CNI Interview 

၂၀၂၆ ခုနှစ်၊ မတ်လ ၂၆

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ရက်ပိုင်းက အခွန်ကောက်ဥပဒေသစ် တစ်ရပ်ကို ထုတ်ပြန် ပြဋ္ဌာန်းခဲ့သည်။ 

တခြား တစ်ဖက်မှာလည်း စီးပွားရေး ကျဆင်းနေခြင်းနှင့် ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပြည်သူလူထု သည် တစ်ပူပေါ် တစ်ပူဆင့်သလို ရင်ဆိုင်နေကြရသည်။

ထိုအခြေအနေများနှင့် ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

မေး ။      ။ အခု အခွန် ဥပဒေအသစ်တွေ ထုတ်လိုက်တဲ့ အတွက်ကြောင့် ကုန်ထုတ်လုပ်ငန်းနဲ့ စီးပွားရေး လုပ်ငန်းမှာ ဘယ်လိုမျိုးတွေ ဖြစ်လာနိုင်တယ်လို့ မြင်ပါသလဲ။ 

ဖြေ ။       ။ အဓိက,ကတော့ ဥပဒေ ထုတ်တယ်ဆိုတဲ့အပိုင်းမှာ ကျနော်တို့က အပိုင်း ၂ ပိုင်း ရှိတယ်ပေါ့နော်။ ပထမ(၁)ပိုင်းကတော့ အစိုးရက ကျနော်တို့ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲမှု လုပ်တဲ့အခါမှာ ကျနော်တို့ ဟိုအချိန် ကာလ စည်းစနစ်နဲ့ မလျော်ညီတော့တဲ့၊ မလျော်ကန်တော့တဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲရတယ်၊ အသစ် ရေးဆွဲရတယ်၊ ဒါက ကျနော်တို့ လုပ်ရိုးလုပ်စဥ်။ 

ဒုတိယပိုင်းကတော့ ကျနော်တို့ ခေတ်ကာလနဲ့ မလျော်ညီခြင်း၊ လျော်ညီခြင်းထက် ကျနော်တို့ လက်တွေ့ ဒီကမ္ဘာကြီးပေါ်မှာ ဖြစ်ပေါ်နေတဲ့ပေါ်နော် ဒီအခြေအနေပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ဥပဒေတွေ ပြောင်းရတာမျိုးတွေ ရှိတယ်။ အသစ် ရေးဆွဲရတာမျိုးတွေ ရှိတယ်။ 

ဆိုတော့ ဒီနှစ်ပိုင်းမှာ အခုဒီ ကျနော်တို့ လက်တွေ့ မြင်နေရသလောက်ကပေါ့နော် ကျနော်တို့ ခေတ်နဲ့လျော်ညီမှု မရှိတဲ့ ဥပဒေတွေကိုကတော့ ပြီးခဲ့တဲ့ဒါ အစိုးရနှစ်ဆက် စလုံးကလည်း ဒါသူတို့ ပြင်ဆင်ခဲ့ပြီးသား ဖြစ်တဲ့အတွက် အထွေအထူး ကျနော်တို့ ထက်ပြီးပြင်ဆင်ဖို့တော့ မရှိတော့ဘူး။ 

ဥပမာ ဒဏ်ကြေးတွေကအစ၊ ကျနော်တို့ ဆုပေး ဒဏ်ပေး စနစ်တွေက အစ၊ ကျနော်တို့က ပြင်ဆင်ပြီးသားတွေ ဖြစ်တယ်။ ဒါပေမယ့် ဒီကမ္ဘာလုံးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ တိုင်းပြည် စီးပွားရေးကို ထိန်း ကျောင်းပြီးတော့ မောင်းနှင်ဖို့အတွက် လိုအပ်တဲ့ ဥပဒေကို ပြဋ္ဌာန်းတဲ့အခါမှာတော့ ကျနော်တို့က အများကြီး စဥ်းစားဖို့ လိုအပ်ပါတယ်။ အစိုးရအနေနဲ့ အဲဒီလို မဟုတ်ဘဲနဲ့ပေါ့နော် ဆန္ဒတစ်ခု ဖြစ်လိုက် ဥပဒေတစ်ခု ထုတ် လိုက်၊ ဆန္ဒတစ်ခုဖြစ်လိုက် ဥပဒေတစ်ခု ထုတ်လိုက်ဆိုရင်တော့၊ ဥပဒေဆိုတာမျိုးက ထုတ်ပြီးသွားရင်လည်း ကျနော်တို့က ဒီဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတဲ့အတိုင်းပဲ ကျနော်တို့ ဥပဒေက တည်ဖို့လိုအပ်ပါတယ်။ 

ကုန်စိမ်ရောင်းနေသူကို တွေ့ရစဉ်

ပြီးတော့ ဥပဒေအတိုင်း တိတိကျကျ လိုက်နာနိုင်ဖို့ လိုအပ်သေးတယ်။ ကျနော်တို့ လိုအပ်တယ်ဆိုတဲ့အပိုင်းမှာ ပြည်သူတွေတင် မဟုတ်ဘဲနဲ့ ဒီဥပဒေကို အကောင်အထည် ဖော်ဆောင်ရွက်ရမယ့် အပြစ်ပေး ရမယ့်လူတွေ ရှိတယ်၊ အရေးယူရမယ့် လူတွေရှိတယ်၊ အပြစ်ဒဏ် ခံရမယ့်လူတွေရှိတယ် ဒီအပိုင်းတွေမှာလည်း တိတိကျကျနဲ့ ကျနော်တို့ လိုက်ပါ ဆောင်ရွက်နိုင်မှသာလျှင်ပဲ ဥပဒေရဲ့ ဒီအာနိသင်ကလည်း ရှိမှာပေါ့ အကျိုးက လည်းရှိမှာပေါ့ ဖြစ်ပါတယ်။ 

