CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၆

ထိုင်းနိုင်ငံမှ ဒူဘိုင်းသို့ ကိုယ်ပိုင်လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့သည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) က သူသည် အမှုရင်ဆိုင်ရန်အတွက် ထိုင်းသို့ စက်တင်ဘာ ၈ ရက်တွင် ပြန်လည်မည်ဟု ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

သက်ဆင်သည် စက်တင်ဘာ ၄ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုတော်ရှိ ဒွန်မောင်းလေဆိပ်မှ စင်္ကာပူသို့ ဆေးဝါးကုသမှုခံယူရန် သွားရောက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဒွန်မောင်းလေဆိပ်၏ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ၎င်း၏ ခရီးစဉ်ကို ၂ နာရီနီးပါးကြာ နှောင့်နှေး ကြန့်ကြာစေခဲ့ကြောင်း သက်ဆင်က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ထို့ကြောင့် ထိုင်းမှထွက်ခွာခွင့် ရခဲ့သော်လည်း စင်္ကာပူတွင် ကိုယ်ပိုင် ဂျက်လေယာဉ်များ ဆင်းသက်သည့် ဆလက်တာလေဆိပ် (Seletar Airport) သည် ည ၁၀ နာရီတွင် ပိတ်သွားခဲ့သဖြင့် ဒူဘိုင်းသို့ လမ်းကြောင်းပြောင်း ခဲ့ရကြောင်း ၎င်းက ဆိုသည်။

အသက် ၇၆ နှစ်အရွယ် ဘီလျံနာ တစ်ဦးဖြစ်သည့် သက်ဆင်သည် ဒူဘိုင်းတွင် နှစ်အနည်းငယ်ကြာ အရိုးနှင့် အဆုတ်ရောဂါများကို ကုသမှုခံယူခဲ့ဖူးသည်။

သက်ဆင်သည် တရားရေး အမှုအခင်းကြောင့် နိုင်ငံအတွင်းမှ ထွက်ပြေးသွားပြီဆိုသည့် ကောလာဟလများ ထွက်ပေါ်လာချိန်တွင် သက်ဆင်က သူသည် အမှုရင်ဆိုင်ရန် စက်တင်ဘာ ၈ ရက်၌ ထိုင်းသို့ ပြန်လာမည်ဟု ပြောကြားခဲ့သည်။

သက်ဆင်ကို တွေ့ရစဉ်

သက်ဆင်သည် ၂၀၂၃ ခုနှစ်က ဒူဘိုင်းမှ ထိုင်းသို့ ပြန်လည် ရောက်ရှိခဲ့ချိန်တွင် အာဏာအလွဲသုံးမှု အပါအဝင် အခြားစွဲချက်များနှင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရသော်လည်း ဘုရင်က သက်ဆင်၏ ထောင်ဒဏ်ကို ၁ နှစ်သာ ကျခံရန် ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့သည်။

သို့သော် သက်ဆင်သည် အကျဉ်းထောင်ထဲတွင် တစ်ရက်ပြည့်အောင်ပင် မနေခဲ့ရဘဲ ကျန်းမာရေး အကြောင်း ပြချက်ဖြင့် ရဲတပ်ဖွဲ့ အထွေထွေဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူခဲ့ရသည်။

ထို့ကြောင့် သက်ဆင်သည် ထိုအချိန်က အမှန်တကယ် ကျန်းမာရေး ဆိုးရွားခြင်း ရှိ၊မရှိကို တရားရုံးချုပ်က ဆုံးဖြတ်ပြီး စီရင်ချက်ချမည်ဖြစ်သည်။

သက်ဆင်ကမူ သူသည် ဒူဘိုင်းတွင် ကျန်းမာရေး စစ်ဆေးမှုခံယူပြီး မိတ်ဆွေဟောင်းများနှင့် တွေ့ဆုံနေကာ စက်တင်ဘာ ၈ ရက်တွင် တရားခွင်ကို တက်ရောက်ပြီး အမှုရင်ဆိုင်မည်ဟု X လူမှုမီဒီယာ၌ ရေးသားခဲ့သည်။

Source: ရိုက်တာ