CNI News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁

ဒေသအလိုက် လုံခြုံရေးအခြေအနေပေါ် မူတည်ပြီး ကျင်းပနိုင်သည့်နယ်မြေများကို ဦးစွာ ကျင်းပပေးသွားမည် ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့က ကျင်းပခဲ့သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(၂/၂၀၂၄) အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့သည်။

နစကဥက္ကဋ္ဌက “ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများနှင့်အညီ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဒေသအလိုက် လုံခြုံရေး အခြေအနေ ပေါ် မူတည်ပြီး ကျင်းပနိုင်သည့်နယ်မြေများကို ဦးစွာကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ လတ်တလော လုံခြုံရေး အခြေအနေအရ ကျင်းပနိုင်ခြင်းမရှိသေးသည့် နယ်မြေများကိုလည်း လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့် ဆောင်ရွက်ပြီး ဆက်လက် ကျင်းပနိုင်အောင် ဆောင်ရွက်သွားမည်”ဟု ပြောသည်။

တည်ငြိမ်အေးချမ်းမှသာ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် မှန်ကန်သည့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုံခြုံရေးပိုင်းနှင့် ပတ်သက်ပြီး လုပ်သင့် လုပ် ထိုက်သည်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။

ကာ/လုံ အစည်းအဝေး ကျင်းပနေစဉ်

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေပြီး နယ်မြေတည်ငြိမ်မှုမရှိဖြစ်နေခြင်း ကြောင့် လုံခြုံရေးအာမခံချက်မရှိ၍ ရွေးကောက်ပွဲ ကျင်းပရန် မဖြစ်နိုင်ကြောင်း နိုင်ငံရေးပါတီများက ထောက်ပြ ကြသည်။

ထို့ကြောင့် နစကသည် ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော် ပြည်ထောင်စု နယ်မြေတို့မှာ တည်ငြိမ်မှုရှိသည့်အတွက် ရွေးကောက်ပွဲကို ဦးစားပေးကျင်းပနိုင်ကြောင်း နိုင်ငံရေး အကဲခတ်များက ခန့်မှန်းထားကြသည်။

မိမိတို့အနေဖြင့် ပြည်သူအားလုံးကလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို မလွဲမသွေရှေ့ဆက် လျှောက် လှမ်းရမည်ဖြစ်သည့်အတွက် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို မဖြစ်မနေ အောင်မြင်စွာ ကျင်းပပေးရမည်ဟု နစကဥက္ကဋ္ဌ ပြောသည်။

လတ်တလောတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က နိုင်ငံရေးပါတီ ၅၀ ပါတီကို မှတ်ပုံတင်ခွင့်ပြု ထားသည်။

၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။