CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၁

အာဆီယံ အထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီးအကဲဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်၍ နစကနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ဖြေရှင်းနိုင်ရန် စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး မင်းနောင်သည် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ အကြီးအကဲဖြစ်သူ Dr.KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ဧပြီ ၂၁ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ပံ့ပိုး ဆောင်ရွက်ပေးနိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေကို ဖြေရှင်းနိုင်ရန် စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

အလားတူ နစကဘက်မှလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်တွေ့ဆုံ ဆွေးနွေးမှု အခြေအနေ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များ အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

Dr.KUNG Phoak ကိုတွေ့ရစဉ်

လက်ရှိ နိုင်ငံရေး အခြေအနေများအရ နစကနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အကြား တွေ့ဆုံဆွေးနွေးနိုင်မည့် အခြေအနေ မဖြစ်နိုင်သေးဘဲ စေ့စပ်ရေး စကားဝိုင်း ဖြစ်ပေါ်နိုင်ခြေလည်း နည်းပါးကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) ကပြောသည်။

ဦးရဲထွန်းက “နှစ်ဖက်လုံးက သူတို့ရဲ့ မူလလျှောက်မယ်ဆိုတဲ့ လမ်းကြောင်းတွေအတိုင်းပေါ့၊ အဲဒါကို ရုတ်တရတ် တခါတည်း Push ပေါ့ သွားနေတဲ့၊ လမ်းကြောင်းကို ပြောင်းပြီးတော့ ချက်ချင်းဖြစ်ဖို့ကတော့ မဖြစ်နိုင်ဘူး၊ နစက အနေနဲ့ကလည်း အာဏာထိန်းထားတဲ့ဟာကို ရပ်ပြီးတော့ မူလအတိုင်း ရွေးကောက်ပွဲအနိုင်ရ NLD ကို ပြန်အပ်ပေးဖို့ ဆိုတာကလည်း မဖြစ် နိုင်သလို NUG တို့ ဘာတို့နဲ့ ဆွေးနွေးဖို့ကလည်း မဖြစ်နိုင်ဘူး၊ ဒါက တော်တော်လေးကို သူတို့ အနေနဲ့ ကာယကံရှင် အနေနဲ့ လိုက်ပါဆောင်ရွက်ဖို့က တော်တော်ခက်တာပေါ့၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမှုတွေကလည်း မပြီးသေးတဲ့ အခါကျ တော့ လွှတ်ချင်တယ်ဆိုရင်တောင်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့လဲ မရသေးဘူး၊ ဒါသူ့ အခြေခံဥပဒေအရ ပေါ့နော်၊ နောက် တစ်ခါ ဆွေးနွေးဖို့လည်း မဖြစ်နိုင်သေးဘူး၊ သူက အမှုရင်ဆိုင်နေရတော့” ဟု ပြောသည်။

အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က လာရောက်ခဲ့သည်။

အဆိုပါ ခရီးစဉ်တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ မြန်မာ့နိုင်ငံရေး အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်ကိုတွေ့ရစဉ်

ထို့နောက် အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ဆိုခွန်သည် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် မတ်လ ၂၂ ရက်တွင် တွေ့ ဆုံခဲ့ကြကြောင်း၊ ထိုတွေ့ဆုံမှုတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ အရပ်သား ထိခိုက်မှုများကို ဘက်အသီးသီးက ကာကွယ်ပေးရန်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးရန်၊ အသွင်ကူးပြောင်းရေး ကြားကာလ နိုင်ငံရေး သဘောတူ ညီမှု ရရှိရေး သက်ဆိုင်သူများနှင့် တွေ့ဆုံသွားရန် စသည့် အချက်များကို တိုက်တွန်းခဲ့ကြောင်း ပြည်သူ့ ပါတီက သတင်း ထုတ်ပြန်ခဲ့သည်။

အလားတူ အာဆီယံ အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ သမ္မတ ဟောင်း ဦးထင်ကျော် ဇနီးဖြစ်သူ ဒေါ်စုစုလွင်နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားခဲ့သော်လည်း တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။

လက်ရှိ မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့ တွင် တပ်မတော်နှင့် နွေဉီးတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး တွေ့ဆုံဆွေးနွေးရေး မလုပ်နိုင်ဘဲ ဖြစ်နေသည်။