CNI International News

ဘန်ကောက်၊ ဒီဇင်ဘာ ၁၁

စစ်တပ်၏ အာဏာသိမ်းနိုင်စွမ်းကို လျှော့ချရန်အတွက် ရည်ရွယ်ရေးဆွဲထားသည့် အာဏာရ ဖြူးထိုင်းပါတီမှ တင်သွင်းသော ကာကွယ်ရေးဝန်ကြီးဌာန အုပ်ချုပ်ရေးအက်ဥပဒေမူကြမ်းကို အတည်ပြုရန် Bhumjaithai ပါတီက ကန့်ကွက်ခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုဥပဒေမူကြမ်းသည် အာဏာသိမ်းမှုကို တားမြစ်နိုင်လိမ့်မည်ဟု မထင်ကြောင်းနှင့် နိုင်ငံရေးသမားများအနေဖြင့် စစ်တပ်ကို အတင်းအကျပ် ဖိအားပေးခြင်းမပြုလုပ်ရန် Bhumjaithai ပါတီခေါင်းဆောင် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) က ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

"အာဏာသိမ်းဖို့အတွက် အကြာင်းပြချက် နည်းနည်းပဲ ရှိပါတယ်။ အဲဒီလို အခြေအနေမျိုးကို နိုင်ငံရေးသမားတွေ က တားဆီးဖို့ နည်းတွေအများကြီးရှိပါတယ်။ အာဏာသိမ်းရမယ့် အခြေအနေကို မဖန်တီးရင် အာဏာသိမ်းမှု လည်း ဖြစ်လာမှာ မဟုတ်ပါဘူး" ဟု ပြည်ထဲရေးဝန်ကြီးဖြစ်သည့် မစ္စတာ အနူတင်က ပြောကြားခဲ့သည်။

Bhumjaithai ပါတီခေါင်းဆောင် အနူတင် ချန်ဗီရာကူလ်ကို တွေ့ရစဉ်

"ဒီဥပဒေမူကြမ်းကို ပြဋ္ဌာန်းခဲ့မယ်ဆိုရင်တောင် အာဏာသိမ်းမှု ဖြစ်ပွားနိုင်ပါတယ်။ ပထမသိထားရမှာက အာဏာ သိမ်းမယ့်သူတွေဟာ အရင်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်မှာဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးသမား အားလုံးအနေဖြင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ရိုးသားစွာနှင့် ဂုဏ်သိက္ခာရှိစွာ ထမ်းဆောင် သင့်ကြောင်း၊ သဘောထား ကွဲလွဲမှုများဖြစ်အောင် မလုပ်ဆောင်သင့်ကြောင်းလည်း အနူတင်က ပြောကြားခဲ့ သည်။

ညွန့်ပေါင်းအစိုးရအဖွဲ့ထဲတွင် ပါဝင်သည့် Bhumjaithai အနေဖြင့် ထိုဥပဒေမူကြမ်းကို အတည်ပြုရေးအတွက် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မည်ဆိုပါက မဲပေးမည် မဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။

"၁၉၉၁ ခုနှစ်ကစပြီး အာဏာသိမ်းမှုတွေ အများအပြားကို ကျနော် ကြုံခဲ့ရဖူးပါတယ်။ အာဏာသိမ်းရမယ့် အခြေအနေတွေကို မဖန်တီးဘူးဆိုရင် အာဏာသိမ်းမှုလည်း ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး" ဟု အနူတင်က ပြောသည်။

ကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်းကို တွေ့ရစဉ်

ကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechaiyachai) သည် ဒီဇင်ဘာ ၉ ရက်က ထိုဥပဒေ မူကြမ်းနှင့်ပတ်သက်ပြီး ဝေဖန်မှုများကို ကာကွယ်ပြောဆိုခဲ့သည်။

ထိုဥပဒေမူကြမ်းသည် အစိုးရအဖွဲ့နှင့် စစ်တပ်အကြား ပဋိပက္ခဖြစ်စေရန်နှင့် စစ်တပ်၏ လုပ်ပိုင်ခွင့်ကို လျှော့ချရန် ရည်ရွယ်ခြင်း မဟုတ်ကြောင်း မစ္စတာဖွမ်သမ်က ပြောကြားခဲ့သည်။

လက်ရှိတွင် အစိုးရအဖွဲ့က ထိုဥပဒေမူကြမ်းကို ဂရုတစိုက် စိစစ်လေ့လာနေပြီး လွှတ်တော်သို့တင်ရန် သင့်/မသင့် ကို စဉ်းစားနေကြောင်းလည်း ဖွမ်သမ်က ပြောကြာခဲ့သည်။

Source: ဘန်ကောက်ပို့စ်