ဆိုတဲ့အတွက် လက်ရှိမှာ ဒါ စီးပွားရေးနဲ့ပဲဖြစ်ဖြစ်၊ လူမှုရေး၊ နိုင်ငံရေးနဲ့ပဲ ဖြစ်ဖြစ်ပေါ့နော် ဒါဥပဒေတွေ ပြောင်းလဲ တာတွေ၊ ထုတ်ပြန်တာတွေရှိတယ်။ အဓိက,ကတော့ စီးပွားရေးနဲ့ပတ်က်သက်တဲ့ ဥပဒေတွေကို တစ်ခုပြီးတစ်ခု ပေါ့နော် ထုတ်ပြန်နေတဲ့ အပိုင်းတွေက လွယ်ကူချောမွှေ့စေနိုင်တဲ့ လုပ်ငန်းရှင်တွေအတွက် အကျိုးရှိမယ့် ဥပဒေ တွေဆိုရင် ပြဿနာ မရှိနိုင်ပေမယ့်၊ လုပ်ငန်းလုပ်ရတာ ပိုမိုခက်ခဲသွားနိုင်တယ်၊ ကြန့်ကြာသွားနိုင်တယ် ဆိုရင် တော့ ဒါလုပ်ငန်းရှင်အတွက်တင် မဟုတ်ပဲနဲ့ တိုင်းပြည်စီးပွားရေးမှာလည်း ထိခိုက်စရာတွေ ဖြစ်လာနိုင်ပါတယ် ဆိုတဲ့အတွက် ကျနော်တို့က ဥပဒေတစ်ခု ရေးဆွဲတဲ့နေရာမှာ ဒီတကယ့် ပြည်တွင်းမှာ ဖြစ်နေတဲ့ လုပ်ငန်းရှင်တွေ ရဲ့ အသံတွေကိုလည်း ကျနော်တို့ နားထောင်ဖို့ လိုအပ်တယ်။ 

ပြီးတော့ ဒီထုတ်ပြန်ချက် တစ်ခု ကြေညာချက် တစ်ခု ထုတ်တော့မယ်ဆိုရင်လည်း လိုက်နာပေးရမယ့် လုပ်ငန်း ရှင်တွေ၊ အလုပ်သမားတွေ၊ ကုန်သည်တွေ အစရှိသဖြင့်ပေါ့နော် ဒီစီးပွားရေး လုပ်ငန်းနဲ့ပတ်သက်တဲ့ ဥပဒေ တစ်ခု ထုတ်တော့မယ်ဆို စီးပွားရေး လုပ်ငန်းစဥ် တစ်ခုလုံးမှာ ပါဝင်ပတ်သက်သူ အားလုံးရဲ့ အသံတွေကို ကျနော်တို့က နားထောင်ပြီးသွားတော့မှ ဥပဒေတွေကို ရေးဆွဲတာတွေ၊ ထုတ်ပြန်တာတွေ လုပ်သင့်ပါတယ်။ 

ဒီလိုမှ မဟုတ်ပဲနဲ့ ကျနော်တို့က စိတ်ထဲမှာရှိသလိုမျိုး ဥပဒေတွေက ထုတ်နေမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ နိုင်ငံမှာ မဟုတ်ဘူး၊ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ဥပဒေတွေက ဒီလိုမျိုး ခဏ၊ ခဏ၊ ခဏပေါ့နော် ပြုပြင်ပြောင်းလဲဖို့ အတွက် ဥပဒေကို ထုတ်နေတယ်ဆိုတဲ့အခါမှာ အောက်မှာ လိုက်နာရတဲ့ လူတွေအတွက် မရှင်းလင်းမှုတွေ ဖြစ်နိုင်ပါတယ်၊ ဥပဒေအကြောင်း သေသေချာချာ နားမလည်ပဲနဲ့ ကျူးလွန်မှုတွေ ဖြစ်သွားနိုင်တယ်၊ ဆိုတော့ ဥပဒေဆိုတာမျိုးက နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ကျူးလွန်ရင် အရေးယူ ခံရမယ်ဆိုတာကလည်း ရှိနေတဲ့ အခါကြတော့ ပြည်သူတွေအတွက် နစ်နာပါတယ်။

ဆိုတဲ့အတွက်ကြောင့်ပေါ့နော် ဥပဒေတစ်ခု ရေးဆွဲမယ်ဆို ပြည်သူတွေကို နားလည်အောင် အသိပေးတာမျိုး၊ ချပြ တာမျိုး ပြီးတော့ ဒီဥပဒေမှာ အရေးယူရမယ့် ပြစ်ဒဏ်တွေ ပါတယ်ဆိုရင်လည်း ပညာပေးကာလ သတ်မှတ်ထား တာမျိုး အစရှိသဖြင့်ပေါ့နော် အဆင့်လိုက်၊ အဆင့်လိုက်၊ အဆင့်လိုက် ကျနော်တို့က‌ ဆောင်ရွက်သွားဖို့ လိုအပ် တယ်။

အဲဒီလို မဟုတ်ပဲနဲ့ တတ်သုတ်ရိုက်ပြီးတော့ ဥပဒေတွေကို ရေးဆွဲတာတွေ၊ ပြဋ္ဌာန်းတာတွေ၊ အတည်ပြုတာတွေ ကတော့ ကျနော်တို့ ဟိုသတိထားပြီးတော့ လုပ်ကိုင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။  တိုင်းပြည် စီးပွားရေးအတွက် ဒါတကယ့်ကိုပဲ သက်ရောက်မှု ကြီးကြီးမားမား ဖြစ်နိုင်ပါတယ်။ 

ကောင်းတဲ့ ဥပဒေလေး ထုတ်လိုက်လို့ ကောင်းသွားနိုင်တာ မျိုးရှိသလို ဥပဒေထုတ်တာမှာ ကျနော်တို့က စေတနာ အမှားတွေ ပါနိုင်တယ်၊ ပြီးတော့ စောနက ပြောတဲ့ပေါ့နော် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးရေးစွဲတွေလည်း ကျနော်တို့က ထုတ်ပြန်တာမျိုးတွေ ဆိုရင်ကျတော့ တိုင်းပြည်အတွက် မကောင်းဘူးလို့ ကျနော့်အနေနဲ့ သုံးသပ်ရမှာ ဖြစ်ပါတယ် ဗျ။

မေး ။      ။ ဟိုပေါ့လေ အခွန်သစ်၊ ဥပဒေသစ်တွေနဲ့ ပတ်သက်ပြီး၊ စီးပွားရေး လုပ်ငန်းရှင်တွေက အခွန်ဆောင် လိုက်ပြီဆိုရင် အဲဒီရဲ့ အကျိုးခံစားခွင့် ဘာတွေရှိလဲပေါ့၊ အဲဒီလိုမျိုး ခံစားခွင့်တွေရော ရှိလားပေါ့။ 

