CNI International News

ဆိုးလ်၊ စက်တင်ဘာ ၂၇

မြောက်ကိုရီးယားတွင် နျူကလီးယား လက်နက်အရေအတွက် ဆယ်ဂဏန်း (ဥပမာ- ၁၀ ခုမှ ၉၉ ခုအကြား) ခန့်ကို ထုတ်လုပ်ရန် ပလူတိုနီယံများနှင့် ယူရေနီယံများ အလုံအလောက်ရှိကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယားသည် နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်မည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲအပြီး၌ သတ္တမ အကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်ဖွယ်ရှိကြောင်း တောင်ကိုရီးယားစပိုင် အေဂျင်စီက လေ့လာ တွေ့ရှိခဲ့သည်ဟု တောင်ကိုရီးယားလွှတ်တော်အမတ် လီဆောင်ကွမ် (Lee Seong-kweun) က ပြောကြားခဲ့သည်။    

ဇူလိုင်လက အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့ချုပ်၏ ထုတ်ပြန်ချက် တစ်စောင်တွင်လည်း မြောက်ကိုရီးယားသည် နျူကလီးယား လက်နက်ထိပ်ဖူး ၉၀ ခန့်ကို ထုတ်လုပ်ရန် လိုအပ်သော  ကုန်ကြမ်းပစ္စည်းများ အလုံအလောက်ရှိ နိုင်ကြောင်း၊ သို့သော် လက်နက်ထိပ်ဖူး အခု ၅၀ လောက်ကိုသာ တပ်ဆင်ဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းကျည်ကို တွေ့ရစဉ်

ယခုလ အစောပိုင်းကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် ယူရေနီယံ သန့်စင်သည့် စက်ရုံတစ်ရုံသို့ သွားရောက်သော ခရီးစဉ်ကို မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက မကြံစဖူး ထုတ်ပြန်ခဲ့သည်။

ထိုသတင်းထုတ်ပြန်မှုသည် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်မီ အမေရိကန်ကို သတင်းစကားတစ်ခု ပေးပို့ရန် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း လီက ပြောကြားခဲ့သည်။

တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအဖွဲ့၏ အစီရင်ခံတင်ပြမှုကို ရရှိခဲ့သည့် လီက ထိုခရီးစဉ်သည် ပြည်တွင်း ရည်ရွယ်ချက်များ အတွက်လည်း ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။

"မြောက်ကိုရီးယားရဲ့ စီးပွားရေး အခြေအနေက ဆိုးရွားနေပါတယ်။ အဲဒါကြောင့် လူထုရဲ့ယုံကြည်မှုကို ရရှိနေဆဲ ဖြစ်တယ်ဆိုတာကို ပြသဖို့ အဲဒီခရီးစဉ်ကို အသုံးချတာလည်း ဖြစ်နိုင်ပါတယ်" ဟု လီက ပြောသည်။

မြောက်ကိုရီးယားခေါင်းဆောင်ကို တွေ့ရစဉ်

မြောက်ကိုရီးယားကမူ ၎င်း၏ နျူကလီးယား လက်နက်များနှင့် ပဲ့ထိန်းဒုံးကျည်များသည် အမေရိကန်နှင့် မဟာမိတ်များ၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ထိုလက်နက်များသည် နိုင်ငံ့အင်အားနှင့် အမျိုးသားရေး ဂုဏ်သိက္ခာကို မြင့်တက်စေသည့် အကြောင်းရင်း တစ်ခု ဖြစ်သည်ဟုလည်း မြောက်ကိုရီးယားက မကြာခဏ ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ ပြည်သူ့လွှတ်တော်ချုပ် (SPA) သည် အောက်တိုဘာ ၇ ရက်တွင် အစည်းအဝေးသစ်တစ်ခု ပြုလုပ်မည်ဖြစ်သည်။

ထိုအစည်းအဝေးအတွင်း တောင်ကိုရီးယားနှင့် ပိုင်းခြားထားသည့် နယ်စပ်အသစ်များကို ရေးဆွဲရန် အစီအစဉ် များကို အကောင်အထည်ဖော်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖွယ်ရှိကြောင်း လီက ပြောကြားခဲ့သည်။

Source: Reuters