CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မှသာ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ယနေ့ (ဇန်နဝါရီ ၂၉) မှာ ထုတ်ပြန်ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ RCSS ၏ ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ကျင်းပခဲ့သော နှစ်ပတ်လည်အစည်းအဝေး ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ကြိုးပမ်းသွားမည်ဟု ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး အပြောင်းအလဲများကြောင့် ပြည်တွင်းမှာ လက်နက်ကိုင်ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိနေပြီး တိုင်းပြည်၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည်များမှာ အဘက်ဘက်မှ ယိုယွင်းကျဆင်းလျက်ရှိနေသည်။

RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မှ နိုင်ငံရေးပြဿနာ ပြေငြိမ်းနိုင်မည်ဆိုသည်မှာ မှန်ကန်ကြောင်း၊ သို့သော်လည်း မည်ကဲ့သို့သော ဖက်ဒရယ်ပုံစံတည်ဆောက်မည်ဆိုသည်ကို တိုင်းရင်းသားများနှင့် နိုင်ငံသားများ၏ ဆန္ဒသဘောထားရယူရန် လိုအပ်ကြောင်း ပလောင်နိုင်ငံရေးသမား မိုင်းအုမ်းခိုင်က CNI သတင်းဌာနကို ပြောသည်။

၎င်းက “ဒါကတော့ မှန်ပါတယ်၊ ဒါကတော့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းထူထောင်မှပဲ ဒါနိုင်ငံရေးပြဿနာ ပြေငြိမ်းနိုင်မယ်လေ၊ ဒါက မှန်ပါတယ်။ တချို့ကြေညာချက် အသေးစိတ်ကတော့ ဘယ်လိုဖော်ပြထားသလဲ ကျနော်လည်း မတွေ့သေးဘူးပေါ့လေ၊ မှန်ပါတယ်၊ အဲဒါကတော့ ထောက်ခံပါတယ်။ ဖက်ဒရယ်ပုံစံကတော့ အမျိုးမျိုး ရှိတာပေါ့လေ၊ ကျနော်တို့ ဒီမှာရှိတဲ့ နိုင်ငံသားအားလုံး တိုင်းရင်းသားအားလုံး စုပေါင်းပြီးမှ ဘယ်ပုံစံဖွဲ့စည်းမလဲဆိုတာ ကျနော်တို့ ဆန္ဒရယူပြီးမှ ဖွဲ့စည်းတာ အကောင်းဆုံးပဲပေါ့” ဟု ပြောသည်။

ထို့အတူ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ရေး အာဆီယံအနေဖြင့်လည်း အလေးအနက်ထားပြီး ကြားဝင်ဖြေရင်းပေးနိုင်ရန် တိုက်တွန်းကြောင်းလည်း RCSS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NCA ၈ နှစ်ပြည့် အခမ်းအနားကျင်းပစဉ်

သျှမ်းပြည်အမျိုးသား စည်းလုံးညီညွတ်ရေးကို ရေရှည်တည်တံ့ ခိုင်မြဲရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပြီး RCSS ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း၊ အွန်လိုင်းငွေကြေး လိမ်လည်ခြင်း (ကျားဖြန့်) ပိတ်ပင်တားဆီးရေး လုပ်ငန်းနှင့် လူကုန်ကူးမှု တားဆီးရေးလုပ်ငန်းတို့အား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသော ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။