CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၁၆

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra )  အစိုးရအဖွဲ့၏ နိုင်ငံကို စီမံအုပ်ချုပ်နိုင်စွမ်း နှင့်ပတ်သက်ပြီး လူထုအများစုက ယုံကြည်ချက် သိပ်မရှိကြကြောင်း စစ်တပ်တစ်ခုတွင် ဖော်ပြထားသည်ဟု The Nation မှ ဖော်ပြခဲ့သည်။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျု (NIDA) က စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သည့် စစ်တမ်းတစ်ခု၌ ဝန်ကြီးချုပ် ပေတုန်တန် အစိုးရအဖွဲ့နှင့်သက်ဆိုင်သည့် မေးခွန်းအချို့နှင့် ဖြေကြားချက် ရလဒ်အချို့ကို ဖော်ပြ ထားသည်။

နိုင်ငံ၏ ပြဿနာများကို ဖြေရှင်းရန် ဝန်ကြီးချုပ် ပေတုန်တန်၏ စွမ်းဆောင်ရည်များအပေါ် ယုံကြည်မှု ရှိ/မရှိ ဆိုသည့် မေးခွန်းကို ပါဝင်ဖြေဆိုသူ စုစုပေါင်းအနက် ၃၅ ဒသမ ၄၂ ရာခိုင်နှုန်းက ယုံကြည်မှု သိပ်မရှိကြောင်း ဖြေကြားခဲ့သည်။

ပေတုန်တန်နဲ့ ထောက်ခံသူများကိုတွေ့ရစဉ်

ထို့ပြင် ၂၈ ဒသမ ၁၇ ရာခိုင်နှုန်းက အနည်းငယ် ယုံကြည်မှုရှိကြောင်း၊ ၂၂ ဒသမ ၅၂ ရာခိုင်နှုန်းက ယုံကြည်မှု လုံးဝ မရှိကြောင်း၊ ၁၃ ဒသမ ၁၃ ရာခိုင်နှုန်းက အလွန်ယုံကြည်ကြောင်းနှင့် ၀ ဒသမ ၇၆ ရာခိုင်နှုန်းက အဖြေမပေး ကြောင်း သို့မဟုတ် စိတ်မဝင်စားကြောင်း ဖြေဆိုခဲ့ကြသည်။

ပေတုန်တန်၏ အစိုးရအဖွဲ့နှင့်ပတ်သက်ပြီး လူထု၏ စိုးရိမ်မှုများကို မေးမြန်းရာတွင် ၃၆ ဒသမ ၀၃ ရခိုင်နှုန်းက ပေတုန်တန်အစိုးရအဖွဲ့သည် ၎င်းတို့၏ ကတိကဝတ်များကို အကောင်အထည် ဖော်နိုင်လိမ့်မည်မထင်ကြောင်း ဖြေကြားခဲ့သည်။

ထို့ပြင် ၃၂ ဒသမ ၁၄ ရာခိုင်နှုန်းက ပေတုန်တန်၏ အသက်အရွယ်နှင့် နိုင်ငံရေး-အုပ်ချုပ်ရေး အတွေ့အကြုံ နည်းပါးမှုတို့ကြောင့် ဆုံးဖြတ်ချက်ချရာတွင် မပြတ်သားခြင်း၊ သက်ဆင်(Thaksin Shinawatra) ၏ လွှမ်းမိုးမှုကို ခံရနိုင်ကြောင်း၊ ၂၄ ဒသမ ၈၉ ရာခိုင်နှုန်းက အကျင့်ပျက်ခြစားမှု ဖြစ်ပွားလာမည့် အခြေအနေအတွက် စိုးရိမ် ကြောင်း၊ ၁၈ ဒသမ ၈၅ ရာခိုင်နှုန်းက သက်ဆင် ဆန့်ကျင်သည့် အုပ်စုများက ပေတုန်တန်အစိုးရအဖွဲ့ကို ဖြုတ်ချ ရန် ကြိုးပမ်းမည့်အရေးကို စိုးရိမ်ကြောင်း ဖြေကြားခဲ့ကြသည်။

ပေတုန်တန်ကို တွေ့ရစဉ်

ပေတုန်တန်၏ လက်ထက်အတွင်း သက်ဆင်ကြောင့် ဖြူးထိုင်းပါတီ၏ နိုင်ငံရေး ထင်ပေါ်ကျော်ကြားမှုကို ထိခိုက် မှု ရှိနိုင်/မရှိနိုင် မေးမြန်းချိန်တွင် ၄၀ ဒသမ ၂၃ ရာခိုင်နှုန်းက သက်ဆင်သည် ဖြူးထိုင်းပါတီ၏ နိုင်ငံရေးထင်ပေါ် ကျော်ကြားမှုကို အပျက်သဘောဆောင်သည့်ဘက်မှ သက်ရောက်လိမ့်မည်ဟု ယုံကြည်ကြောင်း ဖြေကြားခဲ့သည်။

ထို့ပြင် ၃၃ ဒသမ ၂၉ ရာခိုင်နှုန်းက သက်ဆင်သည် ဖြူးထိုင်းပါတီ၏ နိုင်ငံရေး ရပ်တည်ချက်ကို မထိခိုက်နိုင် ကြောင်း၊ ၂၂ ဒသမ ၂၁ ရာခိုင်နှုန်းက သက်ဆင်သည် ဖြူးထိုင်းပါတီ၏ နိုင်ငံရေးထင်ပေါ် ကျော်ကြားမှုအပေါ် အကောင်းဘက်မှ သက်ရောက်စေနိုင်ကြောင်း၊ ၄ ဒသမ ၂၇ ရာခိုင်နှုန်းက ထိုမေးခွန်းကို မဖြေကြားခြင်း သို့မဟုတ် စိတ်မဝင်စားကြောင်း ဖြေကြားခဲ့ကြသည်။

Source: The Nation