ဖြေ ။       ။ အခွန်ကတော့ ကျနော်တို့ကတော့ မဖြစ်မနေ ဒါတိုင်းပြည်မှာက ကျနော်တို့က နိုင်ငံသား တစ်ယောက် အနေနဲ့ အခွန်ဆောင် ရတာကတော့ အကျိုးခံစားခွင့် ဆိုတာထက် ကျနော်တို့က ဆောင်ကို ဆောင်ရမယ့် အလုပ် ဖြစ်ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ အစိုးရက အိမ်ဆောက်ဖို့အတွက် ကျနော်တို့က အခွန်တွေ လိုအပ်ပါတယ်၊ အစိုးရ တစ်ရပ်အတွက် အခွန်မကောက်ခံတဲ့ အစိုးရဆိုတာက အလွန် အင်မတန်မှကို ချမ်းသာကြွယ်ဝနေရင်တော့ တစ်မျိုးပေါ့၊ အခွန်လျှော့။

ကျနော်တို့ နိုင်ငံတွေ အတွက်ကျတော့ အခွန်အခက ဒါအစိုးရ အတွက်က ကြည့်ရင် လိုအပ်သလို ကျနော်တို့ ပြည်သူတွေ အနေနဲ့လည်း တာဝန်သိစွာ၊ တာဝန်ရှိစွာ ပြည်သူတစ်ယောက်၊ နိုင်ငံသားတစ်ယောက် အနေနဲ့ ကျနော်တို့က အခွန်ဆောင်ရမှာ ဖြစ်သည့်အတွက် အကျိုးအမြတ် ဘာပြန်ရမလဲဆိုတာမှာ အနည်းဆုံးတော့ ဒီကျနော်တို့က ဝင်ငွေခွန်တွေ ဆောင်လိုက်တယ်ဆိုရင် ဝင်ငွေခွန်ကနေရလာတဲ့ ကျနော်တို့ ဒီ အိမ်တွေ၊ မြေတွေ၊ ခြံတွေ၊ ကားတွေ ဝယ်တယ်ဆိုလို့ရှိရင် သက်သာခွင့်တွေ ရှိတယ်ပေါ့နော်။ သူရာခိုင်နှုန်း အလိုက်ဆိုတော့ ဒါမျိုး တွေ ပြန်ပြီးတော့ ခံစားခွင့်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အကျိုးအမြတ်ထက် ပြည်သူတွေကတော့ ဒါအခွန်က ဆောင်ရမယ့်ကိစ္စ ဖြစ်ပါတယ် တိုင်းပြည်အတွက်။ 

ဒါပေမယ့် ဒီအပိုင်းက ပြည်သူတွေ အပိုင်းဖြစ်ပြီး၊ အစိုးရအပိုင်းကျတော့လည်း ပြည်သူတွေဆီကရလာတဲ့ အခွန် အခတွေကို အလေအလွင့်မရှိဘဲနဲ့ ဇီးသီးဗန်းမှောက်တာမျိုး မဟုတ်ဘဲနဲ့ ကျနော်တို့က တိတိကျကျ သုံးစွဲသင့်၊ သုံးစွဲထိုက်တဲ့ နေရာတွေမှာ သုံးစွဲဖို့အတွက် လိုအပ်ပါတယ်။ ဒါကလည်း လွှတ်တော် ကနေပြီးတော့ ကျနော်တို့ စစ်ဆေးတာတွေ၊ စိစစ်တာတွေ၊ ပြည်သူအသံတွေ ထွက်လာတော့မှာ ဖြစ်တဲ့အတွက် ဒီလိုကိစ္စတွေကလည်း သိပ်မကြာခင်မှာ လွှတ်တော်ထဲမှာ မေးခွန်းတွေ အများကြီးနဲ့ ထွက်ပေါ်လာဖို့ ရှိတယ်လို့ ကျနော်တို့ အနေနဲ့လည်း သုံးသပ်ပါတယ်၊ မျှော်လည်း မျှော်လင့်ပါတယ်။ 

လူငယ်နှစ်ဦးကို တွေ့ရစဉ်

ဆိုတဲ့အခါကြတော့ ဒါမျိုးကလည်း ကျနော်တို့ စောင့်ကြည့်ရမှာဖြစ်ပါတယ်၊ ပြည်သူတွေ အနေနဲ့ကတော့ အခွန် ဆောင်တယ်ဆိုတာက ကျနော်တို့ တကယ်ကို လိုအပ်တဲ့ အလုပ် တစ်ခုဖြစ်ပြီးတော့ ဒီအခွန် ရှောင်တယ်ဆိုတဲ့ အပိုင်းမှာလည်း ကျနော်တို့က ဘာကြောင့် အခွန်ရှောင်လည်းပေါ့နော်၊ အခွန် မဆောင်ဘဲနဲ့ ကျနော်တို့ နေတဲ့ ပြည်သူတွေကတော့ တိုင်းပြည်အတွက် ဒါက အကျိုးမရှိဘူးပေါ့နော်။ 

အဲဒီတော့ ကိုယ်ရှာတဲ့ပိုက်ဆံပဲ ကိုယ်သုံးမယ်ကွာ တိုင်းပြည်ကို အခွန် မဆောင်ဘူးဆိုရင် အခွန်ကောက်တဲ့ အစိုးရနဲ့ မှန်မှန်ကန်ကန် ကောက်ခံပြီးတော့ အသုံးချဖို့ လိုအပ်သလို ပြည်သူတွေကလည်း မှန်မှန်ကန်ကန်ပဲ ကျနော်တို့ အခွန်ဆောင်ဖို့ လိုတယ်။ 

