CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၁၆

ယူကရိန်းအနေဖြင့် အနောက်နိုင်ငံလုပ် လက်နက်များအားအသုံးပြုပြီး ရုရှား၏ နယ်နိမိတ်အတွင်းပိုင်းကို နက်ရှိုင်း စွာ တိုက်ခိုက်ရန် ကောင်းမွန်သည့် စစ်ရေးအကြောင်းပြချက် ရှိလိမ့်မည်ဟု နေတိုးထိပ်သီး အရာရှိတစ်ဦးက ပြော ကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ယူကရိန်း၏ မဟာမိတ်များက ၎င်းတို့ ထောက်ပံ့ပေးထားသည့် လက်နက်များကို အသုံးပြုပြီး ရုရှားကို တိုက်ခိုက် လိုသော ယူကရိန်း၏ အစီအစဉ်ကို ခွင့်ပြုရန် သင့်/မသင့် ဆွေးနွေးနေချိန်တွင် စက်တင်ဘာ ၁၃ ရက်က ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden ) တို့သည် အိမ်ဖြူတော်၌ တွေ့ဆုံခဲ့ကြသည်။

ရုရှားသမ္မတ ပူတင် (Vladimir Putin) ကမူ အနောက်နိုင်ငံများအနေဖြင့် ၎င်းတို့ ထောက်ပံ့ထားသည့် တာဝေးပစ် ဒုံးကျည်များဖြင့် ရုရှားကို တိုက်ခိုက်ရန် ယူကရိန်းအား ခွင့်ပြုပေးမည်ဆိုပါက အနောက်နိုင်ငံများသည် ရုရှားအား တိုက်ရိုက်တိုက်ခိုက်မှု ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။

ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတာမာနဲ့ အမေရိကန်သမ္မတ ဘိုင်ဒန်ကို တွေ့ရစဉ်

ချက်သမ္မတနိုင်ငံ ပရာဟာ (Prague) မြို့တော်တွင် ပြုလုပ်သည့် နေတိုးအဖွဲ့၏ အမြင့်ဆုံး စစ်ရေးအာဏာပိုင်အဖွဲ့ ဖြစ်သည့် စစ်ဘက်ဆိုင်ရာကော်မတီ အစည်းအဝေး၌ ကော်မတီဥက္ကဋ္ဌဖြစ်သည့် နယ်သာလန်ရေတပ်ဗိုလ်ချုပ်ကြီး ရော့ဘ် ဘောင်ဝါ (Rob Bauer)က လက်နက်ကိုင်ပဋိပက္ခများ၏ ဥပဒေအရ နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိကိုယ် ကိုယ် ကာကွယ်ခွင့်ရှိပြီး ထိုကာကွယ်ပိုင်ခွင့်သည် နယ်စပ်ဒေသအထိသာ မဟုတ်ဘဲ နယ်စပ်ဒေသကို ကျော်လွန် လွှမ်းခြုံကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် လက်နက်ထောက်ပံ့ပေးသည့် နိုင်ငံများအနေဖြင့်လည်း ထိုလက်နက်များကို အသုံးပြုခွင့်ပေးရာတွင် တားမြစ်ကန့်သတ်မှုများ ချမှတ်ပိုင်ခွင့်ရှိသည်ဟုလည်း ဘောင်ဝါက ပြောကြားခဲ့သည်။

"စစ်ရေး သဘောတရားတွေအရ ပြောရမယ်ဆိုရင် သင်ဟာ သင့်ကို တိုက်ခိုက်နေတဲ့ ရန်သူကို အားနည်းစေချင်တဲ့ အတွက် သင့်ရန်သူရဲ့ နယ်မြေကို ပြန်တိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ခံစစ်နဲ့ ထိုးစစ်ကို တစ်ချိန်တည်း လုပ်ဆောင် တာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

 ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်

"အဲဒါကြောင့် စစ်ရေး သဘောတရားအရဆိုရင် ရန်သူကို အားနည်းသွားစေဖို့၊ ရန်သူတွေရဲ့ ထောက်ပို့လမ်း ကြောင်း၊ လောင်စာ၊ လက်နက်ခဲယမ်းတွေ ရှေ့တန်းကို မရောက်စေဖို့အတွက် ရန်သူ့နယ်မြေကို တိုက်ခိုက်တာ ဟာ ကောင်းမွန်တဲ့ အကြောင်းပြချက် ဖြစ်ပါတယ်"ဟု ဘောင်ဝါက ပြောသည်။

အခြားတစ်ဖက်တွင်လည်း လက်နက်ထောက်ပံ့သည့် နိုင်ငံများအနေဖြင့် ၎င်းတို့ ထောက်ပံ့လိုက်သည့် လက်နက် များ၏ သက်ရောက်မှုအတွက် တာဝန်ရှိမည်ဖြစ်ပြီး ထိုအကြောင်းအရာကို နိုင်ငံရေးအရ ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) ကမူ အမေရိကန်၏ တာဝေးပစ် ATACMS လက်နက် စနစ်၊ ဗြိတိန်၏ Storm Shadows ဒုံးကျည်များ အပါအဝင် အနောက်နိုင်ငံလုပ် လက်နက်များကို အသုံးပြုပြီး ရုရှား၏ နယ်နိမိတ်အတွင်းပိုင်းအထိ နက်ရှိုင်းစွာ ပစ်မှတ်ထား တိုက်ခိုက်ခွင့်ပြုရန် အနောက်နိုင်ငံများကို တိုက်တွန်း လျက်ရှိသည်။

Source: ရိုက်တာ