CNI Interview
၂၀၂၆ ခုနှစ်၊ မတ်လ ၂၀
မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခ ပြင်းထန်နေပြီး အိမ်နီးချင်း တရုတ်နိုင်ငံနှင့် အနောက်အုပ်စု အမေရိကန် ၏ ဝင်ရောက် ပတ်သက်နေမှုများကိုလည်း သတိထား စောင့်ကြည့်နေကြရသည်။
ထို့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့(MNDAA)က တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို တိုက်ခိုက် ထိန်းချုပ်လိုက်သလို နမ့်ခမ်းမြို့ကိုလည်း ထိန်းချုပ်နိုင်ရေး ပြင်ဆင်နေသည်။ ထိုစစ်ဆင် ရေး နောက်ကွယ်မှာ တရုတ်ရှိနေသည်ဟု စွပ်စွဲမှုများလည်း ရှိနေသည်။
တခြားတစ်ဖက်မှာလည်း ကချင်တပ်ဖွဲ့(KIA)က စစ်ကိုင်းတိုင်းဒေသကြီးသည် KIA ၏ လုံခြုံရေးတံခါးပေါက်ဖြစ်၍ ကသုံးလုံး(ကန့်ဘလူ-ကောလင်း-ကသာ) စစ်ဆင်ရေးကို ဖော်ဆောင်ပြီး ရန်သူကို စောင့်ကာ တိုက်ခိုက်ရမည်ဖြစ် သလို အနောက်မြောက်ဒေသ တစ်လျှောက် လွတ်မြောက်ရေးကနေ လုပ်နေသည်ဟု ထုတ်ဖော် ပြောကြားထား သည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအန်ကောလကို CNI သတင်းဌာန က ဆက်သွယ် မေးမြန်းထားသည်။

တရုတ်ရဲ့ ရှမ်းမြောက်ဒေသ ထိန်းချုပ်ရေး စီမံချက်ကို ဖော်ပြထားစဉ်
မေး ။ ။ ရှမ်းမြောက်အခင်းအကျင်းမှာ ကိုးကန့်နဲ့ ပလောင်တို့ကြားဖြစ်ခဲ့တဲ့ တိုက်ပွဲပဋိပက္ခ အခင်းအကျင်းကို ကြည့်ခြင်းအားဖြင့် ရှမ်းမြောက်တစ်ခုလုံးကို တရုတ်က ထိန်းချုပ်ဖို့အတွက် ကြိုးစားနေတာလား။ ဘယ်လိုမြင်မိ လဲ။
ဖြေ ။ ။ ကွတ်ခိုင်ကနေ စတာကို။ အဲဒီတော့ ကွတ်ခိုင်ကို ကျနော်တို့ ပြန်ကြည့်ရင် သူက သံလွင်မြစ်ရဲ့ အနောက်ဖက်အခြမ်းကို ရောက်လာတဲ့ သဘောရှိတယ်။ အဲဒါကို ပြန်ကြည့်ရင် တရုတ်နဲ့ အဆင်ပြေတဲ့ EAO ၂ ခု ရှိတယ်။ တစ်ခုက UWSA။ UWSA က လက်ရှိ ကျနော် ထင်တာကတော့ သံလွင်မြစ်ရဲ့ အရှေ့ဖက်ခြမ်းမှာ သူက ကျိုင်းတုံအထိ သူက တာဝန်ယူပြီးတော့မှ သံလွင်မြစ် ဒီအနောက်ဖက်ကို ကူးလာတဲ့ဟာကြတော့ ကျနော်တို့ မြင်တာကတော့ အနောက်ဖက်ကို ကူးပြီးတော့မှ ကွတ်ခိုင်၊ သိန္နီအထိကို MNDAA ကို တာဝန်ယူစေတယ်လို့ ကျနော်တို့ကတော့ အဲဒီလိုမြင်တယ်။
အဲဒီတော့ ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ လားရှိုး-မန္တလေး၊ နောက်တစ်ခါ လားရှိုးကနေပြီးတော့ ဟိုဖက် မူဆယ် ပေါ့။ လားရှိုးအထိက လက်ရှိအစိုးရရဲ့ တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ။ တစ်ခါ လားရှိုးကနေ မူဆယ်ပိုင်းကိုကြတော့ အဓိကကျတဲ့ ကွတ်ခိုင်နဲ့ မူဆယ်အဓိက တရုတ်နဲ့အဆင်ပြေတဲ့ MNDAA ကို ထိန်းသိမ်းခိုင်းထားတယ်လို့ ယူဆရ တယ်။ အဲဒီတော့ ဘာသွားမြင်ရလဲဆိုတော့ မူဆယ်နဲ့ ကွတ်ခိုင်ကြား အနေအထားမှာ တရုတ်က သူသံလွင်မြစ် အနောက်ဖက်ပေါ့။ သူစိတ်ချရတဲ့ သူနဲ့ဆက်ဆံရေးကောင်းတဲ့ MNDAA ကို အဲဒီမှာ တာဝန်ယူစေတယ်လို့ ကျနော် တို့ မြင်ရပါတယ်။