အဲဒီနေရာမှာ ပြည်သူတွေ အခွန်မှန်မှန်ကန်ကန် ဆောင်နိုင်ဖို့အတွက် ဝင်ငွေရှိတဲ့ ပြည်သူတွေ ဖြစ်လာအောင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ တွေကလည်း အစိုးရမှာ တာဝန်ရှိပါတယ်။ ဆိုတော့ အပြန်အလှန် အားဖြင့်တော့ ပြည်သူနဲ့အစိုးရက တစ်ဖက်နှင့်တစ်ဖက် ထိန်းကျောင်းပြီးတော့ အပြန်အလှန်အားဖြင့် တာဝန်ရှိ ကြသူတွေ ဖြစ်တဲ့အတွက် မိမိတာဝန် မိမိကျေပွန်အောင် ထမ်းဆောင်ရင်းနဲ့ပဲ ဒါတိုင်းပြည်ကို တိုးတက်အောင် လုပ်ကျရမယ့် အခြေအနေမျိုး ဖြစ်ပါတယ်။ 

အဲဒီလိုမဟုတ်ဘဲနဲ့ ဂွင်ထဲရောက်ရင် သိပ်ထည့်လိုက်မယ်ဆိုတဲ့ အစိုးရမျိုး၊ ပြည်သူကလည်း တာဝန်ရှောင်လို့ ရရင် ရှောင်မှာပဲကွာ မဆောင်ဘူးဆိုတဲ့ ပြည်သူမျိုး ဆိုရင်တော့ ကျနော်တို့ တိုင်းပြည်က ဒုံရင်းဒုံရင်းပဲ၊ နောက်ကိုပဲ ပြန်သွားနေအုံးမှာပေါ့နော်။ ဆိုတဲ့အခါကျတော့ ပြည်သူရော အစိုးရရော နှစ်ဖက်စလုံးကတော့ ကျနော်တို့ Balance မျှမျှလေးနဲ့၊ စေတနာရှိရှိလေးနဲ့၊ အလုပ်လုပ်ကြဖို့ လိုအပ်တယ်လို့ ကျနော်အနေနဲ့ သုံးသပ်ပါတယ်။

မေး ။      ။ တချို့စီးပွားရေး လေ့လာသုံးသုပ်သူတွေ သုံးသပ်နေတာက အခုလိုမျိုး အခွန်ဥပဒေတွေ ထုတ်တာက တချို့ကလည်း အခွန်တိုးကောက်ရင် အစိုးရဝင်ငွေ တိုးလာမယ်ဆိုတဲ့ ဘက်ကနေနဲ့ စဥ်းစားကြည့်တာပေါ့နော်၊ တဖက်ကလည်း အခွန်တိုးလာတာနဲ့ ပြည်သူလူထု ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်ပေါ့။ အဲ့ဒီလို သုံးသပ်နေတာတွေ အပေါ်မှာ ဘယ်လိုသုံးသပ်မိလဲ။

ဖြေ ။       ။ အဓိက,ကတော့ ကျနော်တို့က အခွန်ဆိုတဲ့ နေရာမှာ အစိုးရအနေနဲ့လည်းပေါ့နော်။ ကျနော်တို့ အခုဒီ မီတာတွေမှာ ပုဂ္ဂလိကလိုပေါ့၊ အလွှာအသီးသီး အပေါ်မှာ ကောက်ခံတဲ့ အခွန်တွေအပေါ်မှာ ကျနော်တို့က အခု လည်း အဲဒီလိုမျိုး ကောက်ခံတာတွေတော့ ရှိပါတယ်ပေါ့နော်။ 

တစ်လကို ဝင်ငွေ ဘယ်လောက်အောက် ရတဲ့လူဆိုရင် အခွန်ကင်းလွတ်ခွင့်၊ ဘယ်လောက် အထက်ဆိုရင်တော့ အခွန်ဘယ်လောက် ဒါမျိုးတွေ ခွဲခြား ကောက်ခံတာမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် အခွန်ကို ပုံစံအမျိုးမျိုးနဲ့ ကောက်ခံလိုက်လို့ အစိုးရက ဝင်ငွေ တိုးလာတယ်လို့ ပြည်သူက အကြမ်းဖျင်း တွက်ချက်လို့ ရပေမယ့်။ ပြည်သူ အတွက်ကျတော့ ဒါတကယ် မှန်ပါတယ်။ ပြည်သူတွေ အတွက်ကျတော့ နစ်နာတယ်။ 

ဘာကြောင့်လဲဆိုတော့ ကျတော့ အနည်းဆုံးတော့ စားသောက်တဲ့ စားသောက်ဆိုင်တွေမှာ အခွန်တိုးကောက် လိုက်ပြီဆိုရင် ဒီစားသောက်ဆိုင်မှာ ရှိနေတဲ့ စားသောက်ဆိုင် ပိုင်ရှင်က ပေးရတာ မဟုတ်ပါဘူး၊ လာစားတဲ့ ပြည်သူကပဲ ပေးရတာ။ ပြည်သူက အဝတ်အစား ဝယ်တဲ့အပေါ်မှာ အခွန်တိုးကောက်မယ်၊ ဖုန်းတွေ ဝယ်တဲ့အပေါ် မှာ အခွန်တိုးကောက်မယ် ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး ပြည်သူတွေဆီကိုပဲ ရောက်တာဖြစ်ပါတယ်။ ဒီဟာရဲ့ ရိုက်ခတ်မှုပေါ့။

အဲဒီတော့ ပြည်သူတွေ အနေနဲ့ကတော့ ဘယ်လောက် တိုးကောက်ကောက် ငါတို့ပေးနိုင်ပါတယ်၊ ငါတို့ ပိုက်ဆံ ရှိတာပဲ၊ ဝင်ငွေရှိတာပဲဆိုတဲ့ အခြေအနေမျိုးကို ဖန်တီးပေးနိုင်ရင်တော့ ဘာမှဒါကို ပြောစရာမရှိဘူးပေါ့နော်။ ကျနော်တို့ အဲဒီလို မဟုတ်ပဲနဲ့ ပြည်သူတွေက တစ်နေ့လုပ်မှ တစ်နေ့စား ဖြစ်နေရတဲ့ အခြေအနေမျိုးကလည်း ဒီလို အခွန်တွေက ထပ်မံနှိပ်စက်မယ်ဆိုရင်တော့ ဒါပြည်သူတွေအတွက် တော်တော်လေးကို ကျယ်ကျယ် လောင် လောင် အသံထွက်လာရမယ့် ကိစ္စမျိုး ဖြစ်တဲ့အတွက် ဆင်ခြင်သင့်ပါတယ်။ 

