CNI Interview 

၂၀၂၆ ခုနှစ်၊ မတ်လ ၄

မြန်မာနိုင်ငံသည် လက်နက်ကိုင် အဖွဲ့အစည်း ပေါင်းစုံတည်ရှိနေပြီး နိုင်ငံတစ်ဝန်း စစ်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေသည်။

တစ်ဖက်မှာလည်း ငြိမ်းချမ်းရေး ဖိတ်ခေါ်ခြင်းနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေသည့်တိုင် အောင်မြင်မှုမရ သေးပေ။

အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယနိုင်ငံကြား ဘက်မလိုက် မူဝါဒ ကျင့်သုံး၍ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နေသည့်တိုင် အထွေထွေ နိုင်ငံရေး အကျပ်အတည်းများကို ရင်ဆိုင်နေရသည်။

ထိုအခြေအနေများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူ ဦးခွန်းဆိုင်ကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လက်နက်ကိုင်တွေကို တွေ့ရစဉ်

မေး ။     ။ ဗြိတိသျှ ကိုလိုနစ်ခေတ်တုန်းက မြန်မာနိုင်ငံကို ၉၈ ဌာနအုပ်ချုပ်ရေးပေါ့။ အများစုကတော့ ၉၁ ဌာန အုပ်ချုပ်ရေးလို့ သိကြ‌တာပေါ့။ ၇ ဌာနကကြတော့ သူတို့အုပ်ချုပ်တာပေါ့။ အဲဒီလိုပေါ့ တကယ့် main ဌာနတွေကို ဗြိတိသျှကိုလိုနီတွေ ချုပ်ကိုင်တယ်၊ ကျန်တဲ့သိပ်ကြီးကျယ်တဲ့ ဌာနမဟုတ်တဲ့ ၉၁ ဌာနကို မြန်မာတွေကို ချုပ်ကိုင် စေတယ်။ အဲဒီတုန်းကလုပ်ခဲ့တဲ့ ၉၁ ဌာန အုပ်ချုပ်ရေးလိုမျိုး မြန်မာနိုင်ငံမှာ ပြန်ကျင့်သုံးမယ်ဆို အဆင်ပြေနိုင် မလား။ အဓိက main တွေကို ဗဟိုကကိုင်ပေါ့။ ပြည်နယ်တွေမှာတော့ သက်ဆိုင်ရာပြည်နယ် ခေါင်းဆောင်တွေကို ခန့်အပ်ပြီး တာဝန်ပေးစေတာမျိုးပေါ့။

ဖြေ ။       ။ ဒီဥစ္စာ ကျနော်က ကောင်းကောင်း မလေ့လာခဲ့တော့ သေသေချာချာ မပြောနိုင်ဘူး။ ကျနော်ပြောနိုင် တာက ဘာလဲဆိုတော့ ကျနော်တို့ ပင်လုံစာချုပ်အရပဲ ပြောနိုင်မယ်။ ပင်လုံစာချုပ်နဲ့ နောက်ဆက်တွဲ သဘော တူညီချက်တွေ အရဆိုရင် အားလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စတွေကို ဗဟိုအစိုးရက ကိုင်မယ်ပေါ့။ ဒါပေမယ့် သူ့ပြည်နယ် နဲ့သူ သက်ဆိုင်တဲ့ ကိစ္စတွေကတော့ သူ့ပြည်နယ်က ကိုင်မယ်။ အဲဒီလိုပြောလိုက်တဲ့ အခါကြတော့ အားလုံးနဲ့ ဆိုင်တဲ့ကိစ္စကို ဗဟိုက ကိုင်မယ်ဆိုတော့  ဗမာအစိုးရက ကိုင်ပြီးတော့မှ ဗမာမဟုတ်တဲ့ လူမျိုးတွေကတော့ ကိုယ့်ပြည်နယ်နဲ့ ကိုယ်ပဲလားလို့ အဲဒီလိုမျိုး အဓိပ္ပါယ် ‌ပေါက်နိုင်တယ်။ အဲဒီလိုမျိုးလည်း သဘောပေါက်ကြတယ်။ 

တကယ်တမ်းကျတော့ ကျနော်တို့ ပင်လုံစာချုပ်ကို ရေးဆွဲပြီးတော့မှ လုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်တွေက အဲဒီလို မမှတ်ကြဘူးပေါ့။ ဒါဗမာ အပါအဝင်ပါပဲ။ ဗဟိုအစိုးရမှာက ဗမာပဲရှိမှာ မဟုတ်ဘူး။ တိုင်းရင်းသား ခေါင်းဆောင် တွေ၊ လူမျိုးစု ခေါင်းဆောင်တွေလည်း ရှိမယ်၊ တူတူရှိမယ်လို့ ဆိုလိုတာ။ ဘာဖြစ်လို့လဲဆိုတော့ ပင်လုံစာချုပ်ကို ကြည့်လိုက်ပါ။ 

နံပါတ် ၁ ကနေ ၄ အထိက ဗဟိုအစိုးရနဲ့ ပတ်သက်တာဖြစ်တယ်။ ဗဟိုအစိုးရနဲ့ ပတ်သက်တဲ့ နေရာမှာ တိုင်းရင်း သား ခေါင်းဆောင်တွေကလည်း ပါဝင်နေတယ်ဆိုတာ တွေ့ရတယ်။ ဒီတော့ ဒီတိုင်းရင်းသား ခေါင်းဆောင်တွေ သူတို့ ကိုယ်တိုင် ပါနေတယ်ဆိုတော့ ပြည်နယ်တွေမှာ သူတို့ သီးသန့်အုပ်ချုပ်နေပေမယ့် ဗဟိုအစိုးရက ဘာမှ ပူစရာမလိုဘူး။ ဘာလို့မပူရလဲ။ အခုအများအားဖြင့်ကတော့ ပင်လုံလို့ ပြောလိုက်တယ်ဆိုရင် ဟာ ခွဲထွက်‌ရေးပဲ၊ ဒီကောင်တွေ လွတ်လပ်ရေး ယူချင်တယ် အဲဒီလိုမျိုး သဘောပေါက်တယ်။ 

တကယ်တမ်းတော့ ပင်လုံက လုပ်ခဲ့တာ ဒါမျိုးအတွက် မဟုတ်ဘူး။ သူက ကိုယ့်ပြည်နယ်ကို ကိုယ်သီးသန့် အုပ်ချုပ်နိုင်တယ်။ နောက်တစ်ခုကလည်း အားလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စတွေမှာ အားလုံးက ပေါင်းပြီးတော့မှ စီမံခန့် ခွဲတယ်ဆိုရင် ဒီခွဲထွက်ရေးဆိုတဲ့ ပြဿနာကလည်း ဘာမှ မဖြစ်နိုင်ဘူးပေါ့။ ဖြစ်လာ၊ ပေါ်လာဖို့မရှိဘူးပေါ့။ ဒါကို ခွဲပြီးတော့မှ နားလည်ဖို့ လိုပါတယ်။ ဒီလို နားမလည်ဘူးဆိုရင် ဗဟိုအစိုးရကိုတော့ ဗမာတွေကကိုင်၊ ပြည်နယ် အစိုးရတွေကိုတော့ လူမျိုးစုတွေက ကိုင်၊ ဒါမျိုးဆို စိတ်ပူရတာပေါ့။ တကယ်စိတ်ပူရတာပေါ့။

