CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၁၂

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ဦးဆောင်သည့် ဖြူးထိုင်းပါတီ၏ အနာဂတ်အပေါ် မေးခွန်းများ ထွက်ပေါ်နေမှုနှင့်အတူ ထိုင်းနိုင်ငံရေး အခြေအနေသည် ရှုပ်ထွေးလာခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

လေ့လာသုံးသပ်သူများကမူ ထိုင်းနိုင်ငံရေးအခြေအနေကို ၁၉၉၂ ခုနှစ်က ထွက်ရှိခဲ့သည့် Reservoir Dogs အမည်ရှိ ဂန္ထဝင်ရုပ်ရှင်ကားဖြင့် နှိုင်းယှဉ်ပြောဆိုနေကြသည်။

ထိုရုပ်ရှင်၏ နောက်ဆုံး ဇာတ်သိမ်းခန်းတွင် အဓိကဇာတ်ဆောင်များသည် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကင်းမဲ့ပြီး အချင်းချင်း သစ္စာဖောက်သည်ဟု ထင်လာကြကာ အပြန်အလှန်ပစ်ခတ်ပြီး သေဆုံးသွားခဲ့သည်။

ထိုဇာတ်ကောင်များသည် ဖြူးထိုင်းပါတီနှင့် တူနေပြီး ဖြူးထိုင်းပါတီသည် ကွန်ဆာဗေးတစ် မဟာမိတ်များနှင့် ပြည်သူ့ပါတီကို ယုံကြည်မှုမရှိဘဲ တွန့်ဆုတ်နေသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ထို့ပြင် ပြည်သူ့ပါတီနှင့် အခြားနိုင်ငံရေးပါတီများကလည်း တစ်ဖက်နှင့်တစ်ဖက် ယုံကြည်ခြင်း မရှိကြသော်လည်း အကွက်ရွှေ့မှားပါက အစားခံရမည့် စစ်တုရင်ကစားပွဲကဲ့သို့ ဖြစ်နေကြောင်း ပါတီတိုင်းက နားလည်ထားကြသည်။

ပြည်သူ့ပါတီခေါင်းဆောင်များကို တွေ့ရစဉ်

ဖြူးထိုင်းပါတီသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ၏ လောင်းရိပ်အောက်တွင် ရှိနေကြောင်း စောဒကတက်မှုများနှင့်အတူ ပါတီကို စုံစမ်းစစ်ဆေးရန် တိုင်ကြားချက်များရှိခဲ့သည်။

ပြည်သူ့ပါတီကမူ ၎င်းတို့အနေဖြင့် ဖြူးထိုင်းပါတီ၏ အရေးကိစ္စကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း၊ ဖြူးထိုင်းပါတီအနေဖြင့် ကိုယ့်ပါတီပြဿနာကို ကိုယ်တိုင်ဖြေရှင်းရန်နှင့် မိမိတို့က ကူညီသွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

 ထိုင်း၏ သက်တမ်းရင့် နိုင်ငံရေးပါတီဖြစ်သည့် Palang Pracharath ပါတီ အတွင်းရေးမှူးချုပ် ပိုင်ဘွန်း နီတိတဝမ် (Paiboon Nititawan) ကလည်း ၎င်းတို့ပါတီသည် ဖြူးထိုင်းပါတီကို တိုင်ကြားမှုများနှင့်ပတ်သက်ပြီး ကြားဝင်စွက်ဖက်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် နိုင်ငံရေးလေ့လာသုံးသပ်သူများကမူ ထိုင်းနိုင်ငံရေးပါတီများ၏ အခြေအနေကို Reservoir Dogs ရုပ်ရှင်နှင့် နှိုင်းယှဉ်ခဲ့ကြပြီး ရုပ်ရှင်ထဲကကဲ့သို့ မယုံကြည်မှု၊ သစ္စာဖောက်မှု အစရှိသည့် အခြေအနေများလည်း ဖြစ်ပွားလာနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့ကြသည်။

Source: Thai PBS World