍမှ ၇၀ ရာခိုင်နှုန်းအထိ ထုတ်လုပ်ပေးနိုင်ကြောင်း၊ အစိုးရကဏ္ဍအနေဖြင့် ၃၀ ရာခိုင်နှုန်းခန့် ထုတ်လုပ်ပေးနိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။