CNI International News

မော်စကို၊ ဇန်နဝါရီ ၂၉

ယူကရိန်းသည် အဒေါ့ဖ် ဟစ်တလာ (Adolf Hitler) ၏ လက်မရွံ့တပ်ဖွဲ့ဖြစ်သည့် SS တပ်ဖွဲ့ကို အမွှမ်းတင်နေ ကြောင်း ရုရှားသမ္မတ ပူတင် (Vladimir Putin)က ပြောကြားခဲ့သည်။

ထို့နောက် နာဇီဝါဒကို အမြစ်ဖြတ် ချေမှုန်းမည်ဟု ပူတင်က ကတိပြုခဲ့ကြောင်း Moscow Times မှ ဖော်ပြခဲ့သည်။ 

ပူတင်သည် လီနင်ဂရက် (Leningrad) မြို့ ဝိုင်းဝန်ပိတ်ဆို့ခံရမှု အဆုံးသတ်သည့် နှစ်ပေါင်း ၈၀ ပြည့် အထိမ်း အမှတ် အခမ်းအနားဖွင့်ပွဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ပူတင်သည် ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်သည့် ရုရှား၏ စစ်ပွဲအား တရားမျှတကြောင်း ဖော်ပြရန်အတွက် ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတို့အပေါ် ဆိုဗီယက်ယူနီယံ၏ အောင်ပွဲဆင်နွှဲမှုကို မကြာခဏ ရည်ညွှန်း ပြောဆိုလေ့ရှိသည်။

ယူကရိန်းက ခေတ်သစ် နာဇီများကိုတွေ့ရစဉ်

ယူကရိန်းသည် နာဇီဝါဒ အမြစ်ဖြတ်ရန်လိုအပ်သည့် ဖက်ဆစ်နိုင်ငံဖြစ်ကြောင်း ပူတင်က စွပ်စွဲခဲ့သော်လည်း ထိုစွပ်စွဲချက်များသည် မှားယွင်းနေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ 

"ယူကရိန်းအစိုးရဟာ ဟစ်တလာရဲ့ အပေါင်းပါတွေဖြစ်တဲ့ SS တပ်ဖွဲ့ကို ချီးကျူးဂုဏ်ပြုနေပါတယ်။ ရုရှားနိုင်ငံ ကတော့ နာဇီဝါဒကို အမြစ်ဖြတ်ဖို့ ဖြစ်နိုင်ချေရှိတာမှန်သမျှ လုပ်ဆောင်သွားမှာပါ။ နာဇီ အာဏာပါးကွက်သား တွေဟာ ဒီနေ့အချိန်မှာ သူတို့ကိုယ်သူတို့ ဘယ်လိုဘဲ သုံးနှုန်းဖော်ပြနေပါစေ၊ သူတို့ဟာ ပျက်စီးခြင်းနဲ့ ကြုံတွေ့နေ ပါပြီ" ဟု ပူတင်က စိန့်ပီတာစဘတ်ချ် (Saint Petersburg) မြို့အနီးတွင် ပြောကြားခဲ့သည်။

လီနင်ဂရက်မြို့သည် ပူတင်၏ မွေးရပ်မြို့ဖြစ်ပြီး လက်ရှိတွင် စိန့်ပီတာစဘတ်ချ်ဟု အမည်ပြောင်းလဲခဲ့သည့်် မြို့ဖြစ်သည်။ 

ယူကရိန်း၊ အနောက်နိုင်ငံများနှင့် လွတ်လပ်သည့် ကျွမ်းကျင်ပညာရှင်များကမူ ယူကရိန်းကို နာဇီနှင့် နှိုင်းယှဉ် နေသော ပူတင်၏ ပြောကြားချက်များကို ငြင်းပယ်ထားကြသည်။ 

ဒုတိယကမ္ဘာစစ်အတွင်းက လီနင်ဂရက်မြို့ကို ဂျာမန်တပ်ဖွဲ့များက ၈၇၂ ရက်ကြာ ဝိုင်းဝန်းပိတ်ဆို့ထားသည့် အချိန်ကာလအတွင်း ထိုမြို့တွင် လူပေါင်း ၈၀၀,၀၀၀ ကျော်သည် အစာရေစာ ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယ များ ဖြစ်ပွားမှုနှင့် ဗုံးကြဲတိုက်ခိုက်ခံရမှုတို့ကြောင်း သေဆုံးခဲ့သည်။

ယူကရိန်းအလံကိုတွေ့ရစဉ်

ပူတင်သည် ဇန်နဝါရီ ၂၇ ရက် အစောပိုင်းကလည်း လီနင်ဂရက်မြို့ ပိတ်ဆို့ခံရချိန်အတွင်း သေဆုံးခဲ့သည့်အတွက် လွမ်းသူပန်းခွေချသည့် အခမ်းအနားကို တက်ရောက်ခဲ့သည်။ 

ဆိုဗီယက်တပ်နီတော်သည် ၁၉၄၄ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်တွင် လီနင်ဂရက်မြို့အား ပိတ်ဆို့ထားသည့် ဂျာမန် တပ်ဖွဲ့များ၏ ပိတ်ဆို့မှုကို ချိုးဖျက်နိုင်ခဲ့သည်။ 

ပူတင်သည် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးမှ မွေးဖွားခဲ့ခြင်းဖြစ်သော်လည်း သူ့အစ်ကို အကြီးဆုံးသည် လီနင်ဂရက်မြို့ ပိတ်ဆို့ခံခဲ့ရချိန်က အစားအစာငတ်မွတ် ခေါင်းပါးပြီး သေဆုံးခဲ့သည်။

ဆိုဗီယက်ယူနီယံသည် နာဇီဂျာမနီနှင့်ဖြစ်ပွားသည့် "မဟာ မျိုးချစ် စစ်ပွဲ" (Great Patriotic War) ဟု အမည်ပေး ထားသည့် စစ်ပွဲတွင် လူပေါင်း ၂၇ သန်းကို ဆုံးရှုံးခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း လူသေဆုံးမှု အများဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

Source: Moscow Times