CNI International News

ဂူဝါဟာတီ၊ မေလ ၉

မဏိပူရ်(Manipur)ပြည်နယ်တွင် အကြမ်းဖက်မှုများ ရှိလာနေခြင်းကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်မှာ အိန္ဒိယစစ်တပ်နှင့် အာသံရိုင်ဖယ်တပ်တို့က လေကြောင်းမှ စောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိကြောင်း NORTHEAST NOW သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်ထားခြင်းကြောင့် နယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များအနေ ဖြင့် ပြည်နယ်တွင်းသို့ ဝင်ရောက်မလာနိုင်ကြောင်း အိန္ဒိယအရာရှိတစ်ဦးက ပြောသည်။

နယ်စပ်တစ်လျှောက်ရှိ စခန်းများတွင် နေထိုင်ကြသော မဏိပူရ်အခြေစိုက် လက်နက်ကိုင်အဖွဲ့များကြောင့် ပြည်နယ်အတွင်း ပုံမှန် အခြေအနေ ပြန်ဖြစ်ရေး လက်ရှိ အင်တိုက်အားတိုက် အိန္ဒိယအစိုးရက ကြိုးပမ်းမှုများ အပေါ် အနှောင့်အယှက် ဖြစ်နေသည်။

မဏိပူရ်ပြည်နယ်အတွင်း အဓိကရုဏ်းကြောင့် ကားများမီးရှို့ခံထားရစဉ်

ထို့ကြောင့် လက်ရှိ မဏိပူရ်ပြည်နယ်ရှိ ပဋိပက္ခအခြေအနေသည် လုံခြုံရေးဆိုင်ရာ ရှုထောင့်သစ် တစ်ခုကို ဖြစ်စေသည်ဟု ကာကွယ်ရေးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

ထိုအကြောင်းအရာကို ဖြေရှင်းနိုင်ရန် လုံခြုံရေးတပ်ဖွဲ့များက အစွမ်းကုန် လုပ်ဆောင်နေသည်ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အာသံရိုင်ဖယ်တပ်သည် တပ်ဖြန့်ခြင်း၊ အချိန်ပြည့် စောင့်ကြည့်ခြင်းနှင့် နယ်စပ် ထောက်လှမ်းခြင်းတို့ကို အရှိန် မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်အတွင်း ဒရုန်းများ၊ စစ်တပ်ရဟတ်ယာဉ်များနှင့် လေကြောင်းဆိုင်ရာ စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

မဏိပူရ်ပြည်နယ်အတွင်း အဓိကရုဏ်းကြောင့် နေအိမ်များ မီးရှို့ခံထားရစဉ်

လက်ရှိတွင် မနက်ပိုင်းမှ စတင်ကာ မဏိပူရ်ပြည်နယ်အတွင်း စစ်တပ်၏ Cheetah ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ စောင့်ကြည့်မှု အကြိမ်ပေါင်းများစွာကို လုပ်ဆောင်ခဲ့ပြီးလည်း ဖြစ်သည်။

မဏိပူရ်ပြည်နယ်အတွင်း တည်ငြိမ်မှုများကို တတ်နိုင်သမျှ အစောဆုံး ဖြေရှင်းနိုင်ရေးအတွက် အိန္ဒိယစစ်တပ်နှင့် အာသံ ရိုင်ဖယ်တပ်တို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။

မဏိပူရ်ပြည်နယ်အတွင်းမှာ လူမျိုးရေးအဓိကရုဏ်များ ဖြစ်ပွားနေပြီး မော်တော်ယာဉ်များနှင့် နေအိမ်များ မီးရှို့ ဖျက်စီးခံထားရသလို လူပေါင်း ၂၃၀၀၀ ကျော်လည်း နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ထို့နောက် လူဦးရေ ၅၀ ကျော် သေဆုံးထားပြီး ဖြစ်သည်။

Source: NORTHEAST NOW