CNI International News
 
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁

ဂျပန်နှင့် အမေရိကန်အကြား ပြုလုပ်ခဲ့သည့် အစည်းအဝေးအတွင်း တရုတ်နှင့်ပတ်သက်ပြီး ပြောကြားခဲ့သော ဂျပန်၏ မှတ်ချက်စကားများကို မကျေနပ်ကြောင်း တရုတ်က စောဒကတက်ခဲ့သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင် ၃၁ ရက်တွင် ပြောကြားခဲ့ကြောင်း Japan Times မှ ဖော်ပြခဲ့သည်။

တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်များအတွင်း တရုတ်၏ လှုပ်ရှားမှုများသည် ရန်လိုကြောင်း ပြောကြားခဲ့သည့် အမေရိကန်နှင့် ဂျပန်၏ မှတ်ချက်စကားကို ဆန့်ကျင်ကြောင်း စောဒကတက်သည့် စာလွှာကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာဌာန ညွှန်ကြားရေးမှူးချုပ် လျူကျင်ဆောင် (Liu Jinsong) က ဂျပန်အစိုးရထံ တင်သွင်းခဲ့သည်။

" ဂျပန်အနေနဲ့ တရုတ်အပေါ် ဓမ္မဓိဋ္ဌာန်ကျပြီး ဆင်ခြင်တုံ တရားရှိတဲ့ နားလည်မှုကို တည်ဆောက်ဖို့နဲ့ တရုတ်ရဲ့ ပြည်တွင်းရေးတွေနဲ့ပတ်သက်ပြီး တာဝန်မဲ့တဲ့ မှတ်ချက်တွေ ပြောနေတာကို ရပ်တန့်ဖို့ တိုက်တွန်းပါတယ်" ဟု လျူက တရုတ်နိုင်ငံရှိ ဂျပန်သံရုံးကို ဇူလိုင် ၃၀ ရက်တွင် ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လျူသည် ဂျပန်သံရုံးတွင် ဂျပန်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးဖြစ်သည့် ယိုကိုချီ အကီရာ (Yokochi Akira) နှင့် တွေ့ဆုံခဲ့ပြီး မကြာသေးမီက အစည်းအဝေးများအတွင်း တရုတ်နှင့်ပတ်သက်၍ အပျက်သဘောဆောင်သည့် မှတ်ချက်စကားများ ပြောကြားခဲ့မှုအပေါ် စောဒကတက်ခဲ့သည်။

ဂျပန်နဲ့ အမေရိကန် ဆွေးနွေးနေကြစဉ်

ဇူလိုင် ၂၈ ရက်က အမေရိကန်နှင့် ဂျပန်အကြား လုံခြုံရေး ဆွေးနွေးပွဲများတွင် တရုတ်ကို ဒေသတွင်း ရင်ဆိုင် နေရသည့် အကြီးမားဆုံး မဟာဗျူဟာမြောက် စိန်ခေါ်မှုအဖြစ် တံဆိပ်ကပ်ခဲ့သည်။

ထို့ပြင် သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့ ပါဝင်သည့် Quad အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်လည်း တောင်တရုတ်ပင်လယ်တွင် ခြိမ်းခြောက်မှုများ၊ အန္တရာယ်ရှိသော လုပ်ဆောင်မှုများကို စိုးရိမ်ကြောင်း ပူးတွဲထုတ်ပြန်ခဲ့ပြီး တရုတ်ကို သွယ်ဝိုက်ရည်ညွှန်းခဲ့သည်။

တရုတ်အပေါ် ဂျပန်၏ သားပုပ်လေလွင့် စွပ်စွဲတိုက်ခိုက်မှုများသည် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးရှိစေ မည့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို ထူထောင်မည်ဆိုသည့် ဂျပန်၏ ထုတ်ပြန်ချက်နှင့် ကွဲလွဲဆန့်ကျင် နေကြောင်းလည်း လျူက ထောက်ပြခဲ့သည်။

ဂျပန်အနေဖြင့် နိုင်ငံများအကြား ထိပ်တိုက်တွေ့မည့် အခြေအနေကို ဖန်တီးနေခြင်းမှ ရပ်တန့်ရန်နှင့် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် လျူက တိုက်တွန်းခဲ့သည်။

Source: Japan Times