CNI News

၂၀၂၃ခုနှစ်၊ ဇန်နဝါရီ ၂၀

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းကြောင့် အိမ်နီးချင်းနိုင်ငံများ အနေဖြင့် မည်ကဲ့သို့သော အကျိုးအမြတ်များ ရနေသလဲဆိုခြင်းအပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်လျှက် ရှိနေသည်။

မြန်မာနိုင်ငံသည် မငြိမ်းချမ်းသည့်အတွက် အိမ်နီးချင်းနိုင်ငံများ အနေဖြင့် အကျိုးအမြတ် ရရှိနေကြောင်း မြန်မာ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အိမ်နီးချင်းနိုင်ငံတွေ အမြတ်ရနေတာကတော့ အကြီးအကျယ် အမြတ်ရတာပေါ့နော်၊ ဥပမာ ဆိုပါတော့ ဗျာ၊ မြန်မာမှာက မငြိမ်းချမ်းတဲ့ အခါကြတော့ ပထမတစ်ချက်က ဘင်္ဂလားဒေ့ရှ်နဲ့ ပတ်သက်တဲ့ ဒုက္ခသည် ပြဿနာတွေ မြန်မာပြည်က ကောင်းကောင်း မကိုင်တွယ်နိုင်ဘူး၊ မကိုင်တယ်နိုင်တဲ့ အတွက်ကြောင့်မို့လို့ ဒီဒုက္ခ သည်တွေ အပေါ်မှာ မူတည်ပြီးတော့ ဘင်္ဂလားဒေ့ရှ်က အကျိုးအမြတ် တစ်ခုရတယ်၊ နောက်တစ်ခုကြတော့ ထိုင်း ပေါ့နော်၊ ထိုင်းကအခု ကျနော်တို့ အမေရိကန် ကာကွယ်ရေးအက်ဥပဒေအရ သူတို့ ငွေထောက်ပံ့တယ် ဆိုပါတော့ ဒါတွေအားလုံးက ထိုင်းကတဆင့် လာတာလေ၊ တရုတ်က တစ်ဆင့် လာတာမဟုတ်ဘူး၊ တရုတ်က ဒါကို ဒီအက် (NDAA)ကြီးက ထိုင်ဝမ်မှာပါနေတော့ အမှန်တိုင်း ပြောရလို့ရှိရင် ဒီဥပဒေတွေနဲ့ မြန်မာပြည်ကို လုပ်လိုက်တာဟာ တကယ်တော့ တရုတ်ပြည်ကြီးကို အမှန်တိုင်း ပြောရလို့ရှိရင် ခြိမ်းခြောက်လိုက်တာပဲ၊ တစ်ဖက် တစ်လမ်းကနေ ပြီးတော့၊ ခုနငွေတွေဟာ KNU၊ ဘာညာအကုန် အဲလူတွေက ယိုးဒယားကနေ တဆင့် လာတဲ့အခါကြတော့ ထိုင်း မှာ ဘတ်(ထိုင်းငွေ)လဲတဲ့ အခါကြတော့ အကျိုးအမြတ် တစ်ခါရသွားတယ် ထိုင်းက၊ နောက်တစ်ခုက လက်နက် တွေလည်း ရသွားတယ်” ဟု ပြောသည်။

ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြနေသူများကိုတွေ့ရစဉ် (ဖရွန်းတီးယားမြန်မာ)

လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိနေပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာ ရေး၊ ပညာရေး စသည့် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။

မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အိမ်နီးချင်းနိုင်ငံများ လက်နက်ရောင်းချခွင့် ရနေကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးအမြတ်ကတော့ တစ်ခုကတော့ လက်နက်ရောင်းချခွင့် ရတာပေါ့ကွာ၊ အိမ်နီးချင်း နိုင်ငံအနေနဲ့ဆိုရင် အိန္ဒိယနဲ့ တရုတ်ပေါ့၊ ရုရှားကလည်း လေယာဉ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ရောင်း ပါတယ်၊ ဒါပေမဲ့ ရုရှားက ဒီလောက် မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ နည်းနည်းဝေးတာကိုး နောက်ပြီးတော့ သူက လေကြောင်းထိုးစစ်နဲ့ပဲ ဆိုင်တဲ့ ပစ္စည်း၊ ပစ္စယတွေပဲ ရောင်းချနေတာ၊ အဓိကက‌တော့ တရုတ်ရဲ့ လက်နက် စီးကြောင်းတွေဟာ တရားဝင် ရောင်းချနေတာ မဟုတ်ပေမဲ့ ပြည်တွင်းမှာ အများဆုံး ဝင်ရောက် နေတာက‌တော့ တရုတ်ကနေ ဝင်ရောက်နေတာ ဖြစ်ပါတယ်၊ အိန္ဒိယကလည်း လက်နက်ကျည်နဲ့ ပတ်သက်တာရယ်၊ နောက်ပြီး တော့ ရေကြောင်းတိုးချဲ့ တည်ဆောက်ရေး ဘာညာဆိုတဲ့ကိစ္စတွေ အဲဒါတွေလည်း များပါတယ်၊ အဓိကကတော့ ဒီနေ့ ဗမာပြည်မှာ လက်နက်စီးဝင်မှုကတော့ တရုတ်ဆီကပဲ အဓိကဖြစ်ပါတယ်၊ ဒါပေမဲ့ တရုတ်က တရားဝင်တဲ့ လမ်းကြောင်းကနေပြီးတော့ ပို့တာမဟုတ်ပါဘူး။ UWSA ကနေတဆင့် ပို့နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်အထူးကိုယ်စားလှယ်ကိုတွေ့ရစဉ်

မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အိမ်နီးချင်းနိုင်ငံများမှ လက်နက်များ ရောင်းချနေကြသလို မြန်မာ အလုပ် သမားများကိုလည်း ဈေးနှုန်းသက်သာစွာခေါ်ယူခွင့် ရနေကြောင်း၊ ပဋိပက္ခကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည် များမှတဆင့် လူသားချင်း စာနာမှု အကူအညီများ ပေးအပ်ရေးကနေလည်း အကျိုးအမြတ်များ ရရှိနေကြောင်း ထောက်ပြလျက်ရှိနေကြသည်။

အလားတူ မြန်မာနိုင်ငံအတွင်း အကျိုးအမြတ် သို့မဟုတ် အခွင့်အရေး အများအပြား ရယူ၍ စီးပွားရေး ရင်းနှီးမြှုပ် နှံမှုများလည်း ရရှိနေကြကြောင်း ထောက်ပြနေကြသည်။