CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉

လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ရန် အခင်းအကျင်းအသစ် ရှိနေသေးသလား ဆိုသည့်အပေါ် မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေးလျက် ရှိနေသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်လာသော နိုင်ငံရေး အပြောင်းအလဲများကြောင့် မြန်မာနိုင်ငံမှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသလို အဘက်ဘက်က ယိုယွင်းကျဆင်းလျက် ရှိနေသည်။

ထိုအကျပ်အတည်းများအား တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းရန် ကြိုးစားမှုများ ရှိနေသော်လည်း အလုပ်မဖြစ်ပဲရှိနေ သလို တစ်ဖက်မှာလည်း သွေးကြွေးတွင် ဆွေးနွေးစရာမရှိဟုဆိုကာ မြန်မာ့တပ်မတော် ဖြုတ်ချရေး တော်လှန်ရေး အင်အားစုများက ဆင်နွှဲလျက်ရှိနေသည်။

နိုင်ငံရေးပြဿနာများ ပြေလည်ရေး တိုက်ခိုက်နေရင်း ဆွေးနွေးနိုင်သလို အဖက်ဖက်က ယုံကြည်ရသော လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများက ကြားဝင်လုပ်ဆောင်ပေးပါက ပြဿနာ ဖြေရှင်းရန် လမ်းစပွင့်လာနိုင် ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူ စဝ်ခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

၎င်းက “ဟုတ်ကဲ့ ကျနော်တို့က သွေးကြွေးမှာ ဆွေးနွေးမရှိဘူးလို့ ကြွေးကြော်နေတာက အသံက အင်မတန် ကျယ်လောင်နေပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ လုပ်ဆောင်မှုကလည်း ဆွေးနွေးမှုဘက်ကို ယိမ်းလာတာ နည်းတယ်၊ သို့သော်လည်း နိုင်ငံတကာ လျှောက်ကြည့်မယ်ဆိုလို့ရှိရင် သူများကတော့ တိုက်ရင်း‌ ဆွေးနွေးရင်းသာ လုပ်ပါတယ်၊ ဆွေးနွေးတယ်ဆိုတာ လူသိရှင်ကြား ဆွေးနွေးတာလည်း ရှိနိုင်တယ်၊ တံခါးပိတ်ဆွေးနွေးတာလည်း ရှိနိုင်တယ်၊ ဒါမှမဟုတ် ကြားလူနဲ့ ဆွေးနွေးတာလည်း ရှိနိုင်တယ်၊ ဒီနည်းတွေ နှစ်မျိုးစလုံး သုံးဖို့ လိုပါတယ်၊ ငါ တော့ တိုက်ဖို့ပဲ၊ ဆွေးနွေးဖို့ မရှိဘူး။ ဆွေးနွေးဖို့ဘဲ မတိုက်ဖို့ မရှိဘူး။ အဲဒီလိုမျိုး ပုံသေမယူထားဘဲနဲ့ တိုက်ရင်းနဲ လည်း ဆွေးနွေးနိုင်ပါတယ်ဆိုတာကို ကျနော်တို့ ဒီလမ်းကို ရှာနိုင်ဖို့ လိုပါတယ်၊ အခု အခက်အခဲရှိတယ်ဆိုတာ ကျနော်နားလည်တယ်၊ တချို့ဆိုလို့ရှိရင် ကျနော့်ကို ပြောပါတယ်။ တချို့ခေါင်းဆောင်တွေက ကျနော်တို့ တိုက် ရင်း ဆွေးနွေးရမယ်ဆိုတာ နည်းလည်တယ်၊ ဒါပေမဲ့ ကျနော် နားလည်ပေမယ့် ကျနော်တို့ အဖွဲ့အစည်းထဲမှာ လည်း နားလည်ဖို့ အများကြီး လုပ်ရဦးမယ်ဆိုတဲ့ အခက်အခဲ ရှိတယ်ပေါ့၊ အဲဒီတော့ ဒီကိစ္စမှာ ဆိုလို့ ရှိရင် အဖက် ဖက်က ယုံကြည်တဲ့ ကြားအဖွဲ့အစည်းတစ်ခု ဒါမှ မဟုတ်ရင် ကြားပုဂ္ဂိုလ်တွေ မထားသင့်ဘူးလား။ ဒီကြားပုဂ္ဂိုလ် တွေနဲ့ အရင်စလုပ်ရင် မကောင်းဘူးလား။ ဒီကြားပုဂ္ဂိုလ်တွေက လူသိရှင်ကြား အလုပ်လုပ်စရာ မလိုပါဘူး။ ဒီအတိုင်း ရိုးရိုးသာမန်လူလိုပဲ သွားလာပြီးတော့မှ ကူညီလုပ်ကိုင်ပေးလို့ရှိရင် တဖြည်းဖြည်း လမ်းပွင့်လာမလား ကျနော်အဲဒီလို စဉ်းစားချက် ပေးချင်တာပေါ့” ဟု ပြောသည်။

