CNI International News
ပြုံယမ်း၊ ဇွန်လ ၂၄
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က မြောက်ကိုရီးယားသည် နျူကလီးယား ပိုင်ဆိုင် သည့် နိုင်ငံဆိုသော ရပ်တည်ချက်ကို အသုံးချ၍ ခန့်မှန်းရခက်ခဲပြီး ရှုပ်ထွေးသည့် ကမ္ဘာ့လုံခြုံရေးအခြေအနေကို ရင်ဆိုင်ဖြေရှင်းသွားမည်ဟု ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အင်အားကြီး နိုင်ငံများ၏ လူမိုက်ဆန်သည့် လောဘများကြောင့် အံ့အားသင့်စရာ ဖြစ်ရပ်ဆိုးများ ဖြစ်ပွားနေပြီး ကမ္ဘာတစ်ဝန်းတွင် ထိပ်တိုက် တွေ့ဆုံမှုများကို ပိုမိုပြင်းထန်လာစေကြောင်း ကင်မ်က ပြောကြားခဲ့သည်။
ထို့နောက် ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် သွေးထွက်သံယိုမှုများ ပိုမို ဆိုးရွားလာခြင်းအတွက် အမေရိကန်တွင် တာဝန်ရှိကြောင်း ၎င်းက ပြစ်တင်ဝေဖန်ခဲ့သည်။
ကင်မ်သည် ဇွန်လ ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည့် အာဏာရအလုပ်သမားပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြသည်။

မြောက်ကိုရီးယား ရေငုပ်သင်္ဘော တည်ဆောက်နေစဉ်
အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် မြောက်ကိုရီးယားကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့၏ ပူးတွဲ နျူကလီးယားစီအစဉ်အား အဆင့်မြှင့်တင်နေပြီး ကိုရီးယားကျွန်းဆွယ်၏ လုံခြုံရေး အခြေအနေကို ပိုမို အန္တရာယ် များအောင် ပြုလုပ်နေသည်ဟု ကင်မ်က စွပ်စွဲခဲ့သည်။
“နျူကလီးယားအင်အားကို တစ်ဆင့်ချင်းစီ တိုးမြှင့်ဖို့နဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့နိုင်ငံရဲ့ အနေအထား ကို အပြည့်အဝ အသုံးချခြင်းဟာ ပုံစံမျိုးစုံနဲ့ ရှုပ်ထွေးနေတဲ့ ခန့်မှန်းရခက်တဲ့ နိုင်ငံတကာ စစ်ရေးနဲ့ နိုင်ငံရေး အခင်း အကျင်းကို ယုံကြည်မှုရှိရှိ ရင်ဆိုင်ဖြေရှင်းနိုင်မည့် အမှန်ကန်ဆုံးနဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်” ဟု ကင်မ်က ပြောကြားခဲ့ကြောင်း KCNA အေဂျင်စီမှ ဖော်ပြခဲ့သည်။
ကင်မ်သည် သမားရိုးကျ လက်နက်များကို တိုးမြှင့်ထုတ်လုပ်ရန်နှင့် တန်ချိန် ၁၀,၀၀၀ ရှိ မဟာဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်တပ် ခရူဇာစစ်သင်္ဘော တည်ဆောက်မှုကို အရှိန်မြှင့်တင်ရန်လည်း အမိန့်ပေးခဲ့ကြောင်း KCNA က ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
ကင်မ်၏ မှတ်ချက်စကားများသည် မြောက်ကိုရီးယား အနေဖြင့် နျူကလီးယား ဖျက်သိမ်းရေးကို ဆက်လက် ငြင်းပယ်ပြီး နျူကလီးယား ပိုင်ဆိုင်သည့် နိုင်ငံအဖြစ် အသိအမှတ်ပြုခံရရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း တောင်ကိုရီးယား၏ ဆိုးလ်မြို့အခြေအစိုက် မြောက်ကိုရီးယားလေ့လာရေးတက္ကသိုလ်မှ ပါမောက္ခ ယန်မူဂျင် (Yang Moo-jin) က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားအနေဖြင့် လက်နက် ဖျက်သိမ်းရေးထက် လက်နက် လျှော့ချရေးကိုသာ ရည်ရွယ်ထားပုံပေါ်ပြီး နျူကလီးယား လက်နက် ပိုင်ဆိုင်သည့် နိုင်ငံဆိုသော အဆင့်အတန်းမှနေပြီး ဆွေးနွေးပွဲများတွင် ပါဝင်လိမ့်မည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ၎င်းကိုယ်ကိုယ် နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် နိုင်ငံအဖြစ် ကြေညာခဲ့ပြီးနောက် နျူကလီးယား လက်နက်များကို စွန့်လွှတ်ရန် မည်သည့် အကြောင်းရင်းမျှမရှိကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