တပ်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး၊ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းနဲ့ MNDAA ကိုယ်စားလှယ်များကို တွေ့ရစဉ်
မေး ။ ။ တကယ်လို့ ရှမ်းမြောက်တစ်ခုလုံးကို တရုတ်ထိန်းချုပ်မှုအောက် ရောက်သွားမယ်ဆိုရင်ရော ဘယ်လို အခင်းအကျင်း ဖြစ်လာနိုင်မလဲ။
ဖြေ ။ ။ အဲဒါကလည်း နည်းနည်း အရေးကြီးတယ်။ ရှမ်းမြောက်တစ်ခုလုံး အနေနဲ့ ဆိုရင်တော့ ခုနက ကျနော် ပြောသလို ၂ ပိုင်းရှိတယ်၊ သံလွင်မြစ် အရှေ့ဖက်နဲ့ အနောက်ဖက်ပေါ့။ ရှင်းရှင်းပြောရင် အနောက်ဖက်တစ်ခုလုံးကို ပွင့်ပွင့်လင်းလင်း ပြောရရင် TNLA ကြတော့ မနှစ်က ကတည်းက တရုတ်နဲ့ သိပ်အဆင်မပြေဘူး။ ဆွေးနွေးပွဲတွေ မှာလည်း သိပ်အဆင်မပြေဘူး။ အဆင်မပြေတဲ့ အခါကြတော့ သူနဲ့ အဆင်ပြေတဲ့ EAO MNDAA ကို ထားလိုက်တဲ့ သဘော။
ရှမ်းမြောက် တစ်ခုလုံးဆိုတော့ ကျနော်တို့ နမ့်ခမ်းအထိ တွက်ရမှာ။ နမ့်ခမ်းကိုလည်း ယူခိုင်းနေတာကို။ နမ့်ခမ်းကို လည်း ဝင်တိုက်ဖို့ ပြင်တယ်။ ပြင်နေတဲ့ အခါကြတော့ အခု နမ့်ခမ်းရပြီလို့တော့ မပါသေးဘူး။ ဒါပေမယ့် ဘာ သွားမြင်လဲဆိုတော့ မူဆည်နဲ့ နမ့်ခမ်းကလည်း နီးနီးလေး။
အဲဒီတော့ ဘယ်လိုဖြစ်လဲဆိုတော့ ဒီ နမ့်ခမ်းကို ချန်ထားရင်လည်း TNLA က အဲဒီကနေပြီးတော့မှ အနှောင့် အယှက် ဖြစ်နိုင်တယ်။ အဲဒီတော့ နယ်စပ်ထွက်ပေါက် တစ်ခုဖြစ်တဲ့ ကုန်သွယ်ရေးဂိတ် တစ်ခုဖြစ်တဲ့ နမ့်ခမ်း အထိကိုပါ MNDAA ကို တာဝန်ယူခိုင်းပုံပေါ်တယ်။ ဘာကြောင့်လဲဆိုတော့ နမ့်ခမ်းက သမိုင်းကြောင်း အဆက် ဆက်အရ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ရဲ့ တံခါးဝဖြစ်တယ်။
အဲဒီတော့ အဲဒီဟာက အဓိက ဘာလဲဆိုတော့ နမ့်ခမ်းအထိ MNDAA ကို ထားလိုက်ခြင်းအားဖြင့် ကချင် ဘက်ကိုလည်း ထိန်းဖို့အတွက် ရည်ရွယ်ပုံရတယ်။ ကျနော်တို့ ပထဝီနိုင်ငံရေးအရ ကြည့်မယ်ဆိုရင် နမ့်ခမ်း ကလည်း အရေးပါတယ်။ အဲဒီတော့ ဘယ်လိုဖြစ်လဲဆိုတော့ အခုလက်ရှိ KIA/KIO ပေါ့။
KIO က တရုတ်နဲ့သာ အဆင်မပြေခဲ့သော် နမ့်ခမ်းက သူ့လက်ထဲမှာ ရှိတယ်ဆိုရင် အချိန်မရွေး ခြိမ်းခြောက်လို့ရတဲ့ အနေအထားမှာ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်တို့၊ ကသာတို့က နမ့်ခမ်းနဲ့ နီးနီးလေး။
ဥပမာ ဗန်းမော်နဲ့ နမ့်ခမ်းဆိုရင် စုစုပေါင်း ၆၅ မိုင်ပဲ ရှိတယ်။ ၆၅ မိုင်ဆိုတာက လွန်ရော ကျွံရော။ နမ့်ခမ်းတို့၊ မန်စီတို့၊ မန့်ဝိန်းကြီးတို့၊ ဗန်းမော်တို့ဆိုတာ လမ်းကြောင်းတွေ တိုတိုလေး။ အဲဒီတော့ ဗန်းမော်တိုက်ပွဲ အဆုံး အဖြတ် ကလည်း နမ့်ခမ်းဟာ ဒီဘက်က လက်ထဲမှာ ရှိနေတယ်ဆိုရင် တော်တော်ကြီး သတိထားစရာ ဖြစ်လာ တယ်။ ဒါမျိုးတွေ ကျနော်တို့က ကြည့်လို့ရတယ်။
