CNI News

၂၀၂၄ခုနှစ်၊ သြဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ထောင်စု တစ်စုအတွက် စားအုန်းဆီ နှစ်ပိဿာကို အိမ်အရောက်ပို့စနစ်ဖြင့်  ရောင်းချပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ ၂၀၂၄ ခုနှစ် ဇူလိုင် ၃၀ ရက်က ထုတ်ပြန်ခဲ့သည်။

လက္ကားရည်ညွှန်းစျေးကို အခြေခံ၍ အကျိုးအမြတ် ထည့်သွင်းထားခြင်းမရှိပဲ ဘူးခွံဖိုးနှင့် ဘူးသွတ်ခကို ထည့်သွင်း တွက်ချက်ထားသည့် စျေးနှုန်းဖြင့် အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချပေးမည်ဟု ထုတ်ပြန်ခဲ့သည်။

စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုအောက်တွင် စားအုန်းဆီ တင်သွင်းသော ကုမ္ပဏီများက လက်လီ/လက္ကား အရောင်းဆိုင်များမှတစ်ဆင့် လုပ်သားပြည်သူများသို့ နေ့စဉ်၊ လစဉ် စားအုန်းဆီများ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းနေ ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုကို တစ်လအတွက် တစ်ကြိမ်လျှင် နှစ်ပိဿာနှုန်းဖြင့် ဝယ်ယူနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေး ကော်မတီမှ ရောင်းချပေးလျက်ရှိသည်။

စားအုန်းဆီ အရောင်းဆိုင် တစ်ဆိုင်ကို တွေ့ရစဥ်

ထိုသို့ ဝယ်ယူနိုင်ရန်အတွက် Call Center မှတဆင့်လည်း မှာကြားနိုင်ရန် လက်ခံမှတ်သား သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁ ရက်မှစ၍ နံနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအတွင်း မှာကြား နိုင်ကြောင်း၊ Call Center ကို တနင်္လာနေ့မှ စနေနေ့အထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး Call Center ဖုန်းနံပါတ်-၀၁ -၂၃၉၉၂၂၂  (လိုင်းခွဲ - ရလိုင်း) ဖုန်းနံပါတ်သို့ မှာကြားနိုင်ကြောင်း သိရသည်။

စျေးနှုန်းအနေဖြင့် တနင်္လာနေ့တိုင်း သတင်းစာများတွင် ထုတ်ပြန်သည့် လက္ကားရည်ညွှန်းစျေးနှုန်းကို အခြေခံ၍ အကျိုးအမြတ် ထည့်သွင်းထားခြင်းမရှိပဲ ဘူးခွံဖိုးနှင့် ဘူးသွတ်ခကို ထည့်သွင်းတွက်ချက်ထားသော စျေးနှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

Delivery ခကို မှာကြားသည့် ဝယ်သူဖက်မှ ပေးချေရမည်ဖြစ်ကြောင်း၊ ပစ္စည်းရောက် ငွေချေစနစ်ဖြင့်သာ ရောင်းချ သွားမည်ဖြစ်ကြောင်း၊ ဆီဖိုးကို ကြိုတင်ပေးချေရန် မလိုကြောင်း၊ မှာကြားရက်နှင့် ပစ္စည်းရောက်မည့်ရက်မှာ ၃ ရက်ခန့် ကွာခြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေး ကော်မတီမှ ထုတ်ပြန်ခဲ့သည်။