CNI International News

ဘေဂျင်း၊ စက်တင်ဘာ ၆

တရုတ်နိုင်ငံ ဘေကျင်းမြို့တော်တွင် စက်တင်ဘာ ၃ ရက်က ပြုလုပ်ခဲ့သည့် အောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနား အတွင်း နောက်ဆုံးပေါ် စစ်လက်နက်ပစ္စည်းများကို ပြသခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့ သည်။

ထိုနောက်ဆုံးပေါ် စစ်လက်နက် ပစ္စည်းများအနက် loyal wingman အမျိုးအစား ကိုယ်ပျောက် တိုက်ခိုက်ရေး ဒရုန်း တစ်စင်းလည်း ပါဝင်ခဲ့သည်။

ထိုဒရုန်း အမျိုးအစားသည် လေကြောင်း တိုက်ပွဲများအတွင်း လူသားပိုင်းလော့များနှင့်အတူ ပူးတွဲတိုက်ခိုက် နိုင်စွမ်းရှိကြောင်း တရုတ်နိုင်ငံပိုင် CCTV ရုပ်သံက ဖော်ပြခဲ့သည်။

စစ်ရေးပြ အခမ်းအနားတွင် ထုတ်ဖော်ပြသခဲ့သည့် နောက်ဆုံးပေါ် ဒရုန်းများသည် အသံထက် ပိုမိုလျှင်မြန်စွာ ပျံသန်းနိုင်ပြီး ရေဒါထောက်လှမ်းမှုကို ရှောင်လွှဲနိုင်ကာ လေကြောင်းတိုက်ခိုက်ရေး အင်အားကို မြင့်တက်စေ လိမ့်မည်ဟု ကျွမ်းကျင်သူများက ယူဆထားကြသည်။

စစ်ရေးပြ အခမ်းအနား ပြုလုပ်နေသည့် ကောင်းကင်ယံပေါ်တွင် ထိုဒရုန်းများ အုပ်လိုက် ပျံသန်းသွားခဲ့သည်ကို တွေ့ရသော်လည်း အခမ်းအနား တင်ဆက်သူက ထိုဒရုန်းများ၏ မော်ဒယ်များနှင့် စွမ်းဆောင်ရည်များကို အသေးစိတ် ကြေညာခဲ့ခြင်းမရှိပေ။

ထိုစစ်ရေးပြ အခမ်းအနားတွင် အတိအကျ ခွဲခြားသိရှိနိုင်မည့် ဒရုန်းအမျိုးအစား တစ်ခုမှာ GJ-11 ဒရုန်းဖြစ်သည်။

တရုတ်ရဲ့နောက်ဆုံးပေါ် လက်နက်ကိုတွေ့ရစဉ်

GJ-11 ဒရုန်းကို ၂၀၁၉ ခုနှစ်က စစ်ရေးပြ အခမ်းအနားတွင် ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ပြီး ထိုဒရုန်း၏ အဓိက စွမ်းဆောင်ရည်မှာ ရေဒါကို ရှောင်လွှဲနိုင်စွမ်း မြင့်မားပြီး တိုက်ခိုက်ရေးကို အာရုံစိုက်သည့် ဒရုန်းဖြစ်သည် ဟု စစ်ဘက်ဆိုင်ရာ လေကြောင်းကျွမ်းကျင်သူ ဖူချင်ရှောင် (Fu Qianshao) က ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်သည် တော်ပီဒို ပုံသဏ္ဍာန်ရှိသည့် ရေအောက် တိုက်ခိုက်ရေး ဒရုန်းအသစ်များဖြစ်သည့် AJX002 နှင့် HSU100 ဒရုန်းများကိုလည်း ပြသခဲ့သည်။

ထိုဒရုန်းများကို ရှည်လျားသည့် ထရပ်ကားများပေါ်တွင် တင်ပြီး မောင်းနှင်သွားပုံကို မြင်တွေ့ရသည်။

နောက်ထပ် ဒရုန်းမော်ဒယ် အမျိုးအစား သစ်များထဲတွင် Type B ဟု ခေါ်သည့် ဒရုန်း အမျိုးအစားများကိုလည်း ပြသခဲ့သည်။

ထိုဒရုန်းများ၏ အရွယ်အစားသည် တိုက်လေယာဉ်များ၏ အရွယ်အစားခန့်ရှိကာ ကြီးမားပြန့်ကားသည့် တောင်ပံ၊ လက်နက်စနစ်၊ အီလက်ထရို-အော်ပတစ်ကယ် ဆင်ဆာများ၊ လေကိုခွင်းပြီး အသံထက် မြန်အောင် ပျံနိုင်သည့် လေယာဉ် နှုတ်သီးပိုင်းတို့ဖြင့် ဒီဇိုင်းထွင် ထုတ်လုပ်ထားသည်ကို မြင်တွေ့ခဲ့ရသည်။

Source: South China Morning Post