CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၁၄

ထိုင်းနိုင်ငံ၏ ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး တာဝန်များကို ရယူထားသည့် ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) သည် ဥပဒေအရ စစ်မှုထမ်းရသူများနှင့် ရာထူးနိမ့် စစ်သားများကို ကာကွယ်ဖို့ ဥပဒေသစ် ပြင်ဆင်ရေးဆွဲမှုများ ပြုလုပ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ဥပဒေအပြောင်းအလဲအရ စစ်ရေးတာဝန်များ ပေါ့ဆမှုကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်သည့် အထက်ပိုင်းမှ တပ်မှူးများကို အရေးယူမည့် တရားရေး လုပ်ထုံးလုပ်နည်းများကို ပိုမိုတင်းကျပ်သွားမည်ဖြစ်သည်။

အောက်တိုဘာ ၁၁ ရက်က ပြုလုပ်ခဲ့သည့် ကာကွယ်ရေးကောင်စီ အစည်းအဝေးအပြီးတွင် မစ္စတာဖွမ်သမ်သည် အွန်လိုင်းပေါ်မှ တပ်သားသစ် စုဆောင်းမှု မူဘောင်တစ်ခုကို ပြောကြားခဲ့သည်။

ထိုမူဘောင်တွင် တပ်သားသစ်များ၏  ကောင်းကျိုးချမ်းသာကို အာရုံစိုက်ဖော်ပြခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် သာနာသစ် ဆာဝမ်ဆန် (Thanathip Sawangsaeng) က ပြောကြားခဲ့သည်။

ထိုင်းဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဖွမ်သမ် ဝီချာယာချိုင်းကို တွေ့ရစဉ်

မကြာသေးမီက စစ်တပ်၏ လေ့ကျင့်မှုတစ်ခုအတွင်း တပ်သားတစ်ဦး ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် သေဆုံးခဲ့ သည့် ဖြစ်စဉ်ကို တုန့်ပြန်ဆောင်ရွက်သည့်အနေဖြင့် ထိုကဲ့သို့ အပြောင်းအလဲများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အသက် ၂၁ နှစ်အရွယ် တပ်သားတစ်ဦးဖြစ်သည့် သီရိဝတ် ဂျိုင်ဒီး (Siriwat Jaidee)သည် ဇူလိုင်လအတွင်းက ချောင်ဘူရီ (Chon Buri) ပြည်နယ်ရှိ ဆက်တာဟစ် ( Sattahip ) ရေတပ်စခန်းတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

ထိုတပ်သားသည် စစ်တပ်၏ သင်တန်းဆရာတစ်ဦး၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး သီရိဝတ်သည် သတိမေ့လဲမကျမချင်း နေပူထဲတွင် ပြေးရန် ဖိအားပေးခံခဲ့ရသည်ဟု ဆိုသည်။

သီရိဝတ်၏ သေဆုံးမှုအကြောင်းကို စုံစမ်းစစ်ဆေးရန် ၎င်း၏ ညီမဖြစ်သူက အောက်လွှတ်တော် စစ်ရေးကော်မတီ အား အသနားခံစာ တင်သွင်းပြီးနောက် ထိုဖြစ်စဉ်သည် ပြည်သူလူထုကြား ပျံ့နှံ့သွားခဲ့သည်။

ယခုနှစ်အတွင်း စစ်တပ်၏ ကြမ်းတမ်းစွာ ကိုင်တွယ်မှုများကြောင့် စစ်မှုထမ်းအဖြစ် စုဆောင်ခံရသူ ၅ ဦး သေဆုံးခဲ့ သည်။

မစ္စတာဖွမ်သမ်ကမူ စစ်တပ်၏ အုပ်ချုပ်ရေး ညံ့ဖျင်းမှုကြောင့် နစ်နာခဲ့ရသူများနှင့် ၎င်းတို့ မိသားစုများအတွက် နစ်နာကြေးများပေးမည်ဖြစ်ပြီး ထိုသို့ နစ်နာကြေးပေးမည့် အစီအစဉ်အတွက် စစ်တပ်၏ တပ်မှူးများနှင့် ဆွေးနွေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်