တကယ်တမ်းကျတော့ ဦးနု ခေတ်မှာလည်း လုပ်ခဲ့ဖူးပါတယ်။ ဦးနုခေတ်မှာလည်း လူမျိုးစု ပြည်နယ်တွေရဲ့ အစိုးရ၊ ဥက္ကဋ္ဌ။ အဲဒီတုန်းက ဥက္ကဋ္ဌလို့ ခေါ်တယ်။ ဒီလိုမျိုး ဝန်ကြီးချုပ်တွေ ဘာတွေမခေါ်ဘူး။ အဲဒီသူတို့ရဲ့ ဥက္ကဋ္ဌတွေက ပြည်ထောင်စုအစိုးရမှာ သူတို့ ပါဝင်ကြတယ်။ ဒီတော့ ဒီဥစ္စာက တစ်နည်းတစ်လမ်းနဲ့ သူက အထောက်အကူ ပြုနေတာ ဖြစ်တယ်။ အားလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စတွေကို အားလုံးက ဝိုင်းဆုံးဖြတ်ကြတယ်ဆိုတဲ့ အဲဒီ ပင်လုံရဲ့ အနှစ်သာရကို ဖော်ဆောင်နေတာ ဖြစ်တယ်။ အဲဒီလိုပဲလုပ်ဖို့ လိုတယ်။ ဒီ ၉၁ ဌာန၊ ၉၈ ဌာနတို့ဘာတို့ ကျနော် ဒါကိုတော့ ပြောစရာမရှိပါဘူး။

မေး ။     ။ ဒါဆို EAOs တွေ ပြဿနာကို ဘယ်လိုမျိုး ဖြေရှင်းသင့်တယ်လို့ မြင်မိလဲ။

ဖြေ ။       ။ EAOs ပြဿနာက အခုလောလောဆယ်မှာတော့ သူတို့က Watan Act ဆိုပြီးမှ တင်ထားတဲ့ဟာတွေ ကို ကြည့်လိုက်ရင်တော့ ဒါဟာ ကွန်ဖက်ဒရေးရှင်းပဲ ဆိုပြီးတော့မှ ဗမာအစိုးရက လက်မခံနိုင်ဘူး ဖြစ်နိုင်တာပေါ့။ သို့သော်လည်းပဲ ဒီကိစ္စဟာ ကျနော်တို့ ပင်လုံ သဘောတူညီချက် အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စမှာ အားလုံးက စုပေါင်းပြီးမှ စီမံခန့်ခွဲမယ်။

ကိုယ့်ပြည်နယ်နဲ့ သက်ဆိုင်တဲ့ဥစ္စာကို ကိုယ့်ပြည်နယ်ပဲ စီမံခန့်ခွဲမယ်ဆိုတဲ့ သဘောတရားကို ကျနော်တို့ လက်ခံ တယ်၊ ကျင့်သုံးတယ်ဆိုရင် ဒါဟာ ဘာမှစိတ်ပူစရာ မရှိဘူး‌ပေါ့။

NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပစဉ်

မေး ။     ။ ပြည်နယ်တွေမှာ သက်ဆိုင်ရာ EAOs တွေကို အုပ်ချုပ်ခွင့် ပေးမယ်ဆိုရင်ရော အဆင်ပြေနိုင်ပါ့မလား၊ ဘယ်လိုမြင်မိလဲ

ဖြေ ။       ။ ဒါကတော့ ယာယီအားဖြင့်ကတော့ ဒါကတော့ လက်တွေ့အရ လုပ်သင့်လုပ်ထိုက်တဲ့ အရာလို့ ပြောလို့ ရမှာပေါ့လေ။ သို့သော်လည်းပဲ ကျနော်တို့ လက်ခံထားရမယ့်ကိစ္စက ဒီမိုကရေစီဆိုတာကို ထူထောင်ရမယ်ဆို တော့ အများပြည်သူရဲ့ ပါဝင်ဆုံးဖြတ်ပိုင်ခွင့်ကို အနှေးနဲ့အမြန် မြန်မြန်ပေးရမှာ ဖြစ်ပါတယ်။ 

လူထုက မထောက်ခံတဲ့ အစိုးရက ဘာပြည်နယ် အစိုးရပဲဖြစ်ဖြစ်၊ ဗဟိုအစိုးရပဲဖြစ်ဖြစ် ရေရှည်တည်တံ့ဖို့ မဖြစ် နိုင်ပါဘူး။ အဲဒါပါ။

မေး ။     ။ လက်ရှိမှာ တပ်မတော်က BGF နဲ့ ပြည်သူ့စစ်ပုံစံ လုပ်နေတယ်။ အခုလက်ရှိမှာ ဖြစ်နေတဲ့ လက်နက် ကိုင် တွေကို BGF အဖြစ်၊ ပြည်သူ့စစ်ပုံစံ ဝင်ဖို့အတွက် သူကပြောတာမျိုးတွေ ရှိတာပေါ့။ ဆိုတော့ အဲဒီလိုမျိုး BGF နဲ့ ပြည်သူ့စစ် ပုံစံမျိုးဆိုရင်က တစ်ဖက်ကကြည့်ရင် EAOs တွေက မကြိုက်တာ တွေ့ရတယ်။ အဲဒီတော့ အမေရိကန် ကျင့်သုံးသလိုမျိုး အမျိုးသားအစောင့်တပ် ပုံစံလိုမျိုး လုပ်မယ်ဆိုရင် ဘယ်လိုပြောင်းလဲ သွားနိုင်မလဲ။

ဖြေ ။       ။ ဒီကိစ္စက သူက အချိန်ယူပြီးတော့မှ လုပ်ရတာဖြစ်တယ်။ ကျနော်တို့ NCA ဆွေးနွေးနေတုန်းကဆိုရင် အစိုးရဖက်ကနေ သူက တစ်ခုတည်းသော တပ်မတော် ဖြစ်ချင်တယ်ဆိုတာ သူတို့က ရပ်တည်ခဲ့တယ်။ EAOs တွေ ကကြတော့ ဟာ...ကိုယ့်ပြည်နယ်မှာ ပြည်နယ်စောင့်တပ်မတော် ဖြစ်ရမယ် ကျနော်တို့ ရပ်တည်ခဲ့တယ်။ 