ကျနော်တို့ ဒါက ဟိုသေသေချာချာ ပြန်နားထောင်ပြီးတော့၊ ပြည်သူ့အသံကို နားထောင်ပြီးတော့ ပြောင်းသင့်တဲ့ အရာတွေကို ပြောင်းရမှာ ဖြစ်ပါတယ်။ ဒါကတော့ ပြည်သူတွေဘက်က ဖြစ်ပါတယ်။ အစိုးရဘက်ကတော့ အခွန် တွေကို ပြည်သူတွေဆီကနေ လက်လီစိပ်ပြီးတော့ ကောက်မယ့်အစား၊ တကယ့် လုပ်ငန်းရှင်ကြီးတွေ ကျနော်တို့ အခွန်‌ဆောင်ဖို့အတွက် ဆောင်သင့် ဆောင်ထိုက်တဲ့ အရာတွေကို မဆောင်သင့် မဆောင်ထိုက်ထားတဲ့ ဟာတွေကို သေသေချာချာ စိစစ်ကြပ်မတ်ပြီးတော့ အခွန်ကောက်လိုက်ရင် စီစဥ်ပြီးတော့ ကောက်တဲ့ သေးသေး၊ သေးသေး လေးတွေထက် အများကြီးပိုရမယ့် အခြေအနေမျိုးတွေလည်း ရှိပါတယ်။ 

ဆိုတော့ ရနိုင်တဲ့ လုပ်ငန်းတွေ၊ အခွင့်အလမ်းတွေကို ချပြပြီးတော့ အစိုးရက ဒါမျိုးတွေလုပ်ဖို့ တိုင်းရင်းသား လုပ်ငန်းရှင်တွေကို တွန်းအားပေးတာမျိုး၊ နောက် အားပေးအားမြောက်တာမျိုး လုပ်ပြီးတော့ အခွန်အခတွေကို ကောက်ခြင်းအားဖြင့် တစ်နေ့လုပ် တစ်နေ့စားရတဲ့ ပြည်သူတွေလည်း သက်သာမယ်၊ အစိုးရလည်း အခွန်ရမယ် ဆိုတဲ့ အခြေအနေမျိုးတွေ မြင်ပါတယ်။

မေး ။      ။ ဟိုပေါ့လေ အန်ကယ် အဲဒါတွေကိုရောဘယ်လိုမျိုးကို ဘယ်လိုမျိုးအကောင်ထည် ဖော်သင့်လဲပေါ့။

ဖြေ ။       ။ အဓိက,ကတော့ ကျနော်တို့နိုင်ငံမှာ အခွန်အများဆုံးရနိုင်တဲ့ အစိုးရဆိုရင် ဓာတ်သတ္ထု တူးဖော်တဲ့လုပ် ငန်းတွေရှိတယ်၊ ဘဘာဝ ဓာတ်ငွေ့တွေ၊ တွင်းထွက်တူးဖော်တဲ့ လုပ်ငန်းတွေ၊ ‌ရွှေတူးတဲ့ လုပ်ငန်းတွေ၊ အစရှိတဲ့ ဟာတွေပေါ့နော်။ သယံဇာတ တူးဖော်တဲ့ဟာတွေ ဒါတွေက ကျနော်တို့ အကန့်အသတ်နဲ့ ရှိတဲ့အတွက်ကြောင့် မို့လို့ ကျနော်တို့ တချို့လုပ်ငန်းတွေက ကျနော်တို့ ပိတ်ထားရတာတွေရှိတယ်။ 

နယ်မြေ မတည်ငြိမ်မှုကြောင့် လုပ်ငန်းဆောင်ရွက် မနိုင်တာမျိုးတွေ ရှိတယ်။ ပြီးတော့ ပြည်ထောင်စု ဒီလက်ရှိ အစိုးရအဖွဲ့ပေါ့နော်၊ အစိုးရအဖွဲ့ လက်လှမ်းမမှီတဲ့ နယ်မြေစိုးမိုးဖို့ ခက်ခဲတဲ့ နေရာတွေမှာ ကျတော့လည်း တရား မဝင် ရွှေလုပ်ကွက်တွေ တူးဖော်နေတာတွေ၊ ကျွန်းသစ်တွေ ခိုးထုတ်နေတာတွေ အများကြီးပဲ ကျနော်တို့ ရှိနေတာဆိုတော့ အဲဒီလို နေရာတွေကို မြန်မြန်ငြိမ်းချမ်းအောင် လုပ်ပြီးသွားရင် တရားဥပဒေ စိုးမိုးမှု များများ ရအောင် မြန်မြန်လုပ်၊ ပြီးရင် အဲဒီနေရာတွေမှာ တိုင်းရင်းသား လုပ်ငန်းရှင်တွေကို နေရာပေး၊ အကန့် အသတ်နဲ့ တူးဖော်မှုတွေပေး၊ ထုတ်လုပ်ခွင့်တွေပေး၊ အဲဒီပေးတဲ့အပေါ်မှာ အစိုးရက အခွန်ကို ကြပ်ကြပ်မတ်မတ်ကောက် ဒါမျိုးဆိုရင် အများကြီးပဲ ဖြစ်မှာပေါ့။ 

အခုက ကျနော်တို့က စိုးမိုးတဲ့ နေရာရှိတဲ့ နေရာတွေမှာပဲ ကျနော်တို့က လုပ်ဆောင်နိုင်ပြီးတော့၊ မစိုးမိုးနိုင်တဲ့ နေရာ၊ ခက်ခဲနေသေးတဲ့နေရာ၊ အလှမ်းဝေးတဲ့ နေရာတွေ ကျနော်တို့ ဒါမျိုးတွေကလည်း အများကြီးကို တိုင်းပြည် အတွက် နစ်နာတော့ တော်တော်လေးကို စိတ်မကောင်းဖြစ်စရာ အခြေအနေမျိုး ဖြစ်ပါတယ်။ 

