CNI International News
တိုကျို၊ ဒီဇင်ဘာ ၁၂
ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံအနီးရှိ ကောင်းကင်ယံနှင့် ပင်လယ်ရေပြင်များ၏ အပေါ်တွင် တရုတ်နှင့် ရုရှား ပူးတွဲစစ်ရေး လေ့ကျင့်မှုအပြီး ဒီဇင်ဘာ ၁၀ ရက်တွင် အမေရိကန်၏ နျူကလီးယား ဗုံးကြဲလေယာဉ်များသည် ဂျပန်တိုက်လေယာဉ်များနှင့်အတူ ဂျပန်ပင်လယ်ပြင်ပေါ်၌ ပျံသန်းခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဂျပန်နှင့် အမေရိကန်သည် ရှိရင်းစွဲ အခြေအနေကို အင်အားသုံးပြီး ပြောင်းလဲမည့် တစ်ဖက်သတ် အားထုတ် ကြိုးပမ်းမှုများကို တားဆီးရန် သန္နိဋ္ဌာန် ချထားမှုအား ထပ်မံအတည်ပြုခဲ့ပြီး အသင့်အနေအထား ပြင်ဆင်ထားမှု ကိုလည်း အတည်ပြုခဲ့သည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်၏ B-52 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် ၂ စင်းသည် ဂျပန်၏ F-35 ကိုယ်ပျောက်တိုက်လေယာဉ် ၃ စင်း၊ F-15 တိုက်လေယာဉ် ၃ စင်းတို့နှင့်အတူ ပူးတွဲပျံသန်းခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ အမေရိကန်နှင့် ဂျပန် စစ်လေယာဉ်များ ပူးတွဲပျံသန်းမှုသည် ပြီးခဲ့သည့် သီတင်းပတ်က တရုတ်၏ စစ်ရေး လေ့ကျင့်မှုများ စတင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပူးတွဲပျံသန်းမှုဖြစ်ပြီး တရုတ်ကို အင်အားပြခြင်း ဖြစ်နိုင်သည် ဟု လေ့လာသူများက ပြောကြားခဲ့သည်။

အမေရိကန်နဲ့ ဂျပန် တိုက်လေယာဉ် အုပ်စုကို တွေ့ရစဉ်
ဒီဇင်ဘာ ၉ ရက်ကလည်း အရှေ့တရုတ်ပင်လယ်နှင့် အနောက်ပစိဖိတ် သမုဒ္ဒရာပေါ်တွင် တရုတ်နှင့် ရုရှား မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ ပူးတွဲပျံသန်းခဲ့သည်။
ထို့ပြင် သီးခြားဖြစ်စဉ် တစ်ခုအဖြစ် တရုတ်လေယာဉ်တင် သင်္ဘောအုပ်စု၏ စစ်ရေးလေ့ကျင့်မှုများအတွင်း တရုတ်တိုက်လေယာဉ်များက ဂျပန်လေယာဉ်များကို ရေဒါပေါ်တွင် ပစ်မှတ်အဖြစ် ချိန်ရွယ်ခဲ့သဖြင့် ဂျပန်နှင့် တရုတ်ကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်သက်ပြီး အမေရိကန်က ဝေဖန်ခဲ့သည်။
ထိုလုပ်ဆောင်ချက်သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အထောက်အကူ မဖြစ်စေကြောင်း၊ အမေရိကန်နှင့် ဂျပန်ကြား မဟာမိတ် ဆက်ဆံရေးသည် လျော့ပါးသွားမည် မဟုတ်ကြောင်း အမေရိကန်အစိုးရ ဘက်က ပြောကြားခဲ့သည်။
ဂျပန်နှင့် တောင်ကိုရီယားတို့သည် အမေရိကန် တပ်ဖွဲ့များကို လက်ခံထားရှိပြီး ဂျပန်သည် အမေရိကန်၏ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး အုပ်စုနှင့် အမေရိကန် မရိန်းတပ်ဖွဲ့ အပါအဝင် အမေရိကန်တပ်ဖွဲ့များကို အများဆုံး လက်ခံထားရှိသည့် နိုင်ငံဖြစ်သည်။
တောင်ကိုရီးယား နိုင်ငံကလည်း ဒီဇင်ဘာ ၉ ရက်တွင် တရုတ်နှင့် ရုရှား လေယာဉ်များက ၎င်း၏ လေကြောင်း ကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) အတွင်းသို့ ဝင်ရောက် ပျံသန်းခဲ့သဖြင့် တောင်ကိုရီးယားလေတပ်၏ တိုက်လေယာဉ်များကို ပျံတက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