ဒီ ရပ်တည်ချက် ၂ ခုက သူက အခြေအနေက ဘာလဲဆိုတော့ တစ်ခုကတော့ တိုင်းပြည်တစ်ပြည်မှာ တပ်မတော် တစ်ခုတည်း ရှိရမယ်ဆိုတာ။ ဒီဥစ္စာကတော့ ယေဘူယျ ကမ္ဘာက လက်ခံထားတဲ့မူ။ ဒီကိုယ့်ပြည်နယ်မှာ ကိုယ့် ပြည်နယ်စောင့်တပ် ရှိရမယ်ဆိုတာက ကိုယ့်အချင်းချင်း စိတ်မချသေးတဲ့အချိန်၊ ယုံကြည်မှု မရှိသေးတဲ့ အချိန်မှာ လုပ်တဲ့ ကိစ္စဖြစ်တယ်။ 

အဲဒီတော့ ဒီနေရာမှာ နှစ်ဖက်က ဆွေးနွေးရမယ်။ ဒီသီးသန့် ပြည်နယ်စောင့်တပ်တွေကနေ တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော်အဖြစ် ဘယ်လို ကူးပြောင်းသွားမလဲဆိုတာ ကျ‌နော်တို့ တဆင့်ပြီး တဆင့် ဆွေးနွေး ပြီးတော့မှ ချမှတ်ပြီးတော့မှ လုပ်သွားဖို့ လိုတယ်ဆိုပြီးတော့မှ အဲဒီတုန်းက သဘောတူပြီးသားဖြစ်တယ်။ 

တတိယ ပြည်ထောင်စုသဘောတူညီချက်မှာလည်း စလုပ်နေပြီဖြစ်တယ်။ အဲဒီမှာ တကယ်လို့ အာဏာသိမ်းမှု၊ အာဏာထိန်းမှုတွေ မဖြစ်လာဘူးဆိုရင် အခုဆိုရင် အတော်လေးကို ခြေလှမ်းက တော်တော်ကြီးကို ရောက်နေပြီ လို့ ပြောလို့ရမှာပေါ့။ အခုကတော့ ဒီအာဏာသိမ်းမှု၊ အာဏာထိန်းမှု ဖြစ်လာတဲ့ အခါကြတော့ တစ်ခုတည်းသော တပ်မတော် ဖြစ်ရမယ်လို့ အရင်က ပြောခဲ့တဲ့ဟာတွေကို အခုကြတော့ ပိုပြီးတော့ လက်မခံနိုင်ဘူးဆိုတဲ့ အခြေ အနေ ဖြစ်လာတာပေါ့။ ပိုပြီးတော့မှ အချိန်ယူရမယ်၊ ပိုပြီးတော့ စည်းကမ်း ကန့်သတ်ချက်တွေ ရှိရမယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်လာတာပေါ့။ 

သို့သော်လည်းပဲ ဒီဥစ္စာတွေဟာ မကျော်လွှားနိုင်တဲ့ ကိစ္စတွေ မဟုတ်ဘူး။ ကျော်လွှားနိုင်တဲ့ ကိစ္စတွေဖြစ်တယ်။ အခု လောလောဆယ်မှာ ကိုယ့်ပြည်နယ်စောင့်တပ်နဲ့ ကိုယ်ထားပါ။ ဆွစ်ဇာလန်လည်း ဒီလိုပဲ လုပ်ခဲ့တာပဲ။ ဆွစ်ဇာလန်ဆို နှစ်ပေါင်းရာနဲ့ချီပြီးတော့ သူ့ပြည်နယ်တပ်နဲ့ သူလုပ်ခဲ့တာ။ ဒါပေမယ့် အားလုံးနဲ့ ဆိုင်တဲ့ကိစ္စ ဆိုရင်တော့ ပေါင်းပြီးတော့မှ လုပ်ကြတယ်၊ တိုက်ကြတယ်။ အားလုံးနဲ့မဆိုင်ရင် ကိုယ့်ပြည်နယ်တပ်နဲ့ကိုယ်ပဲ လုပ်ခဲ့ကြတာ။

သို့သော် နောက်ဆုံးကြတော့ သူတို့လည်း ပြည်ထောင်စုတပ်မတော် ဖြစ်သွားတာပဲ။ ကျနော်တို့က ဆွစ်ဇာလန် လိုမျိုး အချိန် နှစ်ပေါင်း ရာနဲ့ချီ စောင့်စရာ မလိုပါဘူး။ ဆယ်စုနှစ်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လေးလေး နက်နက် ဆွေးနွေးဖို့ လိုတယ်။ တကယ်တမ်း ကျနော်တို့ရဲ့ လုံခြုံရေးကို ကျနော်တို့ လုပ်မယ်ဆိုရင် ကိုယ့် တစ်ပြည်နယ်တည်း လုပ်လို့မရဘူး။

ကိုယ့်လူမျိုး တစ်စုတည်းပဲ လုပ်လို့မရဘူးဆိုတာ အားလုံးက သဘောပေါက်နားလည်ဖို့ လိုတယ်။ ငါတို့အားလုံး ပေါင်းလုပ်မှ ရတယ်ဆိုတာကို သူတို့လက်ခံကြတယ်ဆိုရင် ဒါဟာ မဖြစ်နိုင်စရာ အကြောင်းမရှိဘူးပေါ့။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ် 

မေး ။     ။ အဲဒီလို သီးသန့်ပြည်နယ်စောင့်တပ်ပုံစံမျိုး လုပ်ပိုင်ခွင့် ပေးလိုက်မယ်ဆိုရင်ကြတော့ရော မြန်မာ့ အခင်းအကျင်းက ဘယ်လို ပြောင်းလဲသွားနိုင်ဖွယ်ရှိမလဲ။

ဖြေ ။       ။ ဒီဥစ္စာက လက်ခံတယ်ဆိုတာ သူက ရေရှည်လက်ခံတဲ့ သဘောမျိုး မဟုတ်ဘူး။ အဆင့်တစ်ရပ်အနေနဲ့ လက်ခံတဲ့ သဘောပဲ ဖြစ်ရမှာပေါ့။ အဆင့် တစ်ရပ်အနေနဲ့။ သူက ပြည်နယ်စောင့်တပ်ကနေ နောက်ဆုံး တစ်ခု တည်းသော တပ်မတော်အဖြစ် ဘယ်လို လုပ်သွားမလဲဆိုတဲ့ အဆင့်တွေလည်း ချမှတ်ပေးရမှာပေါ့။