လက်ရှိ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု၊ နေအိမ် အဆောက်အအုံ မီးလောင်ပျက်စီးမှု၊ ပြည်သူလူထုများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရမှုများ ဖြစ်ပွားလျက်ရှိနေသည်။

နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ရေး လက်ရှိ အာဏာရယူထားသော အဖွဲ့အစည်းက ဖန်တီးလုပ်ဆောင်သင့်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုကို တွေ့ရစဉ်

၎င်းက “ဟုတ်ကဲ့ခင်ဗျ၊ အခင်းအကျင်း အသစ်ကတော့ ပြောရတာ နည်းနည်းတော့ ခက်တယ်ပေါ့ဗျာ၊ အခင်းအကျင်း အသစ်က အားလုံးဝိုင်းဝန်းဖြေရှင်းမှ New Order တစ်ခုကို ပြန်လုပ်ရမှာပေါ့၊ ဒါပေမဲ့ ဒီလို အဖွဲ့ တစ်ဖွဲ့တည်းနဲ့ အခင်းအကျင်းအသစ်ကို ဖန်တီးမယ်ဆိုလို့ရှိရင် ဒါတော်တော်လေး ခက်ခဲတယ်ပေါ့၊ နောက် တစ်ချက် ၂၀၁၀ ရဲ့ နှောင်းပိုင်းကာလကို ကျနော်တို့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ၂၀၁၀ မှာ အခင်းအကျင်း အသစ် ကို ဖန်တီးတာတော့ အထူးသဖြင့်တော့ လက်ရှိအာဏာရထားတဲ့ နယကပေါ့၊ ဟိုတချိန်တုန်းက နယက-ကနေပြီး တော့ ရွေးကောက်ပွဲ လုပ်ပေးတယ်။ နောက် အခင်းအကျင်းအသစ် ဖြစ်ပေါ်လာတဲ့ သမ္မတဦးသိန်းစိန် တက်လာ တယ်၊ ထိုနည်းလည်းကောင်းပဲ လက်ရှိအနေအထားအရ အခင်းအကျင်းအသစ်ကို လက်ရှိ အစိုးရက ဖန်တီးမလား ဒါမှမဟုတ်ရင် အားလုံး တွေ့ဆုံဆွေးနွေးပြီးတော့မှ အခင်းအကျင်း အသစ်အနေနဲ့ ဘယ်လိုသွားကြမလဲဆိုတဲ့ ဆွေးနွေးပြီးမှ အဖြေရှာပြီးတော့ ကျနော်တို့ သွားချင်တဲ့ ပုံစံ အားလုံးသဘောတူချက် ရယူပြီးလို့ သွားလို့ရှိရင် ဒါကတော့ ပိုကောင်းတာပေါ့၊ ဖြစ်နိုင်လို့ရှိရင်” ဟု ပြောသည်။

လက်နက်ကိုင်ပဋိပက္ခအား မဖြေရှင်းနိုင်ပါက ပြည်သူလူထုများမှ ပိုမိုဆိုးရွားလာသော စီးပွားရေး အကျပ်အတည်း၊ နယ်မြေ မလုံခြုံမှုများဖြင့် ရင်ဆိုင်ရမှာဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိ တိုက်ပွဲများကြောင့် တိုင်းပြည်မှာ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်တို့မှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။