CNI International News

ဝါရှင်တန်၊ ဩဂုတ် ၂၇

အမေရိကန်သည် တရုတ်နှင့် မြောက်ကိုရီးယားတို့၏ ဒုံးကျည် ခြိမ်းခြောက်မှုများရန်ကို ကာကွယ်ရန်နှင့် အသာစီး ရစေရန် အားထုတ်ကြိုးပမ်းမှုအဖြစ် အင်ဒို-ပစိဖိတ်ဒေသရှိ ကာကွယ်ရေးကဏ္ဍအား အဆင့်မြှင့်တင်နေပြီး သမားရိုးကျ မဟုတ်သည့် အစီအစဉ်များကို ဖော်ဆောင်နေသည်ဟု Asia Times မှ ဖော်ပြခဲ့သည်။

အမေရိကန်လေတပ် စစ်ဦးစီးချုပ် ဒေးဗစ် အော်လ်ဗင် (David Allvin) သည် အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန် စစ်တပ်၏ အသင့်အနေအထားရှိမှုကို တိုးမြှင့်ရန်အတွက် Agile Combat Employment (ACE) အမည်ရှိ မဟာဗျူဟာကို အထောက်အကူဖြစ်စေနိုင်မည့် ကာကွယ်ရေး စွမ်းဆောင်ရည်များအား ဖော်ဆောင်နေသည်ဟု ယခုလအတွင်း Defense One သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ACE မဟာဗျူဟာသည် အနာဂတ်တွင် ဖြစ်လာနိုင်ခြေရှိသည့် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများ၊ အထူးသဖြင့် တရုတ် နှင့် ဆက်နွှယ်သော အနာဂတ်ပဋိပက္ခများ၌ တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်ရေးနှင့် ကြံ့ကြံ့ခံ ရပ်တည်နိုင်ရေးကို မြှင့်တင်ရန် ရည်ရွယ်ထားသော မဟာဗျူဟာတစ်ခုဖြစ်သည်။

အမေရိကန်လေတပ် စစ်ဦးစီးချုပ် ဒေးဗစ် အော်လ်ဗင်ကို တွေ့ရစဉ်

အလွယ်တကူ မပြတ်တောက်နိုင်သည့် ဆက်သွယ်ရေး အစီအစဉ်များ၊ ကြိုတင်နေရာယူ လက်နက်တပ်ဆင်မှု၊ အလိုက်သင့် ပြုပြင်နိုင်သော ထောက်ပို့စနစ်များ၊ ပူးတွဲ ထိန်းချုပ်ကွပ်ကဲရေး အစီအစဉ်များက ထိုမဟာဗျူဟာကို အထောက်အကူ ဖြစ်စေလိမ့်မည်ဟုဆိုသည်။

ထို့ပြင် ထိုမဟာဗျူဟာအရ စစ်ဆင်ရေးများ လုပ်ဆောင်နိုင်စွမ်း၊ ရန်သူများ၏ ဆုံးဖြတ်ချက်ကို ဝေဝါးစေရန်နှင့် မတူညီသည့် ပတ်ဝန်းကျင် အခြေအနေများတွင် နယ်ပယ်ကဏ္ဍအသီးသီး၌ အမေရိကန်တပ်ဖွဲ့များ၏ ထိရောက် သော လှုပ်ရှားဆောင်ရွက်မှုများကို စိတ်ချသေချာစေရန်လည်း ရည်ရွယ်ထားသည်။

ထိုမဟာဗျူဟာကြောင့် အမေရိကန်လေတပ်၏ ထောက်ပို့ အစီအစဉ်များ၊ ထိန်းချုပ်ကွပ်ကဲမှု ပုံစံများ၊ စစ်ဆင်ရေး ဆိုင်ရာ အစီအစဉ်ရေးဆွဲမှု၊ အခြေအနေပေါ် မူတည်၍  လိုက်လျောညီထွေ လုပ်ဆောင်နိုင်စွမ်းနှင့် ပူးတွဲတပ်ဖွဲ့များ အချင်းချင်း သဟဇာတရှိစွာ ချိတ်ဆက်ဆောင်ရွက်မှု တို့တွင် ကြီးမားသည့် အပြောင်းအလဲများ ပြုလုပ်ရန် လိုအပ် နေသည်ဟု Defense One မှ ဖော်ပြခဲ့သည်။

 အင်ဒို-ပစိဖိတ်ဒေသအရေး အမေရိကန်၊ ဂျပန်၊ အိန္ဒိယ ခေါင်းဆောင်များ ဆွေးနွေးကြစဉ်

အမေရိကန်သည် တရုတ်နှင့် မြောက်ကိုရီးယား၏ မြင့်တက်လာသည့် ဒုံးကျည် ခြိမ်းခြောက်မှုများကြောင့် ပစိဖိတ်ဒေသရှိ စစ်စခန်းများကို အဆင့်မြှင့်တင် မွမ်းမံမှုများ ပြုလုပ်ရန် အရေးတကြီး လိုအပ်သည်ဟုလည်း အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဇွန်လက အမေရိကန်လွှတ်တော်ဆိုင်ရာ သုတေသနဌာန (CRS) ၏ ထုတ်ပြန်ချက်တွင် ပစိဖိတ်ဒေသ ရှိ အမေရိကန် စစ်စခန်းများသည် ခေတ်မီ ဒုံးကျည်နည်းပညာများ ပိုင်ဆိုင်ထားသည့် တရုတ်နှင့် မြောက်ကိုရီးယား တို့၏ ကြီးမားသော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြခဲ့သည်။

အထူးသဖြင့် တရုတ်၏ သမားရိုးကျ ဒုံးကျည်များ၊ နျူကလီးယားလက်နက် တပ်ဆင်ထားသည့် ပဲ့ထိန်းဒုံးကျည် များနှင့် အသံထက်မြန်သော ဟိုက်ပါဆောနစ် ဒုံးကျည်များသည် ဒေသတွင်း အမေရိကန် တပ်ဖွဲ့များနှင့် အခြေခံ အဆောက်အအုံများအတွက် ခြိမ်းခြောက်မှု ဖြစ်နေသည်ဟုလည်း CRS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source: Asia Times