မေး ။     ။ ပြည်နယ်တစ်ခုမှာဆိုရင် လက်ရှိ အနေအထားတွေအရ EAOs တွေ အများအပြား တွေ့ရတာပေါ့။ ရှမ်း ပြည် ဘက်မှာဆိုရင်လည်း အဖွဲ့တွေများတယ်။ အဲဒီလို အနေအထားဆိုတော့ ဘယ်လိုမျိုး စုဖွဲ့သင့်သလဲ။ အမေရိကန်မှာဆိုရင် ပူးတွဲစစ်ဦးစီးချုပ် ပုံစံလိုမျိုး စုဖွဲ့ထားတာ ရှိတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်နယ်စောင့်တပ် ပုံစံမျိုး သွားမယ်ဆိုရင် ပဏာမအနေနဲ့ ဘယ်လိုစုဖွဲ့သင့်လဲ။

ဖြေ ။       ။ ဟုတ်ကဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့ အသေးစိတ် ကျနော်တော့ မပြောနိုင်ပါဘူး။ ကျနော်တို့ ဒီလိုမျိုး ကိစ္စမှာ ဆိုရင် ဆွစ်ဇာလန်ကို အရင်တုန်းက ပြည်ထောင်စုတပ်မတော် မဖြစ်ခင်တုန်းက သူတို့ ဘယ်လို လုပ်ဆောင်ခဲ့ ကြလဲဆိုတာကို အဲဒီအပေါ်မှာ ကျနော်တို့ ဝိုင်းဝန်းပြီးတော့မှ လေ့လာပြီးတော့မှ ကျနော်တို့ တိုင်းပြည်နဲ့ ဆက်ဟပ်တဲ့ မူမျိုးကို ချမှတ်ရမှာပေါ့။ 

ကျနော် သတိရတာတော့ ဘာလဲဆိုတော့ ဒုတိယကမ္ဘာစစ်တုန်းကဆိုရင် သူတို့လည်း ပြည်နယ်စောင့်တပ်ပဲ သူတို့ဖြစ်နေသေးတယ်။ သို့သော်လည်းပဲ တစ်ပြည်လုံးအတွက်တော့ သူတို့စုပေါင်းစစ်ဦးစီးပေါ့ သူတို့လည်း ရှိတယ်။ ရှိတဲ့အခါကြတော့ သူတို့ရဲ့ တိုင်းပြည်ကို ဒုတိယကမ္ဘာစစ်အတွင်းမှာ ဘယ်လိုကာကွယ်မလဲဆိုတာ သူတို့ စစ်ဦးစီးအဖွဲ့ကပဲ ဆုံးဖြတ်ပြီးတော့မှ လုပ်ဆောင်ခဲ့ကြတာပေ့ါ။ 

သူတို့က ဆုံးဖြတ်တဲ့အခါကြတော့ သက်ဆိုင်ရာ ပြည်နယ်စောင့်တပ်တွေကလည်း အကုန်လုံးကလည်း လိုက်နာ ရတာပေါ့။

မေး ။     ။ တောင်အာဖရိက ဖြစ်စဉ်မှာလည်း နယ်လ်ဆင်မန်ဒဲလား လက်ထက်ကပေါ့။ လက်နက်ကိုင် ၇ ခု ထက်မက ရှိတာကို စုပေါင်းပြီးတော့ South African National Defence Force (SANDF) ဆိုပြီးတော့ လုပ်ဆောင်ခဲ့တာ၊ အသစ်ပြန်ဖွဲ့ခဲ့တာ တွေ့ရတာပေါ့။ 
သူအသုံးပြုခဲ့တဲ့ လမ်းစဉ်ကို ကြည့်မယ်ဆိုရင် သူက လက်နက်ကိုင်တွေကို လက်နက်ဖြုတ်သိမ်းတယ်၊ တပ်ကို လည်း ဖျက်သိမ်းတယ်၊ ပြီးရင် ပြန်လည် ပေါင်းစည်းတာ လုပ်ခဲ့တာပေါ့။ နှစ်ပေါင်းများစွာ ရန်သူတွေ ဖြစ်ခဲ့ကြတဲ့ အတွက် ယုံကြည်မှုက ပြန်ရဖို့ခက်တော့ ကော်မရှင်ဖွဲ့ပြီးတော့ တစ်ဖက်နဲ့တစ်ဖက် မကျေနပ်ချက်တွေကို ဖွင့်ဟ ဝန်ခံခိုင်းတာမျိုး၊ ဆွေးနွေးခိုင်းတာမျိုးလုပ်ပြီးမှ စစ်တပ်ရဲ့ စည်းကမ်းနဲ့ စွမ်းဆောင်ရည်တွေကို ပြန်ပြီး လေ့ကျင့် ပေးတာမျိုးတွေ လုပ်ပြီးတော့မှ ဖွဲ့စည်းခဲ့တယ်လို့ သိရတာပေါ့။ ဒီလိုပုံစံမျိုး လုပ်မယ်ဆိုရင်ရော ဖြစ်နိုင်မလား။ မြန်မာနိုင်ငံအနေနဲ့ဆိုရင် ဘယ်လိုမျိုးလုပ်သင့်မလဲ။

ဖြေ ။       ။ နံပါတ်တစ်က ဆွေးနွေးရမှာပေါ့။ ဒါပေမယ့် နံပါတ်နှစ်ကတော့ ကျနော်တို့ဆီမှာ အခုလောလောဆယ် နယ်လ်ဆင်မန်ဒဲလား တို့လို၊ ဒက်စမန်တူးတူး (Desmond Tutu) တို့လို ပုဂ္ဂိုလ်မျိုး၊ ခေါင်းဆောင်မျိုးကလည်း မရှိ သေးဘူးပေါ့။

မရှိတဲ့အခါကြတော့ အခုလောလောဆယ်မှာ အဲဒီလို လက်နက်ဖြုတ်ပြီးတော့မှ ပြန်ပြီးတော့မှ စုပေါင်းတယ်ဆို တာမျိုးကတော့ ကျနော်တို့ နိုင်ငံမှာတော့ ချက်ချင်းဖြစ်ဖို့ မလွယ်ဘူးပေါ့။ ဒါက တဆင့်ပြီးတဆင့် သွားရမယ့်ကိစ္စ ဖြစ်တယ်။

