CNI International News

တိုကျို၊ စက်တင်ဘာ ၁၆

ဂျပန်၏ ပထမဆုံး ဝီဂါ (Uyghur) မွတ်ဆလင် သွေးနှော လွှတ်တော်အမတ် အာဖီယာ အီရိ (Arfiya Eri) က တရုတ်၏ လူ့အခွင့်အရေး မှတ်တမ်းနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံအနေဖြင့် သဘောထား တင်းမာစွာပြသရန် တိုက်တွန်းခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ထို့ပြင် အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ မြင့်တက်လာသည့် စစ်ရေးလှုပ်ရှားမှုများကို တုန့်ပြန်ရာတွင်လည်း ကာကွယ်ရေး ရပ်တည်ချက်ကို ပိုမိုခိုင်မာစွာထားရှိရန် အီရိက တိုက်တွန်းခဲ့သည်။

ဂျပန်တွင် မွေးဖွားခဲ့သည့် အီရိ၏ ဖခင်မှာ ဝီဂါလူမျိုးဖြစ်ပြီး မိခင်မှာ ဥဇဘတ်လူမျိုးဖြစ်ကာ ၂၀၂၃ ခုနှစ်တွင် ဂျပန် အောက်လွှတ်တော်၌ တိုကျိုမြို့တော် အပြင်ဘက်ရှိ ခရိုင်တစ်ခုကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် မခံရချိန်က အီရိသည် တရုတ်နှင့် အမေရိကန် အပါအဝင် ပြည်ပနိုင်ငံများတွင် ပညာသင်ကြားခဲ့ဖူးပြီး ဂျပန်ဗဟိုဘဏ်နှင့် ကုလသမဂ္ဂတို့တွင် တာဝန်ထမ်းဆောင် ခဲ့ဖူးသူဖြစ်သည်။

ဂျပန်လွှတ်တော်အမတ် အာဖီယာ အီရိကို တွေ့ရစဉ်

မကြာသေးမီက ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီ (Sydney) မြို့တွင် Nikkei Asia သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် အီရိက တရုတ်၏ အနောက်မြောက်ဘက် ရှင်ကျန်း (Xinjiang) ဒေသ၌  တရုတ် အာဏာပိုင်များ၏ ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဂျပန်အနေဖြင့် ပြင်းထန်စွာ တုန့်ပြန်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်သည် အနောက်နိုင်ငံများကဲ့သို့ ရှင်ကျန်းဒေသတွင် လူမျိုးသုဉ်းသတ်ဖြတ်မှု သို့မဟုတ် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများ ရှိနေသည်ဟု ပြောကြားခဲ့ခြင်း မရှိကြောင်း အီရိက ထောက်ပြသည်။

ထို့ကြောင့် ရှင်ကျန်းဒေသ အရေးနှင့်ပတ်သက်ပြီး ဂျပန်လွှတ်တော်၏ အားတက်သရော မဟုတ်သည့် တုန့်ပြန်မှုကို စိတ်ပျက်မိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ဂျပန် အပါအဝင် တရုတ်နှင့် စီးပွားရေး ကုန်သွယ်ရေးဆက်ဆံမှုများ ရှိနေသည့် နိုင်ငံအများစုသည် တရုတ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်ပြီး ဝန်ခံရန် ခက်ခဲနေကြသည်ဟုလည်း အီရိက ပြောကြားခဲ့သည်။

တရုတ်အစိုးရကမူ ရှင်ကျန်းဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဆိုသည့် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။

Source: Nikkei Asia