CNI International News

ကိယက်ဗ်၊ မေလ ၉

၁၉၄၅ နာဇီဂျာမနီများ စစ်ပွဲတွင် ရှုံးနိမ့်သကဲ့သို့ ယူကရိန်းရှိ ရုရှားတပ်များသည်လည်း ချေမှုန်းခံရမည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီး (Volodymyr Zelensky) က တနင်္လာနေ့တွင် ကြုံးဝါးခဲ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။

ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနား မိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကိယက်ဗ်(Kyiv) မြို့ရှိ စစ်သူရဲကောင်း အခမ်းအနားတွင် မှတ်တမ်းတင်ထားသည့် ဇာလန်းစကီး၏ မိန့်ခွန်းသည် ရုရှားတွင် စစ်အောင်ပွဲနေ့ မတိုင်ခင် တစ်ရက်အလို၌ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဆိုဗီယက်စစ်ပွဲ အထိမ်းအမှတ် အခမ်းအနားကို ရင်ပြင်နီ (Red Square) တစ်လျှောက် စစ်ရေးပြ အခမ်းအနားဖြင့် ပြုလုပ်သွားမည်ဖြစ်ကာ လုံခြုံရေးကိုလည်း တင်းကြပ်ထားသည်။

 

ယူကရိန်းတပ်ဖွဲ့ကို တွေ့ရစဉ်

ရုရှားတို့ ပြန်လည် အသက်သွင်းရန် ကြိုးပမ်းနေသည့် မိစ္ဆာများအားလုံးသည် နာဇီဝါဒ ကျဆုံးသကဲ့သို့ ကျဆုံးရ မည်ဟု ဇာလန်းစကီးက ကိယက်ဗ်မြို့ ဒုတိယကမ္ဘာစစ် အထိမ်းအမှတ်ပန်းခြံ၌ ပြောသည့် မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

ယခင်တုန်းက မကောင်းဆိုးဝါးများကို အတူတကွ ဖျက်ဆီးခဲ့သည့်အတိုင်း ယနေ့အချိန်တွင်လည်း အတူတကွ နှိမ်နင်းလျက်ရှိသည်ဟု ဇာလန်းစကီးက ပြောသည်။

၁၉၄၅ ခုနှစ်၊ မေလ ၈ ရက်နေ့က မဟာမိတ်တပ်များထံ နာဇီဂျာမနီများ လက်နက်ချသည့် အထိမ်းအမှတ်ဖြစ် သော ဥရောပအောင်ပွဲနေ့ အခမ်းအနားတွင် ဇာလန်းစကီးက ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းတွင် ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် အခမ်းအနားကို မေလ ၈ ရက်တွင် ကျင်းပရန် တရားဝင် အသိ အမှတ် ပြုရေးအတွက် လွှတ်တော်သို့ တောင်းဆိုသည့် မူကြမ်းတစ်ခု တင်ထားကြောင်းလည်း ဇာလန်းစကီးက ပြောသည်။

ဇာလန်းစကီးနဲ့ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန်ကို တွေ့ရစဉ်

ယူကရိန်းသည် ရုရှားနှင့် တခြားသော ဆိုဗီယက်နိုင်ငံဟောင်းများနည်းတူ အထိမ်းအမှတ် အခမ်းအနားကို မေလ ၉ ရက်တွင်သာ နှစ်စဉ်ကျင်းပခဲ့သည့် နိုင်ငံဖြစ်သည်။

ယူကရိန်းအနေဖြင့် ဥရောပအောင်ပွဲနေ့ကို မေလ ၉ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဇာလန်းစကီးက ပြောသည်။

ယင်းက ဥရောပတိုက်အတွက် ငြိမ်းချမ်းရေးနှင့် စည်းလုံးမှုကိုပါ မြှင့်တင်ပေးသည်။

ယူကရိန်းအစိုးရ၏ လုပ်ဆောင်ချက်များကို ဥရောပသမဂ္ဂဘက်မှ ထောက်ခံကြောင်းပြောကာ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန်သည် ဇာလန်းစကီးနှင့် တွေ့ဆုံရန် အင်္ဂါနေ့တွင် ယူကရိန်းသို့ လာရောက်မည်ဟု ပြောသည်။

Source:Bangkokpost