သို့သော်လည်းပဲ တဆင့်ပြီးတဆင့် ဖြစ်သွားတဲ့ အတွက်ကြောင့်မို့လို့ ကိုယ်က တစ်ခါတည်း စိတ်အလောကြီးပြီးမှ အကုန်ဖြုတ်ကွာ၊ ငါတော့ အရင်ဖြုတ်မယ်၊ ငါဖြုတ်ရင် မင်းတို့လည်း ဖြုတ်ကွာဆိုတာမျိုး လုပ်တာလည်း ရှိကောင်းရှိနိုင်တယ်။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျနော်တို့ဆီမှာ အလျင်စလိုလုပ်ဖို့ မသင့်ဘူးပေါ့။ အလျင်စလို လုပ်တဲ့အခါကြတော့ အခက်အခဲတွေ၊ အသေးစိတ်တွေ တချို့ကို ကျနော်တို့က ကျော်သွားနိုင်တယ်။ မကြည့်ဘဲနဲ့ ကျော်သွားနိုင်တယ်။ အဲဒီအခါကြတော့ နောက်ပိုင်းမှာ အခက်အခဲတွေ ဒီထက်ပိုကြီးလာတာ တွေ့တယ်ဆိုရင် အဲဒီအချိန်မှာ ကျော်လွှား ဖို့ ခက်သွားမယ်ပေါ့။ ဘယ်နည်းနဲ့မဆို ကျနော်တို့ ဆွေးနွေးဖို့လိုပါတယ်။ တွေ့ဆုံဆွေးနွေးပြီးတော့မှ အကောင်း ဆုံး နည်းလမ်းကို သုံးနိုင်ပါတယ်။

 အခု ကျနော်ပြောခဲ့တဲ့ ဆွစ်နည်းလမ်း၊ နောက်ပြီးတော့ ခင်ဗျားပြောတဲ့ တောင်အာဖရိက နည်းလမ်းတွေ ဘယ်လို ဆက်စပ်ပြီးတော့မှ ယူမလဲဆိုတာတွေ စဉ်းစားပေါ့။ နီပေါလုပ်တဲ့ နည်းလမ်းတွေလည်း အကုန်လုံး လေ့လာပြီး တော့မှ ကျနော်တို့ ပေါင်းစပ်ပြီးတော့မှ လုပ်နိုင်ပါတယ်။ ငါတို့လုံးဝ မတိုက်ဘူးဆိုတော့ သဘောတူဖို့ လိုတယ်။

လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ကျင်းပနေစဉ်

မေး ။     ။ အဓိက,ကတော့ မဆွေးနွေးခင်မှာ နိုင်ငံရေးအရ သဘောတူညီချက်တွေတော့ အရင်ရှိထားသင့်မှာပေါ့။

ဖြေ ။       ။ ရှိရမှာပေါ့။ ကျနော်တို့ အခုသဘောတူညီချက်အားလုံး တူနိုင်တာ တစ်ခုရှိတာပဲ။ ကျနော်တို့ ဖက်ဒရယ်နိုင်ငံဖြစ်ရမယ်၊ ဒီမိုကရေစီနိုင်ငံ ဖြစ်ရမယ်ဆိုတာ အားလုံးက သဘောတူပြီးသား ဖြစ်တယ်။ သို့သော် လည်းပဲ ဘယ်လိုပုံစံနဲ့ ဖြစ်ရမယ်ဆိုတာကတော့ ဆွေးနွေးရမှာကို။

မေး ။     ။ မကြာခင် ဒီလထဲမှာ အစိုးရသစ် ပေါ်လာတော့မှာပေါ့။ ဆိုတော့ ဒီအစိုးရသစ် အနေနဲ့ တရုတ်နဲ့ အိန္ဒိယ အကြားမှာ ဘယ်လိုမူဝါဒနဲ့ သွားသင့်တယ်လို့ မြင်မိလဲ။

ဖြေ ။       ။ ကျနော်တို့ ဘက်မလိုက် မူဝါဒနဲ့သွားရမှာပေါ့။ အခု လောလောဆယ် ကျနော်တို့ ၂၀၀၈ ထဲမှာ ရှိနေတဲ့ ပုဒ်မတွေ အများစုကို လူအများစုက လက်မခံဘူး ဆိုပေမယ့်လည်း ကိုယ်က ဘက်မလိုက်နိုင်ငံ ဖြစ်တယ်၊ နောက် ပြီးတော့မှ ကိုယ့်နိုင်ငံမှာ တခြားနိုင်ငံခြားတပ်တွေ မချရဘူးဆိုတဲ့ ကိစ္စတွေကတော့ အားလုံးသဘောတူနိုင်တဲ့ ကိစ္စ ဖြစ်တယ်။ ဒါက ဆက်ပြီးတော့မှ ရှိသင့်တယ်။ 

နောက်ပြီးတော့မှ အရေးကြီးတာကတော့ ကျနော်တို့ ဘန်ဒေါင်း ၁၉၅၅ သဘောတူညီချက်ကို ("အာရှ-အာဖရိက ညီလာခံ" (Bandung Conference) ကနေ ထွက်ပေါ်လာတဲ့ သမိုင်းဝင် သဘောတူညီချက်) နှုတ်နဲ့ပဲ လက်ခံတာ မဟုတ်ဘဲနဲ့ တကယ်တမ်း လက်တွေ့ လက်ခံကျင့်သုံးဖို့ လိုကြတာပေါ့။ အဲဒီလိုမျိုး ကောင်း‌ကောင်း လုပ်နိုင်တယ် ဆိုရင် ကျနော်တို့ ဗမာနိုင်ငံဟာ အရှေ့တိုင်းရဲ့ ဆွစ်ဇာလန်နိုင်ငံတော် ဖြစ်လာနိုင်ပါတယ်။

ဒီလိုဖြစ်လာဖို့ လွတ်လပ်ရေးရကတည်းက ကျနော်တို့ ဗမာခေါင်းဆောင်တွေ၊ ဗမာခေါင်းဆောင်တွေဆိုတာ အားလုံးကို ဆိုလိုတာပေါ့။ ကျနော်တို့ တိုင်းပြည်ခေါင်းဆောင်တွေက စိတ်ကူးယဉ်ခဲ့ဖူးတယ်၊ အားကျခဲ့ဖူးတယ်။ ဒါပေမယ့် မဖြစ်ခဲ့ဘူးပေါ့။ ကျနော်တို့ခေတ်မှာ ဖြစ်နိုင်ပါတယ်။

မေး ။     ။ အဲဒီလို မဟုတ်ဘဲနဲ့ အစိုးရသစ် လက်ထက်မှာ တရုတ်ကိုသော်လည်းကောင်း၊ အိန္ဒိယကို သော်လည်း ကောင်း တစ်ဖက်ဖက်ကိုပဲ ပုံပြီးတော့ ဆက်ဆံလိုက်မယ်ဆိုရင် ဘယ်လိုအခင်းအကျင်း ဖြစ်သွားမလဲ။