ဗိုလ်ချုပ်ဈေးကို တွေ့ရစဉ်

ဖက်ဒရယ်တိုင်းပြည်အတွက် စောနကပြောတဲ့ အခွန်တွေ များများရအောင်တော့ ဒီသယံဇာတ တူးဖော်ရေး လုပ်ငန်းတွေမှာ ကျနော်တို့က ခွင့်ပြုသင့် ခွင့်ပြုထိုက်တဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ ကျနော်တို့ ခွင့်ပြု ရတာမျိုးတွေ တရားဝင် လုပ်ကွက်ပေးတာ မျိုးတွေပေါ့နော်။ ပြီးတော့ အခွန်အကောက်တွေ ပြန်ကောက်တာ မျိုးတွေ အဲဒီလို မဟုတ်ပဲနဲ့ တရားဝင် လုပ်ခွင့်မရတဲ့ နေရာတွေမှာ တရားမဝင်တွေ လုပ်နေပြီးတော့ အစိုးရလည်း အခွန်မရ၊ တိုင်းပြည်လည်း နစ်နာတာတွေ အများအပြား တွေ့ရတဲ့အတွက် သေသေချာချာ စိစစ်ကြပ်မတ်ပြီးတော့ ဒါမျိုးတွေကို အကောင်အထည်ဖော်လိုက်ရင်‌ ရှေ့မှာ ကျနော်တို့ သေးသေး၊ သေးသေးလေးတွေ ကောက်နေတဲ့ အခွန်ထက် အများကြီး ရနိုင်တဲ့ အခွန်တွေရှိတယ်လို့ ကျနော့်အနေနဲ့ ထင်ပါတယ်။ ဆိုတော့ ဒါမျိုးလေးတွေ လုပ်ရပါမယ်။

မေး ။      ။ အခုလိုမျိုး ဥပဒေတွေက အစိုးရရဲ့ မူဝါဒနဲ့ ဆိုင်တယ် ဆိုပြီးမှလည်း သုံးသပ်နေကြတာမျိုးရှိတယ် အဲဒါကိုရော ဘယ်လိုမြင်လဲ။

ဖြေ ။       ။ ကျနော်တို့ တစ်ဖက်မှာ အစိုးရတင် မဟုတ်ပါဘူး။ ကျနော်တို့လည်း ပထမဆုံးကြုံရတဲ့ first experience ပဲလေ။ ဆိုတော့ သေချာပါတယ်၊ ကျနော်တို့ရဲ့ သက်တမ်းမှာရှိနေတဲ့ လူအများစုကလည်း ဒါ နှစ်ပေါင်း ၁၀၀ အတွင်းထဲမှာ တစ်ခါမှ မကြုံဘူးတဲ့ဟာတွေ ကျနော်တို့ ကြုံရတာဖြစ်တဲ့အတွက် လူအများစု အတွက်ကတော့ first experience တွေပဲ အားလုံးက။ ပြောမယ်ဆိုရင် ငလျင်ဆိုလည်း ဒီလိုပဲ၊ ကိုဗစ်ဆိုရင်လည်း ဒီလိုပဲ အစရှိသဖြင့် ကျနော်တို့ အဲဒီတော့ ဒီလိုဟာတွေကို ခါးစည်းပြီးတော့ ခံလာရတာ ဖြစ်တဲ့အတွက် တချို့ ထုတ်ပြန်ချက်တွေ၊ အစိုးရရဲ့ ကြေညာချက်တွေ၊ မူဝါဒတွေ ဆိုတာကလည်း အမြဲတမ်းကြီး အားလုံးမှန်နေတယ်လို့ ကျနော်တို့ ပြောလို့ မရဘူးပေါ့နော်။ 

ဆိုတော့ အားနည်းချက်တွေ ရှိနိုင်တယ်၊ လွဲမှားတာတွေ ရှိနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရသည်လည်း လူသားတွေထဲက လူပဲဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံကသူပဲ ဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့နဲ့ သိပ် ထူး ခြား,ခြားနားမှုမရှိတဲ့ ဥာဏ်ရည်ဥာဏ်သွေးကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။ တခြား ဂြိုလ်ကနေလာတဲ့ ဂြိုလ်သားတွေ အုပ်ချုပ်နေတာ မဟုတ်တဲ့အတွက် သူတို့လည်း လူထဲကလူ ဖြစ်တဲ့အတွက် လူတိုင်းကတော့ အမှားမကင်းဘူးပေါ့နော်။ 

ဆိုတော့ ဒီအပိုင်းမှာ ရှေ့ကပြောခဲ့သလို ပထမဆုံး အတွေ့အကြုံတွေ ဖြစ်တော့ ပိုဆိုးပါတယ်။ အခုဒီလို ကိစ္စဆိုလည်း ဒါအရှေ့အလယ်ပိုင်းမှာ ဖြစ်လာတဲ့ စစ်ပွဲရဲ့ သက်ရောက်မှုက ကျနော်တို့တင် မဟုတ်ဘဲနဲ့ တခြား နိုင်ငံတွေမှာလည်း ဖြစ်တော့ ဒီလိုပဲပေါ့နော် နီးစပ်ရာကို ကျနော်တို့ အနည်းဆုံးတော့ ကားတွေအကုန်လုံး၊ မော်တော်ယာဥ်တွေ၊ စက်တပ်ယာဥ်တွေ အကုန်လုံး ကျနော်တို့ တစ်ဝက်လောက်ကို လျှော့ချင်တယ်ကွာ ဒါပေမယ့် နှစ်စီးထဲက တစ်စီးပဲ ထွက်ရမယ်ဆိုတဲ့ ဟာမျိုးတွေထက် ဒီလို “စုံ/မ”ခွဲတာကတော့ အလွယ်ကူဆုံး ဖြစ်ပါလိမ့်မယ် ဆိုတာမျိုးတွေပေါ့နော်။ လူတွေအတွက် လှောင်ရီစရာ ဖြစ်ပေမယ့်လည်း တကယ်တမ်း အရေးပေါ် ကြုံလာရတဲ့ အခြေအနေမျိုးမှာ အမြန်ဆုံး ထုတ်ပြန်ရတဲ့ ထုတ်ပြန်ချက်မျိုး ဖြစ်တဲ့အတွက် ဒါလည်း သဘာဝ ကျတယ်လို့ပဲ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်။ 

နောက်တစ်ချက်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင်လည်း ကျနော်တို့ ဒီလို ထုတ်ပြန်ချက်၊ ဒီလို ကြေညာချက်တွေနဲ့ အစိုးရလုပ်နေရတယ်ဆိုတဲ့ အပိုင်းကလည်း ကိုယ်တိုင်လည်း ထွက်ပေါက်ရှာသလို အစိုးရအနေနဲ့လည်း ထွက်ပေါက်ရှာနေရတာ ပေါ့နော်။ 

