CNI International News
ကိယက်ဗ်၊ နိုဝင်ဘာ ၂၆
ယူကရိန်းသမ္မတ ဇာလန်းစကီး( Volodymyr Zelenskyy)က ယူကရိန်းအနေဖြင့် ပိုမိုကောင်းမွန်သော လေကြောင်းကာကွယ်ရေးစနစ်များ လိုအပ်နေကြောင်း နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြသည်။
ညအချိန်တွင် ဒေသအများအပြားကို ပစ်ခတ်ခဲ့သော ရုရှား၏ဒရုန်း ၇၃ စင်းတွင် ဒရုန်း ၅၀ ကို ယူကရိန်း လေကြောင်းကာကွယ်ရေးတပ်ဖွဲ့က ပစ်ချခဲ့ပြီးနောက် ဇာလန်းစကီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"အခုတစ်ပတ်ထဲ ယူကရိန်းမှာ နေ့စဉ်နဲ့အမျှ လေကြောင်း အချက်ပေးသံတွေ ကြားနေရပါတယ်"ဟု ဇာလန်းစကီး က တယ်လီဂရမ်တွင် ပြောကြားခဲ့သည်။
ရုရှားသည် လွန်ခဲ့သည့် သီတင်းပတ်က ပဲ့ထိန်းဝေဟင်ဗုံး အလုံး ၈၀၀ ကျော်၊ တိုက်ခိုက်ရေးဒရုန်း ၄၆၀ ခန့်နှင့် အမျိုးအစားမျိုးစုံ ဒုံးကျည်အစင်း ၂၀ ကျော်ကို အသုံးပြုပြီး ယူကရိန်းကို တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။
"ယူကရိန်းက လက်နက်တွေ စမ်းသပ်တဲ့နေရာ မဟုတ်ပါဘူး။ ယူကရိန်းဟာ အချုပ်အခြာအာဏာပိုင် လွတ်လပ် တဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဒါပေမဲ့ ရုရှားက ကျနော်တို့ လူတွေကိုသတ်ဖို့ အကြောက်တရားနဲ့ ထိတ်လန့်မှုတွေကို ဖြစ်စေဖို့ ဆက်လက် လုပ်ဆောင်နေဆဲပါ"ဟု ၎င်းက ပြောသည်။
ကိယက်ဗ်၏ စစ်တပ်အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ ဆာဟီရာပေါ့ကို အားတွေ့ရစဉ်
ကိယက်ဗ်ကို ပစ်မှတ်ထားသည့် ရုရှားဒရုန်း ၁၀ စင်းကျော်ကို ၎င်း၏လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် အပျက်အစီး သို့မဟုတ် ထိခိုက်ဒဏ်ရာရသူ အခြေအနေနှင့် ပတ်သက်ပြီး သတင်း ထွက်ပေါ်လာခြင်း မရှိသေးကြောင်း ကိယက်ဗ်၏ စစ်တပ်အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။
"ဒရုန်းတွေဟာ မတူညီတဲ့ နေရာတွေကနေ ကိယက်ဗ်မြို့ကို ပျံသန်းလာခဲ့တာပါ။ မြို့ထဲမှာ လေကြောင်း တိုက်ခိုက်မှု သတိပေးသံက သုံးနာရီကျော်ကြာခဲ့ပါတယ်"ဟု ကိယက်ဗ်၏ စစ်တပ်အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ ဆာဟီရာပေါ့ကို(Serhiy Popko)က ဆိုသည်။
ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ရုရှားထံမှ မှတ်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။
Source: ရိုက်တာ