ဖြေ ။       ။ အဲဒီလို လုပ်မယ်ဆိုရင် သူက ၂ ခု ဖြစ်နိုင်တာပေါ့။ တစ်ခုကတော့ ကျနော်တို့ နိုင်ငံဟာ အမည်ခံပဲ ကျန်တော့မှာပေါ့။ အမည်ခံပဲ ကျန်တော့မယ်။ ဒါပေမယ့် လက်တွေ့အားဖြင့်တော့ သူများနိုင်ငံ ဖြစ်သွားပြီပေါ့။ အဲဒီတော့ တစ်ခု ကောင်းမွန်နိုင်တာက ဘာလဲဆိုတော့ ကျနော်တို့ နိုင်ငံက နှစ်ပေါင်း ၈၀ နီးပါး ကိုယ့်ဟာကိုယ် အုပ်ချုပ်ခဲ့တာ မငြိမ်းချမ်းခဲ့ဘူး။ သို့သော်လည်းပဲ တခြားနိုင်ငံ လက်အောက်မှာ သွားကျသွားတဲ့ အခါကြတော့ သူတို့ နိုင်ငံတွေလိုများ ငြိမ်းချမ်းလာမလားဆိုတဲ့ မျှော်လင့်ချက်မျိုးတော့ ရှိနိုင်တာပေါ့။ ဒါကတစ်ခု။ 
နောက်တစ်ခုကတော့ ဘာလဲဆိုတော့ တကယ်လို့ ကျနော်တို့ အိန္ဒိယပဲဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ် ပေါင်းလိုက် တယ်ဆိုရင် သူတို့ နှစ်နိုင်ငံကလည်း ဆက်ပြီးတော့ မတည့်ဘူး ဆိုရင်တော့ ကျနော်တို့လည်း တစ်လှဲဖြစ်ရမှာပေါ့။ တကယ်လို့ ကျနော်တို့နိုင်ငံက  သူတို့နိုင်ငံ ချစ်ကြည်ရေးကို ရနိုင်တယ်ဆိုရင် ကျနော်တို့နိုင်ငံအတွက်ကတော့ ဘာမှပူစရာ မလိုဘူး‌ပေါ့။ 

မေး ။     ။ လက်ရှိမှာ မြေရှားနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုသုံးသပ်ထားမိလဲ။

ဖြေ ။       ။ မြေရှားတွေကတော့ တခြားနိုင်ငံတွေမှာ ရှားကောင်းရှားမယ်။ ကျနော်တို့ နိုင်ငံမှာကတော့ မရှားဘူး လို့ ပြောလို့ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် မြေရှားသတ္တုတွေကို ကျနော်တို့က ဘယ်သူလိုချင်လိုချင် ရောင်းပေးမယ်။ ဘာမှ ဈေးဆစ်တာမရှိဘူး ငွေရရင်ပြီးရော ဆိုတာမျိုးတော့ မလုပ်သင့်ဘူးပေါ့။ ကျနော်တို့ ဆီမှာရှိတဲ့ပစ္စည်း ဘာပဲဖြစ်ဖြစ် ဈေးအကြီးဆုံးရဖို့ လိုတာပေါ့။ 

နောက်ပြီးတော့ ရလာတဲ့ငွေတွေကို ကျနော်တို့ အိတ်ထောင်ထဲမှာ ကိုယ့်ရဲ့ ကိုယ်စီကိုယ်ငှ အိတ်ထောင်ထဲ မထည့်ဘဲနဲ့ ဒီတိုင်းပြည်အတွက် အသုံးချ ရမှာပေါ့။ ကျနော်တို့နိုင်ငံဟာ အရှေ့တောင်အာရှမှာ ပထဝီအရ အချမ်းသာဆုံးနိုင်ငံလို့ ပြောလို့ရမယ်။ ဒါပေမယ့် ကျနော်တို့ လူမှုရေးအ‌ရတော့ အင်မတန်မွဲတေနေတယ်။ ကျနော်တို့က သောင်ပြင်မှာ လွှတ်တဲ့သူဋ္ဌေးသားလိုပဲပေါ့။ ငွေထုတ်ကြီးပိုက်ပြီးတော့မှ ဘာမှသုံးစရာမရှိဘူးပေါ့။ တောင်းစားနေရတဲ့ဘဝ ရောက်နေတာပေါ့။ 

အဲဒီလိုအဖြစ်မျိုး မဖြစ်အောင် ဒီအဖြစ်မျိုးကတော့ ကုန်ဆုံးဖို့လိုပြီ။ ဒီသမိုင်းကတော့ ကုန်ဆုံးဖို့လိုပြီ။ ကျနော်တို့ အရင်တုန်းက ကြားဖူးတယ်။ ကျနော်တို့ ခေါင်းဆောင်တွေ ပြောတယ်။ ကျနော်တို့ နိုင်ငံမှာရှိတဲ့ ကျွန်းသစ်တွေကို တစ်အိမ်ထောင်စုကို တစ်ပင်ပဲ ပေးထား။ ဘယ်နည်းနဲ့မဆို ကျနော်တို့ရဲ့လူထုဟာ ဆင်းရဲတယ်ဆိုတာ ဘယ်နည်း နဲ့မှ မဖြစ်နိုင်ဘူးဆိုတာ ရှေးလူကြီး သူမတွေပြောခဲ့တာ နားထောင်ဖူးတယ်။ သဘောလည်း သိပ်ကျတယ်။ 

ဒါပေမယ့် လက်တွေ့အရ ကျနော်တို့က လုပ်တဲ့အခါကြတော့ တစ်အိမ်ထောင်စု တစ်ပင်မဟုတ်ဘဲနဲ့ လူ တစ်ယောက်တည်းက တစ်ခါတည်း သန်းနဲ့ချီပြီးမှ ပိုင်သွားတာမျိုး၊ ရောင်းထုတ်တာမျိုးတွေ ဖြစ်လာတာကို။ ဒီလိုမျိုး အဖြစ်မျိုး မဖြစ်ဖို့ ကျနော်တို့ လုပ်ဖို့လိုပါတယ်။ မြေရှားကိစ္စလည်း ဒီအတိုင်းပါပဲ။ 

မေး ။     ။ လက်ရှိမှာ မြေရှားထွက်ရာ ဒေသအများစုက KIA က သိမ်းပိုက်ထားတာမျိုးဆိုတော့ KIA ရဲ့ အခင်း အကျင်းကရော ဘယ်လောက်အထိ အရေးပါနေလဲ။

ဖြေ ။       ။ အရေးကြီးတဲ့ သယံဇာတပစ္စည်းရှိတဲ့ ပြည်နယ်ကတော့ အမြဲတမ်း သူက ဈေးဆစ်နိုင်တာပဲပေါ့။ အရေး ပါတာပေါ့။ ဒါပေမယ့် တစ်ဖက်ကလည်း သူ့ရပ်တည်ရေး၊ ဥပမာ ကျနော်က သူဋ္ဌေးသားဆိုပါတော့ ကျနော့်မှာ ငွေ ဘီလီယံနဲ့ချီရှိတယ်။ ဒါပေမယ့် ကျနော် နေတဲ့နေရာက ကျနော့်ကို ဝိုင်းနေတာက ကျနော့် ရန်သူချည်းပဲဆိုရင် ကျနော် ဘယ်လိုလုပ် ဒီငွေတွေကို သုံးနိုင်မလဲ။ သေချာပေါက်ပေါ့နော်။ အဲဒီတော့ ဒါကိုသုံးနိုင်ဖို့ဆိုရင် အားလုံးနဲ့ ကျနော် တည့်ဖို့လိုတယ်။ အားလုံးနဲ့မတည့်တောင်မှ အများစုနဲ့တည့်ဖို့လိုတယ်။ ဒီလိုမျိုးတည့်တယ်ဆိုရင် တည့်ဖို့ လုပ်တယ်ဆိုရင် အကျိုးစီးပွားက ကိုယ့်အတွက်ပဲမဟုတ်ဘူး။ သူတို့အတွက်လည်းပါရမယ်။ 

