CNI International News

ဆိုးလ်၊ စက်တင်ဘာ ၁၄

မြောက်ကိုရီးယားနိုင်ငံသည် လက်နက်ထုတ်လုပ်နိုင်သည့် ယူရေနီယံများ ထုတ်လုပ်သော လျှို့ဝှက်စက်ရုံတစ်ရုံ၏ ရှားပါးဓာတ်ပုံများကို စက်တင်ဘာ ၁၃ ရက်က ထုတ်ပြန်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) ထိုယူရေနီယံစက်ရုံသို့ သွားရောက် စစ်ဆေးကြည့်ရှု ခဲ့ပြီး နျူကလီးယား လက်နက်များကို တိုးမြှင့်ထုတ်လုပ်ရန် တိုက်တွန်းသည်။

ထို့နောက် ခရီးစဉ်တွင် ဓာတ်ပုံများကို နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ယူရေနီယံစက်ရုံသည် မြောက်ကိုရီးယား၏ အဓိက ယွန်ဗြောင် (Yongbyon) နျူကလီးယားစက်ရုံဝင်း အတွင်း တည်ရှိခြင်း ရှိ/မရှိကိုမူ အသေးစိတ် မသိရသေးပေ။

မြောက်ကိုရီးယားသည် ၂၀၁၀ ပြည့်နှစ်က ယွန်ဗြောင် နျူကလီးယားစက်ရုံဝင်း အတွင်းသို့ အမေရိကန် ကျွမ်းကျင် သူများ လာရောက်လေ့လာသည့် အချိန်က ၎င်း၏ ယူရေနီယံ ထုတ်လုပ်ရေး စက်ရုံတစ်ရုံကို ပထမဆုံးအကြိမ် ပြသခဲ့ဖူးသည်။

ယူရေနီယံစက်ရုံကို သွားစစ်ဆေးနေတဲ့ ကင်မ်ကို တွေ့ရစဉ်

ယခုနောက်ဆုံးအကြိမ် ယူရေနီယံစက်ရုံကို ထုတ်ဖော်ပြသခြင်းသည် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များကို ဖိအားများတိုးမြှင့်ရန် အားထုတ်ကြိုးပမ်းမှု ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

နျူကလီးယား လက်နက်များ ထုတ်လုပ်ရေးဌာနနှင့် ယူရေနီယံများ ထုတ်လုပ်သည့် စက်ရုံသို့ သွားရောက် လေ့လာကြည့်ရှုသည့် ခရီးစဉ်အတွင်း ကင်မ်က နိုင်ငံ၏ နျူကလီးယားကဏ္ဍတွင် နည်းဗျူဟာမြောက် အင်အားကို မြှင့်တင်ရန် ထပ်တလဲလဲ တိုက်တွန်းခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

ကင်မ်သည် ယူရေနီယံစက်ရုံ၏ ထိန်းချုပ်ခန်းနှင့် နျူကလီးယား လက်နက်များ ထုတ်လုပ်ရန်အတွက် နေရာ ချဲ့ထွင်ရန် တည်ဆောက်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို လှည့်လည် ကြည့်ရှုခဲ့သည်ဟု  KCNA က ဖော်ပြခဲ့သည်။

ယူရေနီယံစက်ရုံကို သွားစစ်ဆေးနေတဲ့ ကင်မ်ကို တွေ့ရစဉ်

နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည့် ဓာတ်ပုံများထဲတွင် ယူရေနီယံ ထုတ်လုပ်ရေးစက်ရုံ၏ စက်ပစ္စည်းများ တန်းစီ ထားသည့် အလယ်တွင် ကင်မ်သည် သိပ္ပံပညာရှင်များ၏ တင်ပြချက်များကို နားထောင်ရင်း လမ်းလျှောက်နေပုံ များ ပါဝင်သည်။

အမေရိကန် ဦးဆောင်သည့် အင်အားစုများသည် မြောက်ကိုရီးယား ဆန့်ကျင်သည့် နျူကလီးယားခြိမ်းခြောက် မှုများကို ပြုလုပ်နေ၍ မိမိတို့အနေဖြင့် ပိုမိုကောင်းမွန်သည့် ကာကွယ်ရေးနှင့် ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက် နိုင်စွမ်းကို မြှင့်တင်ရန် လိုအပ်ကြောင်း ကင်မ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနကမူ မြောက်ကိုရီးယား၏ နျူကလီးယား စွမ်းဆောင် ရည်များ အရှိန်မြှင့်တင်နေမှုကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး မြောက်ကိုရီးယားသည် ကုလသမဂ္ဂ၏ ပြဋ္ဌာန်းချက်များ အား ချိုးဖောက်ကာ နျူကလီးယား လက်နက်များကို တရားမဝင် ထုတ်လုပ်နေသည်ဟု ထုတ်ပြန်ခဲ့သည်။

Source: အေပီ