CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၁၇

နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်း အားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေး လမ်းကြောင်းကတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်း ဆောင်ရွက် သွားကြရန် သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်း ‌ပြောကြားလိုက်သည်။

၂၀၂၆ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်သစ်ကူး နှုတ်ခွန်းဆက် မင်္ဂလာ စကား ပြောကြားရာမှာ ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

အနာဂတ် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးနှင့် နိုင်ငံခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ နိုင်ငံ တော် တည်ငြိမ်ရေး၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေးသည် အလွန် အရေးကြီးကြောင်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။

၎င်းက “ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အစိုးရအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း တစ်စိုက်မတ်မတ် အလေးထား ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ငြိမ်းချမ်းရေး ပန်းတိုင်ဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ပဋိပက္ခတွေကြောင့် အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံမှာ ဖြစ်ပေါ်ခဲ့ရတဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို ထောက်ရှုပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အစည်းအားလုံး လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေး လမ်းကြောင်းကတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်း ဆောင်ရွက်သွားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်”ဟု ပြောသည်။

ထို့နောက် မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်ထားပြီး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ဒို့တာဝန် အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ် ဆက်လက် ကာကွယ် စောင့်ရှောက်သွားမှာ ဖြစ်ကြောင်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။

အလားတူ ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့်အတူ တစ်ဆက်တည်းမှာပဲ နိုင်ငံ၏ အဓိက လိုအပ်ချက်ဖြစ်သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ကြိုးပမ်း အားထုတ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းက ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်က “ ပြည်တွင်းစည်းလုံးညီညွတ်မှုကို နည်းမျိုးစုံနဲ့ ဖြိုခွဲပြီး တိုင်းပြည်ကို ဒုက္ခရောက် အောင် လုပ်ဆောင်နေကြတဲ့ ပြည်တွင်းပြည်ပ ပယောဂများနဲ့ အဖျက်အမှောင့်တွေရဲ့ အန္တရာယ်ကို သတိတရားနဲ့ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ကြဖို့ အလွန်အရေးကြီးပါတယ်။ ဒီနေ့ နိုင်ငံတော်မှာ ဖြစ်ပျက်နေတဲ့ အဖျက်အမှောင့် တွေနဲ့ ဆူပူအကြမ်းဖက်မှုတွေရဲ့ အခြေခံဟာ ဒါပဲဖြစ်ပါတယ်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး နယ်မြေသိမ်းပိုက်မှု စစ်ပွဲများအထိ ကျယ်ပြန့်လျှက်ရှိနေသည်။