ဒီလိုမျိုး သူ့အကျိုး၊ ကိုယ့်အကျိုး၊ သူ့ဖက်၊ ကိုယ့်ဖက်၊ သူ့ဖို့၊ ကိုယ့်ဖို့ ရှိတယ်ဆိုရင် ကိုယ့်အတွက်လည်း ရေရှည် ကောင်းတယ်၊ သူ့အတွက်လည်း ရေရှည်ကောင်းတာပေါ့။ ကျနော်တို့ ပုံပြင်တွေ ကြားဖူးတာပဲ။ ရွှေဓါးတို့၊ ငွေဓါး တို့၊ ရိုးရိုး သံဓါးတို့ ဒါကို ပေးတဲ့အခါကြတော့ သူက ရိုးရိုးသံဓါးပဲ ယူတယ်ဆိုတဲ့အခါ ရွှေဓါးရောရတယ်၊ ငွေဓါးရော ရတယ်။ ဒါပေမယ့် ရွှေဓါးကို ယူမယ်ဆိုတဲ့ အခါကြတော့ ဘာမှမရတော့ဘူး။ ဒီလိုမျိုးဘဝမျိုးတော့ ကျနော်တို့ မဖြစ်စေချင်ဘူး ဘယ်သူမှ။

ကျနော်တို့ကမ္ဘာမှာ လူ့လောကမှာ ကိုယ်တစ်ယောက်တည်းနေတာ မဟုတ်ဘဲနဲ့ အားလုံးပေါင်းပြီးတော့ နေတာပဲ။ ဒါကို ကျနော်က KIA ကို သင်ပေးစရာ မလိုပါဘူး။ သူ ကျ‌နော့်ထက် ပိုသိတယ်။ ဗိုလ်ချုပ်ဂွမ်မော်တို့၊ ဗိုလ်ချုပ် အင်ဘန်လတို့ ကျနော်ထက် ပိုသိတယ်။

မေး ။     ။ နောက်ဆုံးအနေနဲ့ စစ်တပ်ကို အရပ်သားအစိုးရအောက်မှာ ထားရှိဖို့လိုအပ်လား။ လိုတယ်ဆိုရင်လည်း ဘာကြောင့်လို့ မြင်မိလဲ။

ဖြေ ။       ။ ဒီဥစ္စာက ရှေးပဝေသဏီကတည်းက လုပ်ထားတဲ့ပုံစံပဲ။ တပ်မတော်ဆိုတာ မင်းအောက်မှာ နေရတာ ပဲ။ စစ်သူကြီးတွေဆိုတာလည်း မင်းလက်အောက်ခံပဲ ဖြစ်ရတာပဲ။ စစ်သူကြီးတွေကို ဆက်ထားမလား၊ မထားဘူး လား ဆိုတာကလည်း မင်းအပေါ်မှာ မူတည်တာပဲ။

သို့သော်လည်းပဲ မင်းကလည်း မင်းကျင့်တရား ဘာရှိမလဲ၊ စစ်သူကြီးတွေကလည်း စစ်သူကြီး ကျင့်သုံးရမယ့် တရား ဘာရှိမလဲ။ သူ့နေရာနဲ့ သူရှိတာပေါ့။ ဒါ ဘာသာရေးအရ ပြောနေတာ မဟုတ်ဘူး။ ကျနော်တို့ ဆွန်ဇူး (Sun Tzu) ရဲ့ Art of War စစ်ပညာစာအုပ်ကို ကြည့်လိုက်ပါ။ အဲဒီထဲမှာဆိုရင် စစ်ပွဲဖြစ်လာပြီဆို နိုင်တယ်၊ မနိုင်ဘူး ဆိုတာ အရေးအကြီးဆုံးက ဘာအပေါ်မှာ မူတည်လဲဆိုတာ။ ၅ ချက်ရှိတယ်။

ဒီ ၅ ချက်ထဲမှာ ၂ ချက်က ဘာလဲ ဆိုတော့ နံပါတ်တစ်ကတော့ မင်းဖြစ်တယ်။ မင်း အပေါ်မှာ မူတည်တယ်။ ဒီ မင်းရဲ့ နိုင်ငံရေး မူဝါဒ၊ မင်းရဲ့ မင်းကျင့်တရား အားလုံးကို ပြည်သူတစ်ရပ်လုံးက ထောက်ခံတယ်။ ပြည်သူ တစ်ရပ် လုံးက ငါတို့ သေသေကြေကြေ ငါတို့လိုက်နာသွားမယ်ဆိုတဲ့ဟာမျိုး ရှိတယ်ဆိုရင် ဒါဟာ နိုင်ဖို့ပဲရှိတယ်။ 

နောက်တစ်ခုကတော့ စစ်သူကြီးပေါ့။ စစ်သူကြီးကလည်း သိပ်အရေးကြီးတယ်။ ကျန်တဲ့ဟာတွေကတော့ ဘာလဲ ဆို‌တော့ ရာသီဥတုတို့၊ ပထဝီ မြေအနေအထားတို့၊ နောက်ပြီးတော့မှ စစ်တပ်ကို ကိုင်တွယ်အုပ်ချုပ်မှုတို့ အဲဒါတွေ ပါတာပေါ့။ ဒါပေမယ့် အရေးကြီးတဲ့ နှစ်ချက်ထဲမှာ ပြောတာနော် မင်းနဲ့ စစ်သူကြီးဆိုတာ အရေးကြီးတာပဲ။ သို့သော်လည်း မင်းက အထက်မှာနေရတာပေါ့။

ဖက်ဒရယ်တည်ဆောက်ရေး ဆွေးနွေးကြစဉ်

မေး ။     ။ ဒါပေမယ့် လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာရော အဲဒီလိုပုံစံရော ပေါက်တယ်လို့ မြင်မိလား။