ဒါစက်သုံးဆီကို မပြတ်လတ် သွားအောင်ပေါ့၊ သူက ပြတ်လတ်လို့ကလည်း မရဘူး။ ဒီပစ္စည်းက တိုင်းပြည် အတွက်ဆိုတော့ ရနိုင်တဲ့ နေရာတွေကနေ သူတို့ရှာနေတယ်ဆိုတာလည်း ကျနော်တို့ကြားတယ်၊ သိတယ်။ ဆိုတော့ အဲဒီစျေးနဲ့ရနေမှ အတက်နိုင်ဆုံး အနည်းဆုံး သုံးဖို့အတွက်ကိုလည်း သူတို့ ပုံစံမျိုးစုံနဲ့ ကျနော်တို့ ထုတ် ပြန်ချက်တွေပေါ့လေ၊ ကြေညာချက်တွေ၊ အသိပေးချက်တွေ ထုတ်ပေးတယ်ဆိုတာကိုလည်း ကျနော်တို့သိတယ်။ 

ဆိုတော့ ဒါလေးတွေကိုလည်း ပြည်သူတွေက လိုက်နာပြီးတော့ ကျနော်တို့ တက်နိုင်သလောက်ကလေး အားလုံး ကျော်ဖြတ်ရမယ့် အခြေအနေမျိုးပေါ့။ ဒီနေရာမှာတော့ အစိုးရတစ်ခုထဲကိုပဲ ကျနော်တို့က အပြစ်ပုံချနေလို့ မရ ဘူး။ ဒါသူလုပ်တဲ့ကိစ္စလည်း မဟုတ်ဘူးဆိုတော့ပေါ့နော်။ 

သူလည်း တက်နိုင်သလောက် စွမ်းဆောင်တယ်။ ပိုဆိုးတာ ကျနော်တို့ထက် ပိုပြီးတော့ စက်မှုထွန်းကားတဲ့ နိုင်ငံတွေ တောင်မှပဲ၊ ရေနံဆီ အမြောက်အများ သိုလှောင်ထားနိုင်တဲ့ နိုင်ငံတွေတောင်မှပဲ ဒီလို အခက်အခဲတွေ ရင်ဆိုင်နေရပြီတော့ ကျနော်တို့ အတွက်ကတော့ ဒါရင်ဆိုင်ရတာ မစမ်းဘူးပေါ့နော်။ ကမ္ဘာနဲ့ချီပြီး ရင်ဆိုင်ရတဲ့ ပြဿနာဖြစ်တော့ ဆိုတော့ အားလုံးကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဝိုင်းဝန်းကြိုးစားပြီး အဖြေရှာရမှာ။

 အဲဒီတော့ ကျနော် ပြောချင်တာကတော့ ဒီနေရာမှာကတော့ အစိုးရတစ်ခုထဲကိုပဲ ကျနော်တို့ အပြစ်တင် နေတာ မျိုးတွေ၊ အစိုးရကို ဝေဖန်နေတာမျိုးတွေပေါ့၊ အပြစ်တင်တာထက် ဝေဖန်နေတာမျိုးတွေ လုပ်မယ့်အစား ကိုယ် ကိုယ်တိုင်မှာ အကြံဥာဏ်ရှိတယ်၊ idea ရှိတယ်ဆိုရင်လည်း လက်တွေ့ကျကျ ဒါကျနော်တို့ ဒီဟာတွေပေါ်မှာ ချပြ ဆွေးနွေးပြီးတော့ အကောင်အထည် ဖော်ကြည့်လို့ရပါတယ်။ 

ဆိုတော့ ပြောချင်တာက အခု ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ကလည်း စောင့်ကြည့်နေတာပဲ၊ ကျနော်တို့ ကိုယ်တိုင်လည်း ဘာလုပ်ရင် ကောင်းမလဲပေါ့နော် အများကြီး စဥ်းစားရတာပဲ၊ လုပ်ငန်းရှင်တွေလည်း ကိုယ့်လုပ်ငန်းပေါ်မှာ ငါတို့ဘယ်အချိန်မှာ လာသက်ရောက်မလဲ၊ စက်သုံးဆီ ကိစ္စတွေက ဘယ်လို ဖြစ်လာမလဲဆို တာကအစ ကြိုတင်တွေးဆပြီးတော့ ဒါလုပ်ရတဲ့ အပိုင်းတွေ ဖြစ်တဲ့အတွက် အားလုံးကတော့ ကြိုတင်တွေးဆပြီး လုပ်ကြဖို့ လိုအပ်ပါတယ်။ ဒီအခြေအနေမှာတော့ အစိုးရတစ်ခုထဲကိုပဲ ကျနော်တို့က ကြည့်နေလို့တော့ သိပ်မရဘူး လို့တော့ ထင်ပါတယ်။

အခြေခံလူတန်းစားများကို တွေ့ရစဉ်

မေး ။      ။ နောက်ဆုံးအနေနဲ့ အစိုးရရဲ့ အခွန် ဥပဒေသစ်တွေနဲ့ ပတ်သက်ပြီးတော့ ဘာများ ဖြည့်စွက် ပြောချင်တာရှိပါသလဲ။

ဖြေ ။       ။ ကျနော့် အနေနဲ့ကတော့ ဥပဒေတစ်ခု ထွက်လာရင် ပြည်သူကို အကျိုးပြုတဲ့ ဥပဒေဆိုရင် Welcome ပါပဲ။ ဘယ်လို ဥပဒေပဲဖြစ်ဖြစ်၊ ဒါပေမယ့် အဲဒီလို မဟုတ်ပဲနဲ့ ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ့် ဥပဒေ ဆိုရင်တော့ မကြိုဆို(Welcome)ဘူးပေါ့ဗျာ၊ တိုက်ရိုက် ပြောရမယ်ဆိုရင်တော့ ဘယ်လို ပြောရမလဲဆိုရင် ပြန်ပြီးတော့ သုံးသပ်ကြပါ၊ ပြန်ပြီးတော့ စဥ်းစားကြပါအုံး ဒီလိုပဲပြောရမှာပေါ့ ဒီတစ်ခုကတော့။

