CNI International News

ဘန်ကောက်၊ ဩဂုတ် ၂၇

သက်ဆင်က ထိုင်းအစိုးရအဖွဲ့သစ်အတွက် ၎င်း၏ အကြံပြုချက်များကို ထုတ်ဖော်ပြောဆိုခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

သမီးဖြစ်သူ ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီးနောက် ၎င်း၏စီးပွားရေး မူဝါဒများကို ထုတ်ဖော်ပြောဆိုရခြင်း မရှိသေးချိန်တွင် ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra)က သူ၏ အတွေးအမြင် အကြံပြုချက်များကို ထုတ်ပြောလာခြင်း ဖြစ်သည်။

သက်ဆင်သည် ဖြူးထိုင်းပါတီ ဦးဆောင်သည့် အစိုးရအဖွဲ့၏ စီးပွားရေးလှုံ့ဆော်မှု အစီအစဉ်ကို ထောက်ခံခဲ့ပြီး သန်းနှင့်ချီသည့် ထိုင်းလူမျိုးများအတွက် ဒစ်ဂျစ်တယ် ငွေကြေးအဖြစ် တစ်ဦးကို ဘတ် ၁၀,၀၀၀ စီ ထောက်ပံ့ ပေးမည့် အစီအစဉ်ကို အရင်ဆုံး လုပ်ဆောင်သင့်သည်ဟု အကြံပြုခဲ့သည်။

ထို့ပြင် အစိုးရအဖွဲ့သစ်အနေဖြင့် ဂျီဒီပီ၏ ၉၁ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည့် အိမ်ထောင်စုကြွေးမြီများ မြင့်တက် လာသော ပြဿနာကို ချက်ချင်းဖြေရှင်းသင့်ကြောင်းလည်း ပြောကြားခဲ့သည်။

ဖြုတ်ချခံ ထိုင်း၀န်ကြီးချုပ်ဟောင်း ဆရီသာကို တွေ့ရစဉ်

အစိုးရဝင်ငွေများ မြင့်တက်စေရန်နှင့် အခွန်ထမ်းဆောင်သူ အရေအတွက် ပိုမိုများပြားလာစေရန် အားထုတ် ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အစိုးရအဖွဲ့မှ ဝင်ငွေနည်းပါးသည့် လူအုပ်စုများကို ငွေကြေး အထောက်အပံ့ ဖြစ်စေရန်အတွက် သတ်မှတ်ထားသော ဝင်ငွေနှုန်းထား ရရှိသူများကသာ ဝင်ငွေခွန်ဆောင်သည့် စနစ်ကို ကျင့်သုံးရန်လည်း သက်ဆင်က အကြံပြုခဲ့သည်။

သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့သစ်အနေဖြင့် ယခင်ဝန်ကြီးချုပ်ဟောင်း ဆရီသာ သာဗီဆင် (Srettha Thavisin) လက်ထက်က ကတိပြုခဲ့သည့် ရထားလက်မှတ်ခများကို ဘတ် ၂၀ သတ်မှတ် စေလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံ့စီးပွားရေးကို အထောက်အကူဖြစ်စေရန် ကာစီနိုလုပ်ငန်းများကို တရားဝင်ခွင့်ပြုမည့် အစီအစဉ်ကိုလည်း သက်ဆင်က ထောက်ခံခဲ့သည်။

ထိုအစီအစဉ်အတွက် ရင်းနှီးမြှုပ်နှံရမည့် ငွေကြေးမှာ ဘတ် ၁၀၀ ဘီလျံအထိ ရှိနိုင်သည်ဟု ၎င်းက ပြောကြားခဲ့ သည်။

ထိုင်း၀န်ကြီးချုပ်သစ် ပေတုန်တန်နဲ့ သက်ဆင်ကို တွေ့ရစဉ်

ထိုင်း၏ အာဏာအပျော့ကို ပိုမိုခိုင်မာ အားကောင်းစေရန်အတွက် ထိုင်းအစိုးရအနေနှင့် မွေထိုင်းဟု လူသိများ သည့် ထိုင်းလက်ဝှေ့ အားကစားကို မြှင့်တင်ရန်၊ လက်ဝှေ့နည်းပြများ အနေဖြင့်လည်း မွေထိုင်းကို ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကဲ့သို့ နိုင်ငံတကာ အဆင့်အတန်းမီ စံချိန်စံညွှန်းများ ရှိလာသည်အထိ မြှင့်တင်ကြရန် သက်ဆင်က တိုက်တွန်းခဲ့သည်။

ပြည်တွင်း စက်မှုလုပ်ငန်းများကို ကာကွယ်ရန်အတွက် ပြည်တွင်းလုပ်ငန်း ကာကွယ်ရေး အစီအစဉ်များ (protectionist measures) များကို ထောက်ခံကြောင်း၊ လက်ရှိတွင် အသေးစားနှင့် အလတ်စား လုပ်ငန်းများ သည် စျေးပေါသည့် တရုတ်ထုတ်ကုန်များ၏ ပြင်းထန်သော စျေးကွက်ပြိုင်ဆိုင်မှုများကြောင့် ထိခိုက်နစ်နာ နေရကြောင်း သက်ဆင်က ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတောင်ပိုင်းတွင် ပြည်နယ် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သည့် လမ်းများ၊ တံတားများ ဖောက်လုပ်ရေး အစီအစဉ်ကို ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားနေကြသော်လည်း ရင်းနှီးမြုပ်နှံမှုများသည် ပမာဏ နည်းပါးနေသည်ဟုလည်း သက်ဆင်က ပြောကြားခဲ့သည်။

Source: Thai PBS Worlds