ဖြေ ။       ။ ကျနော်တို့ ဂျော့ဖ်ဝါရှင်တန် (George Washington) တောင် သမ္မတဖြစ်လာတာပဲ။ ကျနော်တို့ ဆီမှာလည်း မဖြစ်ရဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဂျော့ဖ်ဝါရှင်တန် သမ္မတဖြစ်လာတော့ သူက အမေရိကန် နိုင်ငံကို စစ်တပ် အုပ်ချုပ်သလို သူမအုပ်ချုပ်ဘူးပေါ့။ ဒါကိုလည်း အမှတ်ယူသင့်ပါတယ်။

မေး ။     ။ တကယ်လို့ စစ်တပ်က အရပ်သားအစိုးရအောက်မှာ မရှိဘဲနဲ့ အရပ်သားအစိုးရ အထက်မှာပဲ ရှိမယ်ဆို ရင် အဲဒီနိုင်ငံက ဘယ်လိုဖြစ်နိုင်ဖွယ်ရှိမလဲ။

ဖြေ ။      ။ ဒီဥစ္စာကတော့ ကျနော်တို့ လူကြီးသူမတွေရဲ့ ဆိုရိုးဆိုထုံးတွေနဲ့ မကိုက်ညီတဲ့ အခါကြတော့ ဒါဟာ ရေရှည်သွားဖို့ မလွယ်ဘူးလို့ ပြောလို့ရမှာပေါ့။ ကျနော်တို့နိုင်ငံ ဒီလောက်တောင်မှ အသုံးမကျ ဖြစ်လာတာဟာ အဓိက,ကတော့ စစ်တပ်က အထက်စီးကနေ နေခဲ့တော့ ၁၉၆၂ ခုကတည်းက အထက်စီးကနေ နေခဲ့တဲ့အခါ ကြတော့ ကျနော်တို့နိုင်ငံဟာ အင်မတန်ချမ်းသာတဲ့ ဘဝကနေ အင်မတန် ဆင်းရဲတဲ့ဘဝကို ရောက်ခဲ့တယ်ဆိုတာ ကျနော်တို့ မေ့ဖို့မသင့်ပါဘူး။

မေး ။     ။ တခြား ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါဦး။

ဖြေ ။       ။ ကျနော်တို့နိုင်ငံမှာက အဓိက ပြဿနာကတော့ ကျနော် ထင်တာကတော့ မှားကောင်းလည်း မှားနိုင် တယ်။ ဒါပေမယ့် အဓိက ပြဿနာကတော့ ပြဿနာကို ဖြေရှင်းရင်းနဲ့ ပိုရှုပ်လာတာ အဲဒီလိုမျိုးပေါ့။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောတာကို နားထောင်တာ ကျနော်တို့ အီရတ်ကို ဝင်မတိုက်ခင်တုန်းက အခြေအနေက ဆိုးတယ်တဲ့။ ဒါပေမယ့် ကျနော်တို့ အီရတ်ကို ဝင်တိုက်ပြီးတဲ့ နောက်ပိုင်းမှာ ပိုဆိုးလာတယ်လို့ ပြောတယ်။ 

ဒါတွေက ဘာလဲဆိုတော့ ကျနော်တို့ ဖြေရှင်းတဲ့နေရာမှာ မှန်ကန်တဲ့နည်းလမ်းကို မသုံးခဲ့လို့ ဖြစ်တယ်။ ဒီမှန် ကန်တဲ့ နည်းလမ်းကို မသုံးခဲ့ဘဲနဲ့ အကြောက်တရား၊ အမုန်းတရားတွေနဲ့ ကျနော်တို့လုပ်တယ် ဆိုရင်တော့ ဘယ်နည်းနဲ့မှ ဒီတိုင်းပြည်က မကောင်းနိုင်ဘူးပေါ့။ 

ကျနော်တို့ဟာ အချင်းချင်း မေတ္တာတရားတွေထားမယ်၊ ‌ဒေါသတရားတွေ ကျနော်တို့ ပယ်နိုင်တယ်ဆိုရင် ဘယ်နည်းနဲ့မဆို ကျနော်တို့ တိုင်းပြည်ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ ကျနော်က အမြဲတမ်းပြောနေတာ တစ်ခုရှိတယ်။ 

နိုင်ငံခြားငြိမ်းချမ်းရေး ပညာရှင်တွေကပြောတယ်။ သူတို့က နိုင်ငံတကာကို လှည့်လည်တဲ့ အခါကြတော့ ဗမာပြည်လောက် နိုင်ငံရေးကျွမ်းကျင်၊ နိုင်ငံရေးဗဟုသုတကြွယ်ဝတဲ့ နိုင်ငံသူတို့တစ်ခါမှ မတွေ့ဖူးဘူးတဲ့။ အဖွဲ့တိုင်းအားလုံးက နိုင်ငံရေးပါရဂူတွေ ပြည့်နှက်နေတာပဲတဲ့။ ဒါပေမယ့် သူတို့ပြဿနာက ဘာလဲဆိုတော့ အချင်းချင်း သဘောတူညီမှု ရရှိအောင် ဆွေးနွေးနိုင်တဲ့အစား သူနိုင်၊ ငါနိုင် စကားရေ လုပွဲလုပ်တာနဲ့ပဲ အချိန် ကုန်နေတယ်။ စကားရေလုပွဲ လုပ်ပြီးတော့မှ မနိုင်တဲ့အခါကြတော့ လက်နက်ကိုင်ကြတာပေါ့ဗျာတဲ့။ 

အဲဒါကြောင့် ကျနော်တို့နိုင်ငံဟာ ဘယ်နည်းနဲ့မဆို debate ဆိုတဲ့ စကားရည်လုပွဲ ပညာမျိုးကို အဓိက မထားဘဲနဲ့ ကျနော်တို့ dialogue ဆိုတဲ့ အမှန်အကန်ကို ပူးပေါင်းရှာဖွေခြင်းဆိုတဲ့ နည်းလမ်းကို အသုံးချဖို့လိုပါပြီ။ ကျနော်တို့ သမ္မတကြီး ဦးသိန်းစိန်ပဲပြောပြော ဘယ်သူပဲပြောပြော ကျနော်တို့ ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စလုပ် တဲ့အချိန်မှာ နိုင်ငံရေးပြဿနာကို အင်အားနဲ့ မဖြေရှင်းဘဲနဲ့ ဆွေးနွေးခြင်းနဲ့ပဲ ဖြေရှင်းခြင်းဆိုတဲ့ ယဉ်ကျေးမှု အသစ် တစ်ရပ်ကို ထူထောင်မယ်ဆိုတာ အခု ဘယ်နှစ်နှစ် ရှိသွားပြီလဲ။ ကျနော်တို့ ၁၅ နှစ်ရှိသွားပြီ။ ဒီ ၁၅ နှစ်မှာ အကောင်အထည် မဖော်နိုင်သေးဘူး။ အကောင်အထည်ဖော်ဖို့ လိုပါပြီလို့ပဲ ကျနော်တိုက်တွန်းပါတယ်။