CNI International News

ပြုံယမ်း၊ သြဂုတ် ၁

တရုတ်နယ်စပ်နှင့်ထိစပ်နေသော မြောက်ကိုရီးယား၏ ဆီနူအီဂျူ(Sinuiju)နှင့် အူဂျီမြို့(Uiju)တို့တွင် မိုးသည်း ထန်စွာ ရွာသွန်းမှုများကြောင့် နေအိမ် ၄၀၀၀ ကျော် ရေဘေးသင့်ခဲ့၍ မြောက်ကိုရီးယားခေါင်းဆောင်  ကင်မ်ဂျုံအန်(Kim Jong un)က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင် Korea central news agency ၏ ထုတ်ပြန်ချက်ကို ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

နေအိမ် အဆောက်အအုံ အများအပြား၊ စက်ရုံများ၊ လမ်းများနှင့်အတူ လယ်ယာမြေဧက ၇၄၀၀ ဝန်းကျင် ရေနစ်မြုပ်ခဲ့သည်။

ထိုအခြေအနေကြောင့် အာဏာရ အလုပ်သမားပါတီ၏ သြဇာကြီးမားသော ပေါလစ်ဗျူရိုအဖွဲ့က ယခု သီတင်းပတ် အစောပိုင်းတွင် နှစ်ရက်ကြာ အရေးပေါ် အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့သည်။

ခေါင်းဆောင်ကင်မ်က အစည်းအဝေးကို ကြီးမှူးဆောင်ရွက်ခဲ့ပြီး အပျက်အစီးများအပေါ် စိုးရိမ်ကြောင်းနှင့် ရေဘေးသင့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်ရန် အားကောင်းသော စီမံချက်များ လုပ်ရန် တိုက်တွန်းခဲ့သည်။

ထိုဒေသသည် မကြာသေးမီ ရက်ပိုင်းက တိုက်ခတ်ခဲ့သော အပူပိုင်းမုန်တိုင်း ဂယ်မီ(Gaemi)ကြောင့် မိုးသည်း ထန်စွာ ရွာသွန်းမှုဒဏ် ကြုံတွေ့ခံစားခဲ့ရခြင်း ဖြစ်သည်။ 

ရေဘေးသင့် ဒေသများကို ကင်မ်သွားရောက် စစ်ဆေးနေစဉ်

ဂယ်မီမုန်တိုင်းကြောင့် တရုတ်တွင် မြေပြိုမှု တစ်ခုဖြစ်ပွားပြီး လူ ၁၂ ဦး သေဆုံးကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ သည်။

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာတွင် လတ်တလော သီတင်းပတ်များအတွင်း မုတ်သုံရာသီနှင့် ပတ်သက်ပြီး သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

ဆိုးရွားပြင်းထန်သော ရာသီဥတုကြောင့် အပျက်အစီးများ ဖြစ်ပေါ်မှုကို ကာကွယ်ရန် ကြိုးပမ်းဆောင်ရွက်မှု အများအပြား လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။

ဇူလိုင်လသည် ကိုရီးယားကျွန်းဆွယ်တွင် နှစ်စဉ်မုတ်သုံရာသီ ရောက်ရှိသည့် လဖြစ်သော်လည်း လတ်တလောနှစ် များအတွင်း နွေရာသီလများတွင် ပိုမိုဆိုးရွားပြင်းထန်သော ရာသီဥတု ဖြစ်စဉ်များကို ကြုံတွေ့ခံစားခဲ့ရသည်။

တောင်ကိုရီးယားတွင် ယခုလ အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ကာ မီးရထားပြေးဆွဲမှုများ နှောင့်နှေးခဲ့ပြီး အခြေခံအဆောက်အအုံများ ကြီးကြီးမားမား ပျက်စီးခဲ့သည်။

Source - ဘန်ကောက်ပို့စ်