ဒါပေမယ့် ဒီအခွန်ဥပဒေနဲ့ ပတ်သက်လို့၊ အခွန်တွေနဲ့ ပတ်သက်လို့ ဥပဒေအသစ်တွေ ထွက်လာတယ် ကောက်ခံမှု နှုန်းထား ပြောင်းလဲတာတွေလည်း ဖြစ်နိုင်သလို တခြားပေါ့နော်၊ အခွန် အပိုင်းဆိုင်ရာ ဒါဥပဒေတွေ ထွက်လာ တယ်ဆိုတဲ့ အပေါ်မှာလည်း။ တိုင်းပြည်ရဲ့ တကယ့် စီးပွားရေးကို မောင်းနှင်ပေးနေရတဲ့ ကျနော်တို့ လုပ်ငန်းရှင် တွေ ပြည်သူတွေက ကျနော်တို့က အခြေခံ လူတန်းစားတွေက များပါတယ်၊ လက်လုပ်လက်စားတွေ များပါတယ်၊ ကျနော်တို့ နိုင်ငံမှာက ဆင်းရဲ့တဲ့ နိုင်ငံဆိုတော့ ပိုဆိုးတာပေါ့။ ဆိုတော့ အဲဒီလူတွေ အပေါ်မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်စေအောင်လို့တော့ ဂရုစိုက်ဖို့ လိုအပ်ပါတယ်၊

 အဲဒီလို မဟုတ်ဘဲနဲ့ ဝန်ထုတ်ဝန်ပိုး ဖြစ်ပြီးတော့မှ တိုင်းပြည်ကို တည်ဆောက်မယ်ဆိုတဲ့ အတွေးမျိုးဆိုရင်တော့ ဒါစေတနာ မမှန်တဲ့ အ‌တွေးလို့ပဲ ကျနော့် အနေနဲ့ သုံးသပ်ပါတယ်။ ဆိုတော့ လက်ရှိအစိုးရ၊ တာဝန်ရှိသူတွေ အနေ နဲ့လည်း စေတနာမှန်တဲ့ အတွေးတွေနဲ့တော့ ဥပဒေတွေကို ရေးဆွဲပြီးတော့ ကျနော်တို့ ပြဋ္ဌာန်းနိုင်လိမ့်မယ်လို ယုံကြည်ပါတယ်၊ မျှော်လင့်ပါတယ်။ 

ဆိုတဲ့အတွက်ကြောင့်မို့လို့ ဒီလိုမျိုး ဥပဒေတွေပဲ ဖြစ်လာပါစေလို့ ကျနော့် အနေနဲ့ ဆုတောင်းပါတယ်။ ဆိုတော့ ပြင်သင့် ပြင်ထိုက်တဲ့ ဥပဒေတွေ ဆိုရင်လည်း လွှတ်တော်ပေါ်လာပြီ၊ လွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီကနေ တဆင့် ကျနော်တို့ ဥပဒေတွေ ပြင်ဖို့လည်း အများကြီး မျှော်လင့်တာရှိပါတယ်။ 

စီးပွားရေးနဲ့ပတ်သက်ပြီး ပြင်ရမယ့် ဥပဒေတွေလည်း အမြောက်အများ ရှိနေသေးတဲ့ အခါကြတော့ ဒီဥပဒေတွေ ကို ဦးစားပေးပြီးတော့ ပြင်ဆင်နိုင်တယ်လို့ ယုံကြည်တယ်ပေါ့နော်၊ မျှော်လင့်တယ်ဆိုတော့ ဒီလိုမျိုး အမှတ်တွေ၊ စီးပွားရေးအကြောင်း နားလည်တက်ကျွမ်းတဲ့ အမတ်တွေလည်း လွှတ်တော်ထဲကို အများကြီး အခုဟာက ရောက် နေတာမျိုး ကျနော်တို့ မြင်တွေ့ရတဲ့ အခါကြတော့ ကျနော်တို့ထက်ပိုပြီးတော့ ကောင်းတဲ့ idea တွေနဲ့၊ ဥပဒေတွေ နဲ့ သိပ်မကြာခင်မှာ ကျနော်တို့ ပြည်သူတွေအတွက် အကောင်းဆုံး အခြေအနေတွေကို‌ ရောက်လာအောင်လို့ တော့ ပြဋ္ဌာန်းနိုင်တဲ့ ဥပဒေအသစ်တွေ ထွက်လာဖို့တော့ မျှော်လင့်ပါတယ်။ 

အဲဒီလိုမှ မဟုတ်ပဲနဲ့ ပိုပြီးခက်ခဲတဲ့ ဥပဒေတွေ ထွက်လာတယ် ဆိုရင်တော့လည်း ဒါ လွှတ်တော်ကနေပဲ မေးမြန်း ရတာတွေ၊ ကျနော်တို့က ပြည်သူ့အသံကို ထွက်အောင် လုပ်ရတာမျိုးတွေ၊ ကျနော်တို့ လွှတ်တော်ကနေတစ်ဆင့် လွှတ်တော် လမ်းကြောင်းကနေတဆင့် ဆောင်ရွက်ရမှာတွေလည်း ရှိတာပေါ့နော်။

အဲဒီတော့ ပြင်သင့်ပြင်ထိုက်တဲ့ ဥပဒေတွေ ရှိနေရင်လည်း ပြည်သူတွေက ဘာတွေ ပြင်ရမယ်ဆိုတဲ့ဟာမျိုးတွေ ဝိုင်းဝန်းဆွေးနွေးပြီး အဖြေရှာဖို့ လိုအပ်သလို အစိုးရအနေနဲ့လည်း တကယ် စေတနာမှန်မှန်နဲ့ ပြည်သူကို အလုပ် အကျွေးပြုတဲ့ အစိုးရမျိုး ဖြစ်မယ်ဆိုရင်တော့ ပြည်သူအတွက် နစ်နာမှု မရှိစေမယ့်၊ ဝန်ထုပ်ဝန်ပိုး မဖြစ်စေမယ့် ဥပဒေမျိုးတွေပဲ ကျနော်တို့က ပြဋ္ဌာန်းပေးဖို့အတွက် အများကြီး မျှော်လင့်ပြီးတော့ တောင်းဆိုချင်ပါတယ်ဗျ။