CNI International News
ဖရန့်ဖက်၊ စက်တင်ဘာ ၂၉
ဒရုန်းများ၏ ခြိမ်းခြောက်မှုအန္တရာယ် မြင့်နေပြီး ဒရုန်းအန္တရာယ် ကာကွယ်ရေး အစီအစဉ်ကို တိုးမြှင့်လုပ်ဆောင် သွားမည်ဟု ဂျာမနီပြည်ထဲရေးဝန်ကြီး အလက်ဇန္ဒား ဒိုဘရင့်(Alexander Dobrindt)က စက်တင်ဘာ ၂၇ ရက် တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဒိန်းမတ်တွင် ၎င်းတို့၏ လေပိုင်နက်အတွင်းသို့ ဒရုန်းများ ဝင်ရောက်ခဲ့သောကြောင့် လွန်ခဲ့သည့် သီတင်းပတ် အတွင်း နိုင်ငံ၏ နေရာအများအပြားတွင် အကြိမ်ပေါင်းများစွာ လေကြောင်းစနစ်များကို ပိတ်ချခဲ့ပြီးနောက် ဥရောပတာဝန်ရှိသူများက အထူးသတိထားနေကြသည်။
ဂျာမနီတွင် ဒရုန်းများကို မြင်တွေ့ရသည်ဟူသည့် သတင်းများအား အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်။
ဂျာမနီပြည်ထဲရေးဝန်ကြီး အလက်ဇန္ဒား ဒိုဘရင့်ကို တွေ့ရစဉ်
"ဒရုန်းနဲ့ပတ်သက်တဲ့ အန္တရာယ်ကတော့ ကြီးတယ်လို့ ပြောနိုင်ပါတယ်။ ခြိမ်းခြောက်မှုကတော့ မသေချာပေမယ့် ဖြစ်စဉ်တစ်ခုစီတိုင်းက အရမ်းလက်တွေ့ ဆန်ပါတယ်"ဟု ဒိုဘရင့်က ဆိုသည်။
စီမံချက် တစ်စိတ်တစ်ပိုင်း အနေဖြင့် ဂျာမနီသည် လေကြောင်းလုံခြုံရေးဥပဒေကို စိစစ်တည်းဖြတ်ရန် ကြိုးပမ်း သွားမည်ဟု ဆိုသည်။
ထိုကဲ့သို့ စိစစ်တည်းဖြတ်မှုအရ ဂျာမနီစစ်တပ်က ပါဝင်လာနိုင်ပြီး ဒရုန်းများကို ပစ်ချနိုင်မည်ဖြစ်ကြောင်း ဒိုဘရင့် က ဆိုသည်။
"အစီအစဉ်ကို အဆင်သင့် ပြင်ထားပါတယ်။ အဲဒါမှသာ အရေးကြီးတဲ့ အခြေခံ အဆောက်အအုံ ဒါမှမဟုတ် ပြည်သူတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။
Source: ရိုက်တာ