ဒါကြောင့် ရှမ်းမြောက် တစ်ခုလုံးကို တရုတ်ကတော့ ကျနော့်အမြင်ရတော့ သူနဲ့အဆင်ပြေတဲ့ EAO ၂ ခုကိုထား၊ ထားပြီးတော့မှ အဓိက,ကတော့ ဘာလဲဆိုတော့ မူဆယ်နဲ့ လားရှိုးအထိ ပြည်ထောင်စုလမ်းမကြီးကို သူစိတ်ချရတဲ့ EAO တွေနဲ့ မြန်မာအစိုးရ ညှိနှိုင်းပြီးတော့မှ လမ်းကြောင်း ဖွင့်လိုပုံပေါ်တယ်။ ကြားထဲမှာဆိုရင်လည်း တခြားတွေ ရှုပ်နေရင် ခက်မယ်လေ။ အဲဒီလိုမျိုးတွေ စီစဉ်ပုံရပါတယ်။

KIA မှ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ စစ်ကိုင်းတိုင်းကို တွေ့ရစဉ်
မေး ။ ။ တရုတ်က ရှမ်းမြောက်တစ်ခုလုံးကို ကစားမယ်ဆိုရင် သူ့အခင်းအကျင်းက ဘာဖြစ်နိုင်မလဲ။ မြန်မာ နိုင်ငံကိုလည်း သူ့အနေနဲ့ ငြိမ်းချမ်းစေချင်တယ်။ တစ်ဖက်မှာကြတော့လည်း ဒီလိုမျိုးကစားနေတာ ရှိတော့ တရုတ်သွားနေတဲ့ ပေါ်လစီက ဘယ်လိုမျိုးလဲ။
ဖြေ ။ ။ ရှမ်းမြောက်ကို ထိန်းတာက အဓိက,က ဘာလဲဆိုတော့ ကျနော်တို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် KIO က ဗိုလ်ချုပ်ဂွမ်မော်က ပေါ့ပေါ့ပါးပါး ပြောတဲ့ စကားတွေ၊ အချက်တွေပေါ်မှာ မူတည်နေတယ်။
အဲဒီအခါကြတော့ အဲဒီမှာ အဲဒီတုန်းက KIO ပြောတဲ့ ကချင်ယူနစ်တို့၊ နာဂယူနစ်တို့၊ ချင်းယူနစ်တို့၊ ရခိုင်ယူနစ်တို့နဲ့ ဆက်စပ်ပြီးတော့မှ သူက ကသုံးလုံး နယ်မြေဖြစ်တဲ့ ကသာ၊ ကောလင်း၊ ကန့်ဘလူပေါ့နော်၊ စစ်ကိုင်းရဲ့ အဝကို ပိတ်ပြီးတော့မှ အနောက်မြောက် တစ်ခြမ်း၊ အနောက်ဖက်တစ်ခြမ်း အကုန်လုံး ဆက်စပ်ပြီးတော့မှ ပင်လယ်ဝ ထွက်ပေါက်ရှိတဲ့ နယ်မြေတစ်ခုကြီးကို စိုးမိုးဖို့အတွက် ပြင်ဆင်တဲ့စကားရှိတယ်။
အဓိက,က အခု MNDAA က နမ့်ခမ်းအထိ သိမ်းရတဲ့ ရည်ရွယ်ချက်က အကယ်၍သာ ကချင် EAO ဖြစ်တဲ့ KIO က အဲဒီကိစ္စကို အကောင်အထည်ဖော်မယ်ဆိုရင် တစ်ခါတည်း ပြင်ဆင်ထားချက် အနေနဲ့ ကျနော်တို့ သူ့ကို တွေ့ရ နိုင်တယ်။
ဘာကြောင့် အဲဒီလို ပြောရတာလဲဆိုရင် အဲဒီကိစ္စတွေ ဖြစ်ပြီးနောက်ပိုင်း KIO ရဲ့ အနောက်နဲ့ အနောက်မြောက် ဖက် ယူနစ်တွေအကြောင်း ပြောပြီးနောက်ပိုင်းမှာ ဒီဘက် တနင်္သာရီဖက်မှာ ထားဝယ်နဲ့ မြိတ်ကြားမှာ ဝင်းဝ တိုက်ပွဲဖြစ်တယ်။ အဲဒီ ဝင်းဝ တိုက်ပွဲ၊ တနင်္သာရီတိုက်ပွဲက နည်းနည်းသတိပြုဖို့ လိုတယ်။ အဲဒီဘက်ကို KNU နဲ့ PDF တွေတိုက်ရင်း နောက်ဆုံးရက်မှာ မြိတ် လေတပ်အခြေစိုက်စခန်းကို ဒရုန်းတွေနဲ့ပစ်တယ်။
အဲဒီအခါကြတော့ ဘာဖြစ်လဲဆိုတော့ ဒီဟာယူဆချက်က တနင်္သာရီဘက်မှာ စစ်ပွဲဖြစ်တဲ့ ရည်ရွယ်ချက်က တရုတ်အတွက် ပထဝီနိုင်ငံရေးအရ စိတ်ချပုံမပေါ်ဘူး။ အဲဒါဖြစ်ပြီးနောက်ပိုင်းမှာ ခြေမြန်လက်မြန် MNDAA ရဲ့ ရှမ်းမြောက်တိုက်ပွဲတွေ ဖြစ်လာတာပဲ။ ကျနော်တို့က စစ်ပွဲတစ်ခုကို ဒေသတစ်ခုတည်း ကွက်ပြီးကြည့်လို့မရဘူး။ သူနဲ့ဆက်စပ်တဲ့ အခင်းအကျင်းတွေ ကျနော်တို့ နားလည်ဖို့လိုတယ်။ အဲဒီတော့ ပထဝီနိုင်ငံရေး အခင်းအကျင်းအရ အနောက်အုပ်စုရဲ့ မလက္ကာ trade ပေါ့။
မလက္ကာရေလက်ကြား အပြင်ဘက်မှာ တနင်္သာရီကမ်းရိုးတန်းက အရေးကြီးတယ်။ တနင်္သာရီကမ်းရိုးတန်းကို ဝင်ပြီလားဆိုတဲ့ စိုးရိမ်ချက်က ဗမာပြည်မြောက်ပိုင်းပေါ့။ အရှေ့မြောက်ပိုင်းမှာ တရုတ်နဲ့ ဆက်ဆံရေးကောင်းတဲ့ EAO တွေရဲ့ နယ်မြေထိန်းချုပ်မှုတွေ ပေါ်ပေါက်လာတယ်လို့ ကျနော်ကတော့ အဲဒီလိုပဲမြင်ပါတယ်။

အနောက်မြောက်ဒေသ တစ်လျှောက် ဒေသတွေကို တွေ့ရစဉ်
မေး ။ ။ အခု ရှမ်းမြောက်အခင်းအကျင်းကို ကြည့်ခြင်းအားဖြင့် မြောက်ပိုင်း ၃ ဖွဲ့ကြား ဘယ်လို အနေအထား ဖြစ်သွားနိုင်မလဲ။
ဖြေ ။ ။ မြောက်ပိုင်း ၃ ဖွဲ့ဆိုတာက ပွင့်ပွင့်လင်းလင်း ပြောရင်တော့ လက်နက်ကိုင်တော်လှန်ရေး တစ်ခုရဲ့ ယာယီအဖွဲ့ပါပဲ။ တကယ်တမ်းကြတော့ အဖွဲ့အစည်းတွေရဲ့ တစ်ခုချင်းရဲ့ ကိုယ်အကျိုးစီးပွားတွေ မတူလာတဲ့ အခါမှာ ရေရှည်တော့ မဖြစ်နိုင်ဘူး။ ဒီထဲမှာမှ စစ်ရေးအမြင်တွေ၊ မဟာမိတ်အမြင်တွေ၊ နောက်တစ်ခါ ပူးပေါင်း ဆောင်ရွက်မှု အမြင်အားနည်းတဲ့ အဖွဲ့မျိုးရှိလာတဲ့အချိန်မှာ ဒီဟာက ပြိုကွဲသွားမှာပဲ။
အခုလည်း ဒါအချင်းချင်းပြန်ပြီးတော့မှ တိုက်လာတယ်ဆိုတာ ဒီအပေါ်မှာ မူတည်တယ်လေ။ နောက်တစ်ခုက နိုင်ငံရေးနဲ့ နယ်မြေ အကျိုးစီးပွားတွေက ရှင်းရှင်းပြောရရင်တော့ လက်ရှိ မြန်မာနိုင်ငံအစိုးရနဲ့ တရုတ်အစိုးရကြား မှာ အဆင်မပြေလာဘူး၊ အနှောင့်အယှက်တွေ ဖြစ်လာရင်တော့ ခုနက ဘယ်လောက်ပဲ ဖွဲ့စည်းထားသည်ဖြစ်ပါစေ ဖယ်ရှားခံရမှာပဲ။ ကျနော် မြင်တာကတော့ အဲဒီအတိုင်းမြင်ပါတယ်။
မေး ။ ။ လက်ရှိ လွှတ်တော်အခင်းအကျင်းမှာ ကချင်လူမျိုးတွေဖြစ်တာ တွေ့ရတော့ ဒီအခင်းကျင်းက ဘာဖြစ်နိုင်မလဲ။
ဖြေ ။ ။ ကျနော်မြင်တာကတော့ အခု လက်ရှိ ကျနော်တို့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ ငြိမ်းချမ်း ရေး ခရီးစဉ်တွေက အဓိက အရေးကြီးတဲ့ အဖွဲ့က ၃ ခုလို့ ကျနော်တို့မြင်တယ်။ ကချင်ရယ်၊ ကရင်ရယ်၊ ရခိုင်ရယ်။ ဒီ ၃ ခုနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်တယ်ဆိုရင် မြန်မာပြည်ရဲ့ လက်နက်ကိုင် နိုင်ငံရေး ပဋိပက္ခက လမ်းကြောင်းတိုမယ်ပေါ့နော်။ ဖြေရှင်းနိုင်ဖို့ လွယ်ကူမယ်။
အဲဒီမှာ အဓိက ကျနေတာက စစ်ကိုင်းတိုင်းပါဝင်နေတဲ့ KIO ပြောထားတာ ရှိတယ်လေ။ စစ်ကိုင်းတိုင်း ပါဝင်နေတဲ့ KIA/KIO ရဲ့ ဆောင်ရွက်ချက်တွေဟာ ဒီဟာကို အပြီးသတ်ဖို့အတွက် ပိုအရေးကြီးတယ်လို့ မြင်တယ်။ အဲဒီအခါ ကြတော့ လက်ရှိ အမျိုးသားလွှတ်တော် နေရာတွေမှာလည်း နိုင်ထားတယ်၊ နောက်တစ်ခုက အလှည့်ကျ အနေအထားနဲ့ဆိုရင် အခု အလှည့်က ကချင်နဲ့ ရခိုင်အလှည့်က နီးစပ်တယ်ပေါ့။ နီးစပ်တော့ ဖြစ်နိုင်ခြေရှိတယ်။
အရင် နစကမှာလည်း တာဝန်ထမ်းဆောင်ဖူးတဲ့ ကချင်အမျိုးသားတွေ၊ အမျိုးသမီးတွေကို ဒီလိုရွေးချယ်ခြင်း အားဖြင့် နောင်တစ်ချိန်မှာ ကချင်နဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ရင် ဘာပဲပြောပြော ပိုမိုလွယ်ကူမယ်လို့ ယူဆ ပြီးတော့မှ ခန့်အပ်တာလည်း ဖြစ်နိုင်သလို တခြား အကြောင်းအချက်များလည်း ရှိမှာပေါ့။ အဲဒါတော့ ကျနော် မသိပါဘူး။
ဒါကတော့ လက်ရှိတာဝန်ယူထားတဲ့ နိုင်ငံတော်ခေါင်းဆောင်ပိုင်းတွေက စဉ်းစားချက်တွေ ကျနော်တို့က ခန့်မှန်းကြည့်တဲ့ သဘောပါပဲ။ ဒါပေမယ့် ကောင်းမွန်သော အရွေ့တစ်ခုလို့တော့ မြင်တယ်။ ဘာပဲပြောပြော အကျိုးရှိမယ်လို့တော့ ယူဆပါတယ်။
မေး ။ ။ ၂၀၀၉ ခုနှစ်တုန်းက ရခိုင်ကို ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါ ချန်ထားတာမျိုးတွေ၊ တခြားအဖွဲ့တွေကို ချန်ထားတာမျိုးတွေ တပ်မတော်ဘက်က လုပ်ခဲ့တာတွေ ရှိတာပေါ့လေ။ အခုအခင်းအကျင်းမှာရော အဲဒီလို အင်အားနည်းလို့၊ အင်အားမရှိလို့၊ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတာ မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့မို့လို့ ချန်ထားခဲ့တာ မျိုး အဲဒီလိုတွေ ရှိမယ်ဆိုရင်ရော ငြိမ်းချမ်းရေးက အဆင်ပြေနိုင်ပါ့မလား။
ဖြေ ။ ။ အဲဒါကတော့ ခန့်မှန်းရခက်တယ်။ လက်ရှိလည်း ငြိမ်းချမ်းရေးအတွက် all inclusive ဖြစ်ဖို့အတွက် ဖိတ်ခေါ်နေတာတွေရှိတယ်။ ဒါပေမယ့် တကယ်တမ်း ဆောင်ရွက်တဲ့အခါမှာ အခြေအနေ အမျိုးမျိုး ပြောင်းလဲ နိုင်တယ်။ ပြောင်းလဲနိုင်တဲ့ အတွက်ကြောင့်မို့လို့ ကြိုပြောဖို့တော့ ခက်တယ်။
ဒါပေမယ့် လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အားလုံးကို ဖိတ်ခေါ်ထားတာတော့ တွေ့နေရတာပဲ။ အားလုံးကို ဖိတ်ခေါ်ထားတယ်ဆိုတော့ တကယ်တမ်း ဒီဟာက ဆွေးနွေးပွဲတွေ မစသေးဘူး။ တချို့လည်း လုပ်လက်စတွေ ရှိနေတယ်။
ဆိုတဲ့အခါကြတော့ ဒါကတော့ အခြေအနေအရ အမျိုးမျိုး ပြောင်းနိုင်တယ်။ လက်ရှိလည်း တချို့တွေက တိုက်ပွဲ ဖော်နေတုန်း၊ ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ခိုက် နေတုန်းဆိုတော့ ပြောဖို့တော့ခက်တယ် ဒီဟာက။

စစ်ကိုင်းတိုင်းထဲမှာ KIA ထိန်းချုပ်ထားတဲ့ ဒေသတွေကို တွေ့ရစဉ်
မေး ။ ။ လက်ရှိ အခင်းအကျင်းမှာ အားလုံးပါဝင်နိုင်ဖို့အရေး ဘယ်လိုဖိတ်ခေါ်မှုူတွေ လိုအပ်လဲ။
ဖြေ ။ ။ အဲဒါကတော့ ဒီတိုင်းဖိတ်ခေါ်လို့ မရဘူး ကျနော်တို့ရဲ့ အမြင်အရတော့။ ဘယ်လိုလဲဆိုတော့ အကျိုးစီးပွားချင်းလည်း မတူဘူး။ နောက်တစ်ခုက တိုက်ပွဲဖြစ်တဲ့ နယ်မြေဧရိယာနဲ့ အရေးပါပုံတွေ မတူဘူး။ မတူတဲ့အပေါ်မှာ မူတည်ပြီး ကွဲပြားသွားနိုင်တယ်။
အဲဒီတော့ အားလုံး ပါဝင်သောဆိုတဲ့ဟာက ကျနော်ထင်တယ် bilateral အနေနဲ့ တစ်ခုချင်းစီပဲ သွားဖို့များတယ်။ အရင် NCA လက်မှတ်ထိုးတုန်းကလို အားလုံးပါမယ်တို့၊ ဘယ်နှစ်ဖွဲ့ ပါမယ်တို့ဆိုတာတော့ ဒီအခြေအနေမျိုးမှာ တော့ နည်းနည်း ခက်မယ်ထင်တယ်။ ခက်မယ်ထင်တော့ တကယ် လက်တွေ့ကျတာကလည်း အကျိုးစီးပွား မတူတဲ့ အတွက်ကြောင့်မို့လို့ သီးခြားဆွေးနွေးပြီးတော့မှ dialogue လုပ်ပြီးတော့မှ ဆောင်ရွက်ရမယ့်ကိစ္စ။
အဲဒီတော့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်တဲ့ နေရာမှာ အဆင့်တွေကတော့ မြောက်များစွာ ရှိနေတယ်။ ဒါပေမယ့် ကျနော့်အမြင်ကတော့ အားလုံး တစ်ပြိုင်နက်တည်း ဖြစ်လာမယ့် အနေအထားမျိုးဆိုတာ အရှေ့မှာ အခင်းအကျင်း အများကြီး ဖြတ်သန်းရဦးမှာ။
အဲဒီအခင်းအကျင်းတွေကို ဘယ်လိုပြင်ဆင်မလဲရယ်၊ အောင်မြင်မယ်၊ မအောင်မြင်ဘူးအပေါ်မှာ မူတည်ပြီးတော့မှ အပြောင်းအလဲတွေ ဖြစ်သွားနိုင်တယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်။
မေး ။ ။ ဒါဆို လက်ရှိမှာ အာရက္ခတပ်တော်ကိုရော တပ်မတော်အနေနဲ့ ဘယ်လိုမျိုး လုပ်ဆောင်သင့်လဲ။
ဖြေ ။ ။ AA ကတော့ ကျနော်တို့ မြေပုံမှာ ပြန်ကြည့်မယ်ဆိုရင် သူက လက်ရှိက ကျောက်ဖြူနဲ့ စစ်တွေကို တိုက်နေတယ်။ စစ်ကမရပ်ဘူး။ ဒါ့ပြင် နောက်တစ်ချက်က AA နဲ့ဆက်စပ်တာ တိုင်း ၃ တိုင်းရှိတယ်။ အဲဒါ ဘာလဲဆိုတော့ ဧရာဝတီတိုင်း၊ နောက်တစ်ခါ ပဲခူးတိုင်းအနောက်ပိုင်းနဲ့ နောက်တစ်ခုက မကွေးတိုင်း အနောက် ခြမ်းပေါ့။ အဲဒီ ၃ ခုမှာလည်း သူက အမ်းကကြတော့ မကွေးနဲ့ဆက်စပ်နေတယ်။ နောက်တစ်ခါ ပဒါန်းကကြတော့ ပဲခူးတိုင်းအနောက်ခြမ်းနဲ့ ဆက်စပ်နေတယ်။ အဲဒီမှာလည်း တိုက်ပွဲတွေ ရှိတယ်။
နောက်တစ်ခါ အခု ကပစပေါ့ နော်။ ကပစ ၅ လောက်ကနေ ၁၀၊ ၁၁ လောက်အထိက ပဲခူးတိုင်းအနောက်ပိုင်းနဲ့ မကွေးတိုင်းအနောက်ပိုင်း တွေမှာ ခုနက ကျနော်ပြောတဲ့ အမ်းနဲ့ပဒါန်း မျဉ်းဆိုင်တွေမှာ ရှိတယ်။ အဲဒါကိုလည်း စစ်ကြောင်းတွေ ထိုးနေ တယ်။ ထိုးနေတဲ့အခါကြတော့ ကျနော်တို့ ဘာသွားမြင်လဲဆိုတော့ ပုသိမ်-မုံရွာ လမ်းမ ကြီးပေါ့။ ပုသိမ်ဆိုတာ ဧရာဝတီတိုင်းမြို့တော်။ နောက် မုံရွာ။ စစ်ကိုင်းတိုင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ် ရှိတဲ့ နေရာပေါ့။ အဲဒီ ပုသိမ်-မုံရွာ လမ်းမကြီးက မဟာဗျူဟာကျလာတယ်။
ရခိုင်ပြည်ရဲ့ အနေအထားကတော့ သူက ဘာလဲဆိုတော့ သူ့ရဲ့ ရည်မှန်းချက်က ကျနော်တို့ တိုင်းရင်းသား EAO တွေရဲ့ ရည်မှန်းချက်အထဲမှာတော့ အမြင့်ဆုံးအနေနဲ့ တွေ့ရတယ်။ လက်ရှိ အနေအထားအရဆိုရင် ပြည်နယ် မြို့တော်တွေကို သိမ်းခြင်းအားဖြင့် သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်က ၂ ခုကို ကျနော်တို့ ခန့်မှန်းလို့ရတယ်။
အဲဒါကတော့ ဘာလဲဆိုတော့ Sovereign State (အချုပ်အခြာအာဏာပိုင်နိုင်ငံ) နဲ့ Sub-autonomy State (ကိုယ်ပိုင်အုပ်ချုပ်ခွင့်) ဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက် ၂ ခုရှိတယ်။ Sovereign State ဆိုတာ မြောက်အိုင်ယာလန် Belfast ကို IRA (Irish Republican Army) တွေ တိုက်ခိုက်ပြီးတော့မှ ဗြိတိန်နဲ့ နိုင်ငံရေး စကားပြောတဲ့ သမိုင်း ကြောင်း ရှိတယ်။ အဲဒါ Sovereign State ကို မြောက်အိုင်ယာလန်က အကောင်အထည်ဖော်တာ။
ကျန်တဲ့ဟာကြတော့ autonomous State တွေကကြတော့ သူက ဖိလစ်ပိုင်ရဲ့ မင်ဒါနာအိုကိစ္စတွေ၊ နောက်တစ်ခါ အိန္ဒိယရဲ့ ကျနော်တို့နားက အရှေ့မြောက်ပြည်နယ် ၈ ခုပေါ့နော်။ အဲဒါတွေကတော့ autonomous State တွေကို ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ နိုင်ငံရေးရလဒ်အဖြစ် အကောင်အထည်ဖော်တဲ့ ဥပမာတွေဖြစ်တယ်။
အဲဒီတော့ AA က မြို့တော် စစ်တွေနဲ့ အရေးကြီးတဲ့ ကျောက်ဖြူကို စစ်ဆင်ရေးတွေလုပ်နေတယ်။ ဒါ့ပြင် ပဲခူးတိုင်းရဲ့ အနောက်ခြမ်းနဲ့ မကွေးတိုင်းရဲ့ အနောက်ဖက် ကပစ စက်ရုံကြီးတွေ ဘက်ကိုလည်း တိုက်တယ်။ ဧရာဝတီဘက်ကိုလည်း ပုသိမ်နားအထိ စစ်ကြောင်းထိုးထားတာရှိတယ်။
အဲဒီအခါကြတော့ ဘာသွားမြင်လဲဆိုတော့ ရခိုင် AA က သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက် သူတို့လည်း ထုတ်ပြော ထားတာ ရှိတယ်။ သူတို့ကတော့ ကွန်ဖက်ဒရေးရှင်း ဘက်ကိုသွားတဲ့ Sovereign State ဆန်ဆန် နိုင်ငံရေး ရည်မှန်းချက်ကို တွေ့ရတယ်။ တွေ့ရတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတော်ကနေပြီးတော့မှ နိုင်ငံရေးပဋိပက္ခ စစ်ရေးနဲ့ ဖြေရှင်းတဲ့နေရာမှာ တော်တော်ကြီး ကြိုးစားဖြေရှင်းရမယ့် အနေအထားအထိ ကျနော်တို့ကတော့ တွေ့ရပါတယ်။
မေး ။ ။ ဆရာ့အနေနဲ့ တခြားဖြည့်စွက် ပြောချင်တာများရှိရင် ပြောပေးပါဦး။
ဖြေ ။ ။ ပြောလိုတာကတော့ ဒီနေ့ ကျနော်တို့ရဲ့ နိုင်ငံရေးပဋိပက္ခ၊ စစ်ရေးဖြေရှင်းပုံတွေက တကယ့် အရေးကြီး တဲ့ အချိန်ထဲမှာတော့ ရောက်နေပြီ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ နိုင်ငံတွင်းထဲပဲ ကြည့်နေလို့မရဘူး။ ဒါတွေက ပထဝီနိုင်ငံရေး ဆက်စပ်ချက်တွေနဲ့ ကျနော်တို့က ဒီဟာကို ရှုမြင်ဖို့လိုတယ်။ ဒါမှ မှန်ကန်မယ်။ အချိန်၊ နောက်တစ်ခါ အကျိုးရလဒ်တွေ အကောင်အထည်ဖော်တဲ့ နေရာမှာ အားလုံး အကျိုးရှိမယ့် ဟာမျိုးကို မှန်းဆနိုင်ဖို့ လိုတယ်။
ယနေ့ အနေအထားကတော့ ဘာသွားတွေ့ရလဲဆိုတဲ့ အခါကြတော့ တရုတ်နဲ့ အမေရိကန် ပထဝီနိုင်ငံရေး လွန်ဆွဲ ပွဲတွေမှာ အရေးပါတဲ့ နေရာမှာရှိတဲ့ နိုင်ငံတွေက Bipolarization လို့ခေါ်တယ် ပေါ့နော်။ ၂ ဖက် အားပြိုင်မှုကြား ထဲမှာ များသောအားဖြင့် ဒုက္ခရောက်ကျတာ များတယ်။ အခုလက်ရှိ အီရန် အရေးအခင်းလည်း ဒီတိုင်းပဲ။ နောက် တစ်ခါ ပြီးရင် မြန်မာ။ မြန်မာကကြတော့ နိုင်ငံရဲ့ China containment policy အရ ကျနော်တို့ မလက္ကာ ရေလက် ကြား အပြင်မှာရှိတဲ့ ပင်လယ်နဲ့ ဆိပ်ကမ်းရှိတဲ့ တနင်္သာရီကမ်းရိုးတန်းဟာ အမေရိကန်တွေအတွက် အနောက် အုပ်စု အတွက် ဒီဟာက ဝင်ရမယ့်နေရလို့ မြင်ရတယ်။
နောက်တစ်ခုက တရုတ်ရဲ့ လက်ရှိ ဒုတိယ Exit trade စီပေါ့၊ Alternative Way လို့ခေါ်တဲ့ Indian Ocean ကို ထွက်မယ့် အဓိက,က ကျနော်တို့ မြန်မာနိုင်ငံပဲ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ရေနက်ဆိပ်ကမ်းတွေရှိတဲ့ ကျောက်ဖြူနဲ့ ထားဝယ်၊ ရန်ကုန်ပေါ့နော်။ အဲဒီဟာတွေက တရုတ်ရဲ့ အခုလက်ရှိ အနေထား အရင်ကလည်း အရေးကြီးတယ်။ အခုကတော့ ပိုပြီးတော့မှ အရေးပါတာပေါ့။
ဆိုတော့ ဒီပထဝီနိုင်ငံရေး ကစားချက်တွေက ဆိုက်ဆိုက်မြိုက်မြိုက် မြန်မာနိုင်ငံထဲကို ပိုလို့တောင် ရောက်လာ တယ်။ ဘာကြောင့်လဲဆိုတော့ အခု မြိတ်နဲ့ ထားဝယ်ကြားမှာ တိုက်ပွဲဖြစ်တာနဲ့ အနှေးအမြန်ပဲ ရှမ်းမြောက်မှာ သူတို့စိတ်ချရတဲ့ EAO တွေ နယ်မြေထိန်းသိမ်းမှုတွေ အပေါ်ပေါက်လာတယ်။
ဒါ့ပြင် ကျနော်တို့ ပြည်ထောင်စုလမ်းကို ဖွင့်တယ်။ ထောက်ပို့လမ်းကြောင်းတွေ ဖွင့်တယ်။ ဖွင့်ပြီးတော့မှ ခုနက အနောက်အုပ်စုနဲ့ ဆက်စပ်တဲ့ အုပ်စုတွေကို အပြီးသတ် တိုက်ခိုက်ဖို့ ပြင်ဆင်တာတွေ ဒီလိုအချက်တွေက မြန်မြန် ဆန်ဆန် ဖြစ်လာတယ်။ အချိန်က ဘာမှ မဆိုင်ဘူးလေ။ ဒီတော့ ကျနော်တို့က လက်ရှိ နိုင်ငံရေး institution တွေကို အခု ငြိမ်းချမ်းရေးနဲ့ ဆက်စပ်တဲ့ ဆောင်ရွက်နေတဲ့အဖွဲ့တွေက အခု လက်နက်ကိုင် အဖွဲ့တွေပေါ့နော်။
နောက်တစ်ခါ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ရှေးရှုတဲ့ လူတိုင်းက ဒီပထဝီနိုင်ငံရေး အရေးပါချက်တွေ globalization မှာ ဘယ်လို ဆောင်ရွက်သင့်သလဲဆိုတဲ့ဟာက ကိုယ့်ဒေသတစ်ခုတည်း ကိုယ့်နိုင်ငံတစ်ခုတည်း ကွက်ကွက်လေး ကြည့်လို့မရတော့ဘူး။ ဒါက နိုင်ငံတကာ အခင်းအကျင်းနဲ့ ဆက်စပ်ပြီး မျှော်မှန်းနိုင်မှ ကျနော် တို့ရဲ့ အနာဂတ်နဲ့ ငြိမ်းချမ်းရေးခရီးစဉ်က ဘယ်လိုဆောင်ရွက်ရမယ်၊ နောက် ဘယ်လိုတွေ ပူးပေါင်း ဆောင်ရွက် သင့်သလဲ၊ ဘယ်လိုတွေ အနီးစပ်ဆုံး ဖြေရှင်းနိုင်သလဲဆိုတဲ့ အဖြေမထွက်နိုင်သေးဘူး။ အမျှော်အမြင်ကတော့ ပိုပြီးတော့ ကျယ်ပြန့်လာတယ်လို့ ပြောချင